Wednesday, 1 February 2017

သူတို့ဆီက ၁၁၅ မိုင်

nternational Science, Technology and Innovation Centre for South-South Cooperation under the Auspices of UNESCO ၊  Malaysian Highway Authority (MHA),Construction Industry Development Board Malaysia (CIDB) ၊ Institution of Engineers, Malaysia (IEM) နဲ့  Master Builders Association Malaysia (MBAM) တို့ပူးပေါင်းပြီး စီစဉ်ဖွင့်လှစ်တဲ့  Maintenance of Infrastructure သင်တန်းကို  မတ်လ ၃၀ ရက်ကနေ ဧပြီလ ၂ ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အခြားအာစီယံနိုင်ငံများက ကိုယ်စားလှယ် အင်ဂျင်နီယာများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ အင်ဂျင်နီယာ ၃ ဦးနဲ့အတူ တက်ခဲ့ပါတယ်။   သင်တန်းကာလမှာ technical visit လေ့လာရေးခရီးများအဖြစ် သွားရတဲ့နေရာတွေထဲမှာ ဒုတိယနေ့မှာ သွားရောက်လေ့လာရတဲ့နေရာက ကျွန်မတို့ဆီက ၁၁၅ မိုင်လိုမျိုး အဝေးပြေးယာဉ်၊ ခရီးသည် ရပ်နားစခန်း Rest and Service Area (RSA Dengkil North Bound) ဆိုတဲ့နေရာပါ။ခရီးသည်များ နားနေ အဆင်ပြေစေရန် ယာဉ်ရပ်နားနေရာ၊ စားသောက်ဆိုင်များ၊ အိမ်သာ၊ အများသုံးတယ်လီဖုန်း၊  convenience store ၊ အမျိုးသား ၊ အမျိုးသမီး ဘုရားဝတ်ပြုရန်နေရာ surau (prayer room) ၊ ATM ငွေထုတ်စက်၊ ဆေးလိပ်သောက်သူများအတွက် စားသောက်ဆိုင်တန်းအပြင်ဘက် နားနေရာနေရာ စသည်တို့ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ အိမ်သာများမှာလည်း သန့်ရှင်းပြီး အနံ့အသက် မရှိပါဘူး။ ဘယ်လို  Chemical တွေ သုံးသလဲလို့ ကျွန်မ မေးကြည့်တော့ သူတို့ ကိုယ်တိုင် ဖျော်စပ်တဲ့ ဓာတုဆေးများ သုံးတယ်လို့ သိရပြီး ဓာတုဆေး ဖျော်စပ်ပုံကိုပါ လေ့လာခဲ့ရပါတယ်။  မတော်တဆမှု ဖြစ်လျှင် ချက်ချင်း ရေဆေး ရေချိုးလို့ ရနိုင်တဲ့ Basin ၊ ရှေးဦးသူနာပြုစု ဆေးသေတ္တာတွေ စနစ်တကျ ထားရှိထားပြီး အလှည့်ကျတာဝန်ကျသူများ ဂျုတီချိန် အပြောင်းအလဲမှာ အလွယ်တကူ သိရှိနိုင်စေဖို့ logbook  စာအုပ်များ ထားရှိပြီး တာဝန်ကျသူ တစ်ဦးနဲ့တစ်ဦး အကြား သတင်းအချက်အလက် လက်လွတ်သွားခြင်းမျိုး မဖြစ်နိုင်အောင် စီစဉ်ထားရှိပါတယ်။စားသောက်ဆိုင်တန်းများမှာ အစားအစာရောင်းသည့်ဆိုင်၊ အအေး အချိုရည်ဆိုင် တို့ကို တစ်ဆိုင်ခြားစီ ဖွင့်ထားတာကြောင့် စားသုံးသူ ခရီးသည်များအတွက် အဆင်ပြေလှပါတယ်။ လက်ဆေးကန်မှာလည်း ဆပ်ပြာရည် ၊ လက်သုတ်ပုဝါတို့ကို ပြည့်ပြည့်စုံစုံ ထားရှိပေးပြီး လက်ဆေးနည်း ရုပ်ပုံ ကားချပ်များကိုလည်း လက်ဆေးကန်နံရံမှာ ကပ်ထားပါတယ်။ အသား ငါး အသီးအရွက်များ ဆေးရန် basin ကိုလည်း သန့်ရှင်းအောင် ထားတာတွေ့ရပါတယ်။ ဆိုင်များအတွက် ပန်းကန်များ အိုးခွက်များ ဆေးရန် ပန်းကန်ဆေးကန်များ ထားရှိတဲ့ အခန်းကျယ်ကိုလည်း တွေ့ခဲ့ရပါတယ်။ စားဖိုမှုးတစ်ယောက်ကို ကျွန်မက နောက်ပြောင်ပြီး ညစ်ပတ်ရင် ဘယ်လိုလုပ်မလဲလို့ မေးကြည့်ပါတယ်။  ကျွန်တော်တို့ သန့်ရှင်းမှု မရှိရင် ညစ်ပတ်ရင် စားသုံးသူက ကျွန်တော်တို့ဆီကို နောက်တစ်ခေါက် မလာတော့ပါဘူး...ကျွန်တော်တို့က ဒီစားသုံးသူ ကျွန်တော်တို့ဆီကို လာတယ်ဆိုရင် နောက်အခေါက်တိုင်းလည်း ကျွန်တော်ဆို့ဆီလာအောင် ဝန်ဆောင်မှု ပေးတာပါ..စစ်ဆေးရေးဝင်လို့ ကျွန်တော်တို့ဆိုင်က ညစ်ပတ်တယ်ဆိုရင် ကျွန်တော်တို့ ဆိုင် ပိတ်လိုက်ရမှာပါ တဲ့။စားသောက်ဆိုင်တန်းကို တစ်လလျှင် တစ်ရက် တစ်နေကုန် ပိတ်ပြီးတော့ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ပါတယ်လို့လည်း သိရပါတယ်။သန့်ရှင်းပြီး စနစ်တကျရှိတဲ့ နားနေခရီးသည်တွေအတွက်ရော ယာဉ်မောင်းတွေအတွက်ပါ အဆင်ပြေစေတဲ့ ခရီးသည်ယာဉ်ရပ်နားစခန်းမှာ စိတ်ချမ်းသာစွာနဲ့ စားသောက်သုံးဆောင် နားနေခဲ့ရပါတယ်။အဓိက ကတော့ စီမံခန့်ခွဲမှုနဲ့ စည်းကမ်းနဲ့ ဘက်လိုက်မှု အဂတိကင်းမှုပါပဲ။

How to write a technical paper ...

ရန်ကုန်ကို ရောက်တုန်းခိုက်လေးမှာ experiment ကိုအခြေခံတဲ့ PhD ဘွဲ့ယူစာတမ်း technical paper တချို့တွေကို ဖတ်ကြည့်ပေးဖို့ အကူညီအတောင်းလာလို့ ပြေးရင်းလွှားရင်းနဲ့ပဲ ဖတ်ကြည့်တဲ့အခါ ရေးချင်တာလေးတွေ ရှိလာပါတယ်။ academic writing ကို အစိုးရတက္ကသိုလ်တွေက သင်မပေးတာကို သိထားပြီးတဲ့အတွက် ဘယ်သူကိုမှ အပြစ်မတင်လိုပေမယ့် ကိုယ့်အတွက်ကတော့ ကိုယ့်ဘာကိုယ်ပဲ လုပ်မှ ရပါမယ်။ ကျောင်းက သင်မပေးလို့ မရေးတတ်ရတော့ဘူးဆိုရင် thesis ရေးတဲ့အခါမှာ technical paper တွေရေးတဲ့အခါမှာ ဒီဟာတွေကိုမှ မရေးဘူးဆိုရင်လည်း ဘွဲ့ရမှာ မဟုတ်တော့ဒုက္ခဖြစ်ဖို့ပဲ ရှိပါတယ်။ thesis ရေးတာက အခန်းလိုက် အခန်းလိုက်ပိုပြီး အသေးစိတ်ကျတာမို့ နောင် အချိန်အားမှ thesis ရေးပုံ ရေးနည်း ရေးပေးပါမယ်။ ခုလောလောဆယ်မှာတော့ technical paper ရေးနည်းကို ပြောပြချင်ပါတယ်။
Abstract မှာ citations (or) references တွေ မထည့်ရပါဘူး။ Abstract ကကိုယ်လုပ်ထားတဲ့ project ကို အတိုချုပ်ပြီး ခြုံငုံမိရပါမယ်။ ဘာကြောင့် project ကအရေးကြီးတယ်...ဘယ်လိုလူသားအကျိုးပြုတွေကြောင့် လုပ်ရတယ်... ဘာနည်းနဲ့ လုပ်ထားတယ်...ဘာ software သုံးထားတယ်...hardware မှာဘာတွေပါတယ်...ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို လူပြိန်းနားလည်အောင် အတိုချုပ်ပြီး အရှင်းဆုံး ရေးရပါမယ်။

Keywords ဆိုတာ paper ထဲမှာ key ဖြစ်နေတဲ့ words တွေပါ။ author က ကိုယ့် paper ရဲ့ Keywords တွေက ဘာတွေလဲဆိုတာ နားလည်ရပါမယ်။ paper တစ်စောင်မှာ Keywords အနည်းဆုံး ၅ လုံး ပါရှိရပါမယ်။

Introduction (or) Literature Review က သမိုင်းကြောင်းကို ရေးရတာမျိုးပါ။ ဘာအတွက် ဘယ်ပညာရှင်တွေက ဘာတွေ လုပ်သွားကြတယ်...ပြီးခဲ့ပြီးသား research project တွေရဲ့ result တွေက ဘာတွေ လိုအပ်ချက်တွေ ရှိနေသးတယ်...ဘာတွေ မပြည့်စုံသေးဘူးလဲဆိုတဲ့ gap ကို ရေးပြရပါမယ်။ သူများတွေ လုပ်ထားခဲ့တဲ့ အလုပ်တွေဖြစ်လို့ references တွေ ထည့်ပေးရပါမယ်။ အဲဒီ ပြီးပြီးသား လုပ်ထာပြီးသား အလုပ်တွေရဲ့ gap တွေကို ကိုယ့် project က ဘယ်လိုဖြည့်ပေးမယ်...ကိုယ့်project ရဲ့နည်းပညာနဲ့ research method ကို ယေဘူယျအားဖြင့် ရှင်းပြပြီးဘာ့ကြောင့်လိုအပ်တယ်....ကိုယ့်project က ဘယ်လို အားသာချက်တွေ ရှိမယ် ဘယ်လိုအကျိုးပြုမယ် ဆိုတာကို ရေးပြရပါမယ်။
Research Methodology မှာ ကိုယ့် project ဘယ်လို လုပ်ထားတယ် ဘာနည်းပညာနဲ့လုပ်ထားတယ်...ပါ၀င် အသုံးပြုထားတဲ့အရာတွေနဲ့ သူတို့ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အသေးစိတ်ရေးပြရပါမယ်။ သုံးထားတဲ့ software ...အခြေခံပြီးတွက်ချက်တဲ့ formula/ equations ...ပြီးရင် ရလာတဲ့ outcomes/results တွေကို analyse လုပ်ရပါမယ်။ evaluation ပါရှိရပါမယ်။ သုံးထားတဲ့ ပစ္စည်းတွေရဲ့ datasheet တွေကို appendix နဲ့ ပြန်ညွှန်းထားတာတွေ၊ အသုံးပြုထားတဲ့ သီအိုရီတွေအတွက် references တွေ ပါရှိရပါမယ်။

Research Method နဲ့ Research Methodology ကို အနည်းငယ် ရှင်းပြလိုပါတယ်။
Research Method က ဘယ်လို နည်းပညာနဲ့ ဘာပစ္စည်းတွေနဲ့လုပ်ထားတယ်ဆိုတာ အသုံးပြုထားတဲ့ tools တွေ၊ experiment တွေ။ tests တွေ ၊techniques / processes တွေကို ရှင်းပြတာပါ။ဒီ Research ကို လူတွေကို အင်တာဗျုးပြီး လုပ်ထားတာလား...survey ကောက်ပြီး လုပ်ထားတာလား...experiment လုပ်ပြီး လုပ်ထားတာလားဆိုတဲ့ ကိုယ့် Research လုပ်ထားတဲ့ နည်းစနစ်ကို ရှင်းပြတာပါ။ Research Method က ပြဿနာကို ဖြေရှင်းတဲ့ solutionsပါ။

Research Methodology ဆိုတာက Research Method ကိုသုံးပြီး Research techniques မျိုးစုံနဲ့ ဘယ်လိုပြီးမြောက်အောင်မြင်သွားတယ်...ဘာတွေကို လေ့လာတွေ့ရှိတယ်...ဘာအသိပညာတွေ ထပ်တိုး ရရှိသွားတယ်...outcomes/results တွေကို analysis လုပ်တာတွေ ပါ၀င်ရပါမယ်။ Research Methodology က solutions တွေ ထွက်လာဖို့ ရလာဖို့ ဘာတွေ လုပ်မယ်...ဘာတွေကို အဆင့်ဆင့် လုပ်ဆောင်မယ်ဆိုတဲ့ procedures တွေ ပါ၀င်ပါတယ်။
Research Methodology အပိုင်းပြီးရင် ထွက်လာတဲ့ results တွေနဲ့ အဲဒါတွေကို ရှင်းလင်းပြဖို့ Result & Discussion အပိုင်းပါ။ အဲ့ဒီအပိုင်း ကိုယ့် project result ရဲ့ ပြီးပြည့်စုံမှု မရှိနိုင်တဲ့အတွက် limitations တွေပါကောင်းပါနိုင်ပါတယ်။ ကိုယ်တိုင် လုပ်ထားတဲ့အလုပ်တွေဖြစ်လို့ citations/references တွေ မလိုပါဘူး။
Conclusion အပိုင်းမှာ ပြီးမြောက်သွားတဲ့ကိုယ့် Research ကို ပြန်ပြီး judge လုပ်ရတာမျိုးပါ။ ကောင်းတာချီးမွန်းတာနဲ့အတူ အားနည်းချက်ကိုလည်း အနည်းငယ်ထည့်နိုင်ပါတယ်။ ဒီ Research ရဲ့ အောင်မြင်မှုကနေ result ကနေ ရှေ့ဆက်ပြီး ဘာတွေကို ထပ်ပြီး ဒီအပေါ်မှာ အခြေခံပြီး development တွေ လုပ်လို့ ရတယ်..ဆိုတာကို ရှင်းလင်းပြရတာပါ။ ဒီအပိုင်းမှာလည်း citations/references တွေ မလိုပါဘူး။

Grammar ကို Third Person...passive နဲ့ ရေးဖို့ တိုက်တွန်းလိုပါတယ်။

Acknowledgement ကတော့ ဒီ Research ပြီးမြောင်အောင်မြင်မှုအတွက် ကိုယ်ကျေးဇူးတင်ချင်တဲ့သူတွေကို ကျေးဇူးတင်တာ ထည့်လည်းရ ၊ မထည့်လည်းရပါတယ်။
No comments:

How to make an effective presentation/ steps to make an effective presentation.....

ကိုယ့်ထက် လုပ်တတ်တဲ့သူတွေ အများကြီးပါ...သိလွန်း တတ်လွန်းလို့ ဆရာလုပ်တယ်လို့ မယူဆစေလိုပါဘဲ presentation တွေမှာ best presentation award ဆုတစ်ခုခု ချိတ်တတ်သူတစ်ယောက်အနေနဲ့ရယ် power point presentation & public speaking ကိုကျောင်းသားတွေကိုသင်တဲ့ အတွေ့အကြုံနဲ့ရယ်၊ တစ်ခါခါ ရန်ကုန် ပြန်ရောက်ချိန် presentation တွေ ကြုံလို့ သွားနားထောင်တဲ့ခါ အားမလို အားမရ ဖြစ်တတ်ခဲ့တာကြောင့်presentation အတွက် ဘယ်လို ပြင်ဆင်လေ့ကျင့်မလဲဆိုတာ ရေးချင်လာလို့ပါ။တကယ်တန်း စာသင်ခန်းထဲမှာ အများကြီး သင်တာတွေကို အတိုချုပ်ပြီး ခု ရေးလိုက်တာမို့မပြည့်မစုံ သဘောမျိုး ဖြစ်သွားရင်လည်း ခွင့်လွှတ်ပါ။


အရင်ဆုံး power pointပြင်ဆင်တာကနေ စတာပေါ့။ power point ဆိုကတည်းက ရှင်းပါတယ်။ pointတစ်ခုစီတိုင်းမှာ power ရှိနေရတာပေါ့။

စာလုံး font point ကိုကြီးကြီးရေးပါ။ နောက်ဆုံးခုံတန်းမှာ ထိုင်တဲ့ ပရိသတ်တွေ ဖတ်လို့ ရနိုင်တဲ့အရွယ်အစား အသေးဆုံး point (၂၈) ပါ..အကြီးဆုံးကတော့ ( ၃၆ )ပါ။ ( ၂၈ ) ကနေ ( ၃၆ ) အတွင်း အရွယ်အစားက အကောင်းဆုံးဖြစ်ပါတယ်။


slide တစ်ခုမှာ( ၆ )လိုင်းထက် မပိုပါစေနှင့်။ အများဆုံး ( ၆ )လိုင်းသာ ရေးပါ။

တစ်လိုင်းမှာစကားလုံး (words) (၇) ခုထက် မပိုသင့်ပါဘူး။

နောက်ခံ background ရှုပ်နေတာတွေမသုံးသင့်ပါဘူး။ plain အရောင်ရင့်ရင့်က နက်ပြာရောင်ကကောင်းပါတယ်။

အထူးပြုသတိပြုစေလိုတဲ့ slideတစ်ခုတည်းကိုသာ မတူညီတဲ့ background သုံးပါ။

အရိပ်တွေ၊ animation တွေနဲ့အနီရောင်ကို ခဏ ခဏ ထပ်ကာ ထပ်ကာ အသုံးမပြုသင့်ပါဘူး။

clip art sound ထည့်ဖို့ လိုအပ်ရင် ထည့်သင့်ပါတယ်။


visual aids တွေ ထည့်ထားမယ်ဆိုရင် speaker ရဲ့ ဘယ်ဘက်မှာဖြစ်ရင် ကောင်းပါတယ်။


objective ရှင်ရှင်းလင်းလင်းသိသာမြင်သာစေရပါမယ်။ presentation တစ်ခုက ကြာချိန် အနည်းဆုံး၁၅ မိနစ်၊ အများဆုံး ၂၀ မိနစ် ရှိတာကြောင့် ( 3 minutes presentation ကတော့ ခြွင်းချက်ပါ။ ) key messages တွေသာထည့်ရပါမယ်။ ဝါကျ တစ်ခုလုံး ကူးရေးထည့်ထားတာမျိုး မလုပ်သင့်ပါဘူး။

အကြမ်းဖျဉ်းအားဖြင့်တစ်မိနစ်ကို slide တစ်ချပ်နှုန်း ခန့်မှန်းပြင်ဆင်နိုင်ပါတယ်။ Slide တစ်ခုစီမှာပေးချင်တဲ့ အဓိက message ကို တစ်ခါတရံခေါင်းစဉ်အဖြစ်တင်နိုင်ပြီး တစ်ခါတရံ slide အောက်ဆုံးမှာ ထားနိုင်ပါတယ်။ပြောချင်တာတွေ အားလုံးကို slide ပေါ် တင်ပြီး လုံးစေ့ပတ်စေ့ ဖတ်ပြခြင်းမှအထူး အထူး ရှောင်ကြဉ်ရပါမယ်။

ပရိသတ်ကိုသိပါ...ဘယ်လို လယ်ဗယ်မျိုးလဲဆိုတာကို ကြိုသိထားပါ။ ကိုယ့် study field ထဲကတင်မဟုတ်ဘဲ ပရိသတ်က field ပေါင်းစုံက ဆိုရင် ကိုယ့် fieldကလူတွေသာ နားလည်မယ့် technical terms တွေကိုမထည့်ဘဲ လူပြိန်းနားလည်မယ့် messages မျိုးတွေသာ ထည့်ပါ။


presentation မတိုင်မီ ထပ်ကာ ထပ်ကာ လေ့ကျင့်ပါ။ Timer နဲ့အချိန်ကိုက်လေ့ကျင့်ပါ၊


presentation လုပ်တဲ့ခါ အဝတ်အစားကို formal ဝတ်ရင်တော့ အဝတ်အတွက်အမှတ်ပြည့်ပါပဲ။

body language ကိုသတိထားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ပြုမူပါ။ ပရိသတ်နဲ့ eye contact ရှိပါ။ ပုခုံးမတ်မတ်ထားပြီး ရပ်ပါ။ လက်အမူအယာကိုအသုံးပြုပါ။

presentation မှာ Intro, Middle, Conclusion အပိုင်း ( ၃)ပိုင်းရှိပါတယ်။

Intro: ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါ...ပရိသတ်ကို presentation ခေါင်းစဉ်နဲ့ မိတ်ဆက်ပါ။ဒီ presentation ရဲ့ ရည်ရွယ်ချက်ကို ပြောပါ။ ဒီ presentationကနေ ပရိသတ်က ဘာကို လေ့လာ အကျိုးရှိသွားမယ်ဆိုတာကိုရှင်းပြပါ။ ပရိသတ်စိတ်ဝင်စားအောင်ဆွဲခေါ်ပါ။

Middle: key messages တွေကို ရှင်းပြပါ။

Conclusion: key messages တွေကို ပရိသတ် အပြန်မှာ သယ်ယူသွားနိုင်ဖို့ပါ။


presentation လုပ်နေစဉ်မှာ body language ...တစ်နေရာတည်းမှာမလှုပ်မယှက် ရပ်နေတာမျိုး မလုပ်ပါနဲ့။ မျက်စိနောက်လောက်အောင်လည်း ပျာယာခတ်ဟိုလျှောက် ဒီလျှောက် မလုပ်ပါနဲ့။ အမူအယာတစ်မျိုးတည်းကိုပဲ ထပ်ကာ ထပ်ကာမလုပ်ပါနဲ့။

microphone အပေါ်ကို ကိုယ် ကိုင်းထားတာမျိုး မလုပ်ပါနဲ့။

လက်ပိုက်တဲ့ကိုယ်ဟန် အမူအယာကို လုံးဝ လုံးဝ လုံးဝ မလုပ်ပါနဲ့။

ပီကေ၊ သကြားလုံး၊ ချိုချဉ် ၊ ကွမ်း ဝါးနေတာမျိုး လုံးဝ လုံးဝ လုံးဝ မလုပ်ပါနဲ့။

ဘောလ်ပန်၊ဖောင်တိန် တွေကို ဖွင့်လိုက် ပိတ်လိုက် ဆော့တာမျိုး လုံးဝ လုံးဝ လုံးဝ မလုပ်ပါနဲ့။

ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး သေ့ာစတာတွေနဲ့ ဆော့နေတာမျိုး လုံးဝ လုံးဝ လုံးဝ မလုပ်ပါနဲ့။

tieပြန်ပြင်စည်းတာ၊ shirt လက်ရှည်ကို ခေါက်တာ ကြယ်သီးဖြုတ်လိုက်တပ်လိုက် လုံးဝ လုံးဝ လုံးဝ မလုပ်ပါနဲ့။


Q&Aရောက်ပါပြီ။ စကတည်းက ပြင်ဆင်ထားကတည်းက Henry Kissinger ရဲ့“Does anyone have any questions for my answers?”ကိုတွေးပြီးမေးလာနိုင်တဲ့ မေးခွန်းတွေကို ကြိုပြင်ဆင်ပြီး ဘယ်လိုမေးရင် ဘယ်လိုဖြေလိုက်မယ်လို့ လေ့ကျင့်ထားပါ။

မေးခွန်းတွေကိုဖြေရင်း ပရိသတ်နဲ့ အငြင်းအခုံ မလုပ်ပါနဲ့။

တစ်ယောက်ကမေးခွန်း ထ မေးရင် သူ မေးနေစဉ်မှာ မေးတဲ့သူကို တည့်တည့်ကြည့်ပါ...သူ့ကို attention ပေးပါ။

မေးခွန်း အစအဆုံး နားထောင်ပါ။

မဖြေခင်မှာစက္ကန့်ပိုင်းလောက် နားပါ။

မေးခွန်းမေးသူကိုဦးတည်ဖြေပါ...ဒါပေမယ့်လည်း မျက်လုံးက တခြားပရိသတ်တွေကို အားလုံးကို ခြုံကြည့်ပြီးဖြေပါ။ မေးခွန်း မေးသူ တစ်ဦးတည်းကိုသာ ကြည့်ပြီး ဖြေမယ်ဆိုရင် တခြားသူတွေကသူတို့နဲ့ မဆိုင်သလို ခံစားသွားရပြီး အချင်းချင်း စကားပြောဆိုနေတာမျိုးတွေဖြစ်လာပါမယ်။

ကိုယ့် presentation နဲ့မဆိုင်တဲ့အကြောင်းအရာတွေကိုမေးရင် မသိပါဘူးလို့ မဖြေပါနဲ့။ မသိပါဘူးလို့ ဖြေလိုက်ရင် သူ မေးတဲ့ OUT OF QUESTION ကို ဘောင်ထဲဝင်အောင် ခွင့်ပေးလိုက်သလို ဖြစ်သွားပါမယ်။အဲဒီအစား....ဒီလိုဖြေပါ။ သိပ်ကောင်းတဲ့မေးခွန်းပါ...ကျေးဇူးတင်ပါတယ်..ဒါပေမယ့်အဲဒီမေးခွန်းက ကျွန်တော်၊ ကျွန်မရဲ့ research နဲ့သက်ဆိုင်ခြင်း မရှိပါဘူး...ကျွန်တော်၊ ကျွန်မရဲ့ area လည်းမဟုတ်တဲ့အတွက် ကျွန်တော်၊ ကျွန်မ မဖြေနိုင်ပါဘူး...ဒါပေမယ့် ကျွန်တော်၊ ကျွန်မ ပြောနိုင်တာကတော့...ဆိုပြီးကိုယ့် presentation အကြောင်းအရာနဲ့ဆိုင်တာကိုဆွဲခေါ်ပြောလိုက်ပါ။ အဲဒါမှ မေးခွန်း မေးသူဟာ တမင်သက်သက် ကိုယ့်ကို မဖြေနိုင်စေအာင်မဆိုင်တာတွေကို မေးတယ်ဆိုတာကို ပရိသတ်က သိမှာပါ။ သူ့မေးခွန်းကို ကိုယ်မဖြေနိုင်တဲ့အတွက် ကိုယ့်မှာ presentation ရှုံးနိမ့်ခြင်းမဖြစ်တော့ပါဘူး။


Dorothy Sarnoff ရဲ့ “Make sure you have finished speaking before your audience has finished listening.” ဆိုတာကို အမြဲအောက်မေ့ အမှတ်ထားပြီးလေ့ကျင့်ပါ။


paper presenter အားလုံး good luck to you all !

အသားညှပ်ပေါင်မုန့် တုံ့ပြန်မှု

presentation လုပ်တာတင် အရေးကြီးတာ မဟုတ်ပါဘူး။ မေးခွန်းတွေ မေးတာလည်း ၀ဖေန် ထောက်ပြတာတွေကလည်း အရေးကြီးပါတယ်။ အဲဒီနေရမှာ အနောက်တိုင်းသားတွေ အဖြူတွေက အားသာပါတယ်။ မေးတာတော့ မေးတာပါပဲ...ဒါပေမယ့် အရင် ချီးမွန်းခန်းလေးဖွင့်ပါတယ်နနဲ့လည်း ကျောင်းသားမိဘက သူ့ကလေးအကြောင်း မေးရင် အဲဒီ sandwich နည်းနဲ့ပဲ ပြန်ပြောပါတယ်။ ကျွန်တော့်သား၊ ကျွန်မ သား ဘယ်လိုလဲ ကျောင်းမှာ စာလုပ်လား စာတော်လား စသည်ဖြင့် မိဘတွေက မေးတတ်ကြတယ်..ခင်ဗျားသားကတော့ ဘယ်လို ခင်ဗျားသမီးကတော့ ဘယ်လိုဆိုပြီး ပြောလို့ကတော့ ဒီကောင်တော့လား အိမ်ကျ နာပြီသာမှတ်ဆိုပြီး ကလေးက မိဘရိုက်တာ ခံရတော့မှာပါ။ ဆရာက ငါ့ကို မကောင်းပြောတယ်ဆိုပြီး ကလေးအတွက် negative ပိုဖြစ်လာပါလိမ့်မယ်။ ကျောင်းသားမိဘနဲ့တွေ့တဲ့ခါ အစ်မသား..ခင်ဗျားသားကတော့ ဘယ်လို ကူညီတတ်တာ..သူငယ်ချင်းတွေကိုလည်း အလွန်ခင်တာ..ဆရာအားလုံးက သူ့ကိုချစ်ကြတယ်. နည်းနည်းလေးတော့ စာမှာ ပျင်းချင်တယ်။ ဒါပေမယ့် နည်းနည်းလောက် စာကို အာရုံစိုက် ဖိစီးလိုက်ရင် အမှတ်ကောင်းလာမှာပါ...သူက ထုံထုံထိုင်းထိုင်း မဟုတ်ပါဘူး။ ဉာဏ်ကောင်းပါတယ်.။ အဲလိုမှသာပဲ မိဘက နားခံသာပါမယ်။ ဟာ ခင်ဗျားသားကတော့ စာမလုပ်ဘူး..သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားပဲ..ဆိုလို့ကတော့ မိဘ ၊ ဆရာ၊ ကျောင်းသား တြိဂံလေး ပုံပျက်သွားပြီပဲလေ။ မိတ်ဆွေတွေကို ၀ဖေန် ထောက်ပြတဲ့အခါမှာရော ဒီ sandwich နည်းကပဲ အပြုသဘောဆောင်ပြီး ၀ဖေန်ခံရသူကလည်းသူ့ အားနည်းချက်ကို သူ သိမြင် ပြုပြင်ပါတယ်။ လူတိုင်းက perfect မရှိပါဘူး။ ကလေးတွေက အဆိုးချည်းပဲ မဟုတ်ပါဘူး။ ကလေးတွေကို ပေးတဲ့ feedback နည်းကြောင့်သာ ကလေးတွေကို အဆိုးဘက် တွန်းပို့နေကြတာပါ။

သင်ကြားရာဝယ်

မြောက်ဒဂုံမှာရှိတဲ့ ကျောင်းတစ်ခုမှာ ကျောင်းက ဆရာ၊ ဆရာမ (၁၆)ယောက်ကို သင်ကြားရေးနှင့်သင်ယူရေး အစီအစဉ်လေး ODF Myanmar ကနေ လုပ်ပေးခဲ့တယ်။ တနင်္လာနေ့မှာ Teaching Strategies ခေါင်းစဉ်အောက်မှာပဲ Classroom Management ကိုပြောပြဖြစ်ခဲ့တယ်။ အရိုးစွဲလာတဲ့ သင်ကြားနည်းစံနစ်ဖြစ်တဲ့ ဆရာကချည်း တစ်ဖက်သတ်တည်း စကားပြောသင်နေတာကနေ interactive ဖြစ်တဲ့ ကျောင်းသားဗဟိုပြုသင်ကြားနည်းစံနစ်ကို ပြောပြပေးခဲ့တယ်။

သင်ထောက်ကူပစ္စည်းတွေဟာ ကိုယ့်ဘေးနားပတ်ဝန်းကျင်မှာတင် ရှိနေတာကို လက်တွေ့ ဥပမာတွေနဲ့ပြပေးခဲ့တယ်။ ခက်နေတယ်လို့ ထင်ခဲ့ရတဲ့ သင်ခန်းစာကို လွယ်သွားစေနည်းတွေဟာ ဆရာ့လက်ထဲမှာပဲရှိတယ်။ စာမေးပွဲမေးခွန်းထုတ်တဲ့ခါ challenge ရှိတဲ့ all level of difficulties တွေပါစေအောင် မေးခွန်းထုတ်ရမှာ ဖြစ်ပေမယ့်လည်း ဆရာ့မေးခွန်းက ခက်တယ် ဘယ်သူမှ မဖြေနိုင်ဘူးဆိုတာကို ဂုဏ်လုပ် ဂုဏ်ယူတတ်တဲ့ဆရာမျိုးတွေ မဖြစ်သင့်တဲ့အကြောင်း။ မေးခွန်းထုတ်တဲ့ခါ ကျောင်းသားတိုင်းဖြေနိုင်လောက်တဲ့မေးခွန်းနဲ့ challenge မေးခွန်းတွေကို မျှတအောင် ထည့်ရမှာဖြစ်တာကို ဆွေးနွေးပြခဲ့တယ်။

ဒုတိယနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာတော့ စာသင်ကျောင်းတိုင်းမှာ မသိမဖြစ်တဲ့ Educational Psychology ခေါင်းစဉ်။

ကျောင်းသားကို Positive Emotions ဖြစ်စေဖို့ အဓိကထား ပြောခဲ့တယ်။ အဲဒီနေ့မှာတော့ ဆရာတွေဘက်က နေ ပုံမှန်ကနေ အနည်းငယ်လွဲနေတဲ့ သူတို့ရဲ့ကျောင်းသားတွေရဲ့ အပြုအမူလေးတွေကို ဆွေးနွေးပြီး ဒီကလေးမျိုးကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို မေးခဲ့လို့ ပြန်လည်ဖြေကြားရင်း ဆွေးနွေးပွဲကအတော်လေး ကြာသွားခဲ့တယ်။

(၉) တန်း၊(၁၀) တန်းတွေကို သင်တဲ့ ဆရာ နှစ်ဦးက “ ၁၀ တန်းရောက်နေတဲ့ကျောင်းသား ၄ အလီ မရတဲ့ကိစ္စကို ဘယ်လိုလုပ်ရမလဲ..ဆရာမ ..အဲဒါ တစ်ယောက်တည်းမဟုတ်ဘူးနော်။ အများစု။ အတော်များများဟာ အောက်သက်ကျေမလာတာကို ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်တို့ တစ်ကျောင်းတည်းတင်မဟုတ်ဘူးနော်။ တစ်ပြည်လုံးက ကျောင်းတွေမှာ ဒီအတိုင်းပဲ” တဲ့။

အဲဒီမှာ တခြားဆရာ ၇ တန်း၊ ၈ တန်းပြ ဆရာတွေကလည်း သူတို့ ကျောင်းသားတွေ မြန်မာစာရေးနည်းမမှန်တာ၊ အင်္ဂလိပ်စာဆိုရင်လည်း အခြေခံတွေကိုတောင် မရတာတွေကိုပြောပြီး အဲဒီကိစ္စတွေကို ဘယ်လိုလုပ်ရမလဲလို့ ကျွန်မကိုမေးတော့ သမ္မတကြီးကို ကျောင်းသားအရေအတွက်နဲ့ ဆရာဝန်ထမ်းမျှတအောင်ရှိစေဖို့အတွက် ဆရာ၊ ဆရာမတွေကို လေ့ကျင့်မွေးထုတ်ပေးဖို့အတွက်နဲ့ ဆရာ၊ ဆရာမ လစာတွေကို professional တစ်ယောက်ရဲ့လစာနဲ့တူအောင် ပေးဖို့ တောင်းဆိုရတော့မှာပဲလို့ ကျွန်မက ရယ်မောစရာပြောလိုက်ပြီးနောက်မှ အတည်ပြောဖြစ်ခဲ့တယ်။

အောက်ခြေအတန်းတွေမှာ သေချာမသင်ပေးနိုင်၊ စာမေးပွဲကိုသေချာမစစ်ဘဲနဲ့ အရည်အချင်းမမီတဲ့ကျောင်းသားကို အအောင်ပေးလိုက်လို့ ဖြစ်လာတဲ့ အကျိုးဆက်တွေ။ ဘာလို့ အအောင်ပေးလိုက်လဲဆိုတော့ အဲဒီဆရာမက သူ့အတန်း တန်းလုံးကျွတ်မအောင်ရင် ထုချေလွှာတင်ရမှာ ကြောက်လို့၊ သူ့အတန်းက တန်းလုံးကျွတ်အောင်တယ်ဆိုတဲ့ မဟုတ်တဲ့ ဂုဏ်ကြီးကိုလိုချင်လို့၊ မအောင်ရင် မအောင်မချင်းပြန်စစ်ရမယ်ဆိုတဲ့ စံနစ်တစ်ခုကို ကြုံခဲ့တဲ့ ဆရာမတွေကလည်း မအောင်တဲ့ကျောင်းသားတွေကို နွေရာသီမှာ စာမေးပွဲပြန်စစ်ပေးရတော့ အလုပ်ပို ၊ အလုပ်ရှုပ်လာတာကြောင့်လည်း အကုန်အအောင်ပေးလိုက်တဲ့ အကျိုးဆက်။ စံတစ်ခု မရှိသေး၊ မတည်ငြိမ်နိုင်သေးတဲ့ ပညာရေးစံနစ်ရဲ့ အကျိုးဆက်။ ပညာရေးဝန်ကြီးတစ်ယောက်တက်လာ တစ်ခါပြောင်းတဲ့ ပညာရေးစံနစ်ရဲ့အကျိုးဆက်။ ယခင်ကောင်းနေခဲ့တဲ့ (သူတို့ခေါ်တဲ့ ကိုလိုနီပညာရေး ကျွန်ပညာရေး) ပညာရေးစံနစ်ကို တဖြည်းဖြည်း ခံယူချက်၊ စိတ်နေသဘောထားတွေ တငွေ့ငွေ့ ပြောင်းလဲစေခဲ့တဲ့ ပညာရေးစံနစ်ရဲ့ ဓာတ်ခွဲခန်းထဲက ကြွက်ဖြူလေးတွေလို စတေးခံနေရတဲ့ ကျောင်းသားတွေဘဝ။ ဒီကျောင်းသားတွေနဲ့ တိုက်ရိုက် ဆက်ဆံပတ်သက်နေရတဲ့ ဆရာတွေဘဝ။ ဒါတွေကို ခုချိန်မှာတော့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရတော့ဘူး။ ဖြစ်တာက ဖြစ်ခဲ့ပြီးသွားပြီ။ လက်ရှိ ကိုယ့်လက်ထဲရောက်နေတာတွေကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ယူရတော့မှာ။

ကျောင်းသားကို ခု ၁၀ တန်းရောက်မှ အင်္ဂလိပ်စာအသံထွက် အတင်းအကျပ်ပြင်ခိုင်းနေလို့ ကျောင်းသားက ဆရာရှေ့ အင်္ဂလိပ်စာအသံထွက်မဆိုရဲဖြစ်သွားတာမျိုးတွေ၊ ကျောင်းသားကို အတင်းအကျပ်သွားပြင်ပေးနေရင် ကျောင်းသားက စာမှာ မပျော်တော့မှာတွေဖြစ်လာနိုင်ချေရှိတာကြောင့် ခု ချိန်မှာတော့ ဆရာဘက်ကနေ စိတ်ကို နည်းနည်းလျော့ထားပြီး သည်းခံဖို့ပြောဖြစ်ခဲ့တယ်။ အောက်ခြေမှာ လွတ်လာပြီး ကျွန်တော်တို့လက်ထဲကျမှ ဒီကလေးတွေနဲ့ ဒုက္ခဖြစ်တော့တာဆိုတဲ့ ဆရာတစ်ဦးစကားကို ကျွန်မလည်း ကိုယ်ချင်းစာမိပါတယ်။

ဘာမှ မရှိတာထက်စာရင် ဘာစာမှ မသင်ရတာထက်စာရင် ၊ စာမသင်ရတဲ့ ကမ္ဘာပေါ်က တချို့နေရာတွေထက်စာရင် ကျွန်မတို့ကမှ အများကြီးတော်ပါသေးတယ်။ ဒီတော့ ကျောင်းသားကို စာမှာ ပျော်လာအောင် ၊ စာဖတ်ချင်စိတ်ဖြစ်လာအောင်၊ သင်ယူလိုစိတ်ရှိလာအောင် ဆရာက အရင်လုပ်ပေးနိုင်မှ ဖြစ်တော့မယ်ဆိုပြီး အမေရိကန်ရုပ်ရှင်တစ်ကားကို ဥပမာပေး ပြောပြခဲ့တယ်။ အရမ်းဆိုးလွန်းတဲ့အထက်တန်းကျောင်းက အတန်းတစ်ခု၊ ဘယ်လိုမှ စာသင်လို့မရ၊ ဆရာ တစ်ယောက်ပြီးတစ်ယောက်ပြောင်း၊ ကျောင်းသားတွေကို မနိုင်။ ဇာတ်လိုက်ဖြစ်တဲ့ဆရာ အဲဒီကျောင်းကိုရောက်သွားပြီး ကျောင်းသားတွေနဲ့ အစပိုင်းတုန်းကတော့ အဆင်မပြေ၊ နောက်တော့ ဆရာက ကျောင်းသားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေပြီး ကျောင်းသားတွေသွားတဲ့ ဘိလိယက်ခုံမှာပဲ ဘိလိယက်ဘောလုံးလေးတွေနဲ့ ဘိလိယက်ထိုးကစားရင်း trigonometry ကို စာသင်ပြရတယ်။ ကျောင်းပေါင်းစုံ သချင်္ာစွမ်းရည်ပြိုင်ပွဲမှာ ဒီကျောင်းသားတွေက အရှက်ကွဲတော့မယ်ပေ့ါ…စာသင်ခန်းထဲမှာ စာမှ မလုပ်တဲ့ ကျောင်းသားတွေပဲ။ ဒါပေမဲ့ ဒီကျောင်းသားတွေက သချင်္ာတွက်နည်းတွေနဲ့ စံနစ်တကျ မဖြေနိုင်ပေမယ့် ဘိလိယက်ကစားတဲ့ဥပမာနဲ့တော့ သချင်္ာပုစ္ဆာကိုဖြေဆိုနိုင်ခဲ့လို့ အကဲဖြတ် ဒိုင်လူကြီးက အဲဒီကျောင်းသားတွေကို ဆုပေးလိုက်လို့ သူတို့ကျောင်း အနိုင်ရတယ်ဆိုတဲ့အကြောင်း၊ အဲဒီနောက်မှာ ကျောင်းသားတွေဟာ စာကို စိတ်ဝင်စားလာပြီး ကျောင်းစာကို အလေးထားလာကြတဲ့အကြောင်း ပြောပြဖြစ်ခဲ့တယ်။

ကျောင်းသင်ခန်းစာကို စာအုပ်ထဲက စာတွေကိုပဲ စာအုပ်ကြီးဖတ်ပြ သင်နေမှ ကျောင်းသင်ခန်းစာမဟုတ်ဘူး။ ကျွန်မဆိုရင် ရူပဗေဒသင်ခန်းစာဖြစ်တဲ့ KE, PE ကို လေးခွပစ်တမ်းကစားပြီး ကျောင်းသားတွေကို သင်ပြခဲ့ရတယ်။ စကိတ်ဘုတ်နဲ့ motion သင်ခန်းစာကို သင်ရတယ်။ ဘောလုံးပစ်မြှောက်ပြီး gravitational force ကိုသင်ရတယ်။ ကြည့်လိုက်ရင်တော့ ဆရာမက ကျောင်းသားတွေကို ကစားကွင်းထဲ ခေါ်သွားပြီး ဆော့နေကြတယ်ပေ့ါ။ frictional force ကိုသင်တဲ့ခါကျတော့လည်း တွေ့သမျှ ပစ္စည်းတွေ တွန်းရွှေ့ကြတာပေ့ါ။ တကယ်က ကျွန်မတို့က ရူပဗေဒသင်ခန်းစာကို သင်နေတာ။ ကျောင်းသားတွေကလည်း ပျော်တယ်။ စာကိုပိုမှတ်မိတယ်။ ဒီလိုမှပဲ ကိုယ်လိုချင်ရာကို ဆွဲယူပုံဖော်နိုင်မယ်။ သူတို့ စာမဖတ်သရွေ့၊ စာမလုပ်သရွေ့တော့ ဘာမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။

ကျောင်းသားတွေကို စာမှာပျော်လာအောင် ဘယ်လိုသင်ရမယ်ဆိုတဲ့ ခုကျောင်းစာတွေနဲ့မဆိုင်တဲ့ သင်ရိုးညွှန်းလေး ဆရာမ ကျွန်တော်တို့ကို ကူညီပေးပါ၊ ခု မဟုတ်ပါဘူး…နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းသားတွေကို ကျောင်းမှာခေါ်ပြီး သင်ချင်လို့ပါလို့ ဆရာတွေဘက်ကတောင်းဆိုလာတော့ ကျွန်မ တတ်နိုင်သလောက် ကူညီပါ့မယ်လို့ ကတိပေးခဲ့လိုက်ရတယ်။

ကျွန်မမှာ သူငယ်ချင်းတွေရှိတယ်။ ကျွန်မရဲ့ဆရာသမားတွေရှိတယ်။ ကျွန်မတို့ကို ကူညီချင်တဲ့တတ်သိနားလည်သူတွေရှိတယ်။ ဖြစ်လာမှာပါ။

သင်ကြားရေးနှင့်သင်ယူခြင်းပုံစံ

ဒီကနေ့ နည်းပညာခေတ်မှာ ကျောင်းပညာရေးက အရေးအကြီးဆုံးလို့ ဆိုကြပါတယ်။ ကျောင်းဆိုတဲ့ နေရာဟာ နောင်တစ်ချိန်မှာ အားလုံးရဲ့ ဘဝတွေကို အဆုံးအဖြတ်ပေးသွားမယ့် ဘဝအခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။

ပညာရေးဆိုတာက ဗဟုသုတရရှိမှု (knowledge gain) လို့ သိထားကြပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက အသိပညာဗဟုသုတများကို ပညာရေးက ပေးပါတယ်။ ဘဝကို ဘယ်လိုရှုမြင်သုံးသပ်တယ်ဆိုတာရယ်၊ ဘဝမှာ ကြုံလာသမျှ အကောင်း၊ အဆိုး အရာရာတိုင်းကိုဘယ်လို ရှုမြင်တယ်ဆိုတာရယ်၊ဘယ်လိုရင်ဆိုင်ဖြေရှင်းတယ်ဆိုတာရယ်ကို ပညာရေးက ကူညီပေးပါတယ်။ အတန်းကျောင်းပညာရေး မရှိဘဲနဲ့ အကြားအမြင် ဗဟုသုတတို့ကို ကိုယ်တိုင်လေ့လာခြင်းဖြင့် ရရှိစေနိုင်တယ်လို့ အချို့က ဆိုကြပါတယ်။ ထိုအဆိုဟာလည်း မှန်ပါတယ်။ အတန်းကျောင်းပညာရေးကတော့ information  ကနေ  knowledge အဖြစ် ကူးပြောင်းပေးနိုင်ပါတယ်။ ကျောင်းပညာရေးဆိုတာ စာသင်ခန်းထဲမှာတင် သင်တဲ့ သင်ခန်းစာများ မဟုတ်ပါဘူး။ ကျောင်းပညာရေးဆိုတာ ဘဝအကြောင်းသင်ခန်းစာများလည်း ဖြစ်ပါတယ်။



ဘဝရဲ့ အတွေ့အကြုံတိုင်းမှာ ဘယ်လို ဆုံးဖြတ်ကာ တုံ့ပြန်မယ်ဆိုတာကို ကျောင်းပညာရေးကနေ အလေ့အကျင့်ဖြစ်စေပါတယ်။ ကျောင်းသင်ခန်းစာများဖြစ်တဲ့ ဓာတ်ခွဲခန်း သင်ခန်းစာများကို အတူတကွ လုပ်ဆောင်ရင်း အများနဲ့ ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထကို အမြစ်တွယ်စေပါတယ်။  တစ်နည်းဆိုရသော် အတန်းကျောင်းပညာရေးကြောင့် အပြုအမူများ နိုင်ငံကြီးသားပီသလာစေပါတယ်။ တိုင်းပြည်တစ်ခုရဲ့ စီးပွားရေးကောင်းမွန်တိုးတက်မှုအတွက် ပညာရေးက အဓိကကျပြီး အရေးကြီးဆုံးဖြစ်ပါတယ်။ 



ပညာရေးဟာ အလုပ်အကိုင်အခွင့်အလမ်းများစွာတို့ကို ဖွင့်ပေးတဲ့ တံခါးပေါက်ဆိုရင်လည်း မမှားပါဘူး။ နည်းပညာခေတ်ဆိုတဲ့ ယနေ့ခေတ်ကာလမှာ ဝန်ထမ်းတိုင်းဟာ ပညာရေးကောင်းမွန်ဖို့ လိုအပ်လှပါတယ်။ မည်သည့် နယ်ပယ်မှာမဆို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာရေးကောင်းမွန်မှသာ လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများ ဖြစ်လာမှာပါ။ လုပ်ငန်းခွင်ထဲမှာ ကျောင်းပညာရေးဟာပြီးဆုံးသွားပြီလို့ မဆိုနိုင်ပါဘူး။ လုပ်ငန်းခွင်ဆိုတာ ကိုယ်တိုင်လေ့လာသင်ယူမှုတွေ အစပြုရာ နေရာတစ်ခုပဲ ဖြစ်ပါတယ်။




တာ့ ဘဝကိုပျော်ရွှင်ဖို့အတွက်၊ အများနောက်မှာနောက်ကျ ကျန်ရစ်မနေဖို့အတွက်ကတော့ အတန်းကျောင်းပညာရေးက လိုအပ်လှပါတယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ပညာရေးအပေါ် ရှုမြင်ပုံတွေလည်း ပြောင်းလဲလာပါတယ်။ ပညာရေးဟာ မရှိမဖြစ်အလိုအပ်ဆုံး အရာအဖြစ်လက်ခံကာ ပညာရေးကိုဦးစားပေးလာကြပါပြီ။ စီးပွားရေးတစ်ခုကို ရင်းနှီးမြှုပ်နှံသလိုပင် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံလာကြပါပြီ။

အကျိုးဖြစ်ထွန်းစေတဲ့ အဆင့်မြင့်ပညာရေးဟာ တိုင်းပြည်ရဲ့ စက်မှုစွမ်းအားစီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးပါတယ်။ ခုလက်ရှိကာလမှာ နိုင်ငံတကာပညာရေးစနစ်ကို အရှေ့တောင်အာရှနိုင်ငံများမှာ ပြောင်းလဲ ကျင့်သုံးလာကြပါပြီ။ အရည်အချင်းပြည့်ဝသော ပညာရေးမှသည် အရည်အချင်းပြည့်ဝသော ဆရာများ၊ ကျွမ်းကျင်ဝန်ထမ်းများ မြောက်များစွာ ပေါ်ထွက်လာစေပါတယ်။ 



နိုင်ငံတကာပညာရေးစနစ်မှာ surface learning လို့ခေါ်တဲ့ ဒီစာပေး၊ ဒီစာ အလွတ်ကျက်ဖြေဆိုတာကို အားမပေးဘဲ deep learning ဖြစ်တဲ့ ကိုယ်တိုင် အားထုတ်ကြိုးစား လေ့လာခြင်း (self studying) တစ်ဝက်ပါတဲ့ သင်ယူရေးပုံစံကိုအလေးပေးပါတယ်။ လေ့လာစရာ resources များဖြစ်တဲ့ ကိုးကားစာအုပ်များအလုံအလောက်ရှိသော စာကြည့်တိုက်၊ အင်တာနက်၊ လက်တွေ့ လုပ်ဆောင်နိုင်ရန် လိုအပ်သော အရာများကို ကျောင်းသားအတွက် လွယ်လင့်တကူ ရှိနေစေပြီး ဆရာက သင်ကြားပေးတာ ၂၀% ၊ ကျောင်းသားက ကိုယ်တိုင် လုပ်ရတာ ၈၀% ဖြစ်ပါတယ်။ ကျောင်းသင်ခန်းစာတွေကို လက်တွေ့လုပ်ဆောင်နိုင်တဲ့အခါမှာ ကျောင်းပြီးလို့ လုပ်ငန်းခွင်ကိုရောက်တဲ့အခါမှာ အခက်အခဲ တွေ့ကြုံမှု နည်းပါးနိုင်ပါတယ်။ သီအိုရီကို သီအိုရီတိုင်း အလွတ်ကျက်တာမျိုးမဟုတ်ဘဲ ဒီ သီအိုရီဟာ လက်တွေ့ ပြင်ပလောကမှာ ဘယ်နေရာတွေမှာ အသုံးချသလဲဆိုတာ၊ ကျောင်းစာကို ကျောင်းစာ သက်သက်ရယ် မဟုတ်ဘဲ ကျောင်းစာဟာ ဘဝသင်ခန်းစာအဖြစ်ပါ ဖြစ်စေတာမျိုးကို သင်ကြားပေးတဲ့စနစ်ဟာ ကျောင်းသားများအတွက် အလွန်အကျိုးရှိလှပါတယ်။ ဒီစာကို သင်ပေး၊ ဒါကိုပဲ ကျက် ၊ ဒါကို အလွတ်ဖြေတဲ့ အလေ့အထဟာကျောင်းသားရဲ့ တွေးခေါ်နိုင်မှု စွမ်းအား၊ ဖန်တီးနိုင်မှုစွမ်းအားကို ကန့်သတ်ထားလိုက်သလိုဖြစ်ပါတယ်။ နောင်တစ်ချိန် လုပ်ငန်းခွင်ကိုရောက်တဲ့အခါမှာ စာအုပ်ထဲက ကျောင်းသင်ခန်းစာများကို လက်တွေ့အလုပ်နဲ့ ဆက်စပ်တွေးခေါ်နိုင်မှုမှာ အခက်အခဲများစွာ ရှိလာနိုင်ပါတယ်။ 



နိုင်ငံတကာ သင်ကြားရေးစနစ်ဖြစ်သော ဓာတ်ခွဲခန်း လက်တွေ့သင်ခန်းစာများ၊ ဆရာပါ ပူးပေါင်းပါဝင်ကာ လက်တွေ့လုပ်ဆောင်ရသော group project များ၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်း ဝိုင်းဝန်းအဖြေထုတ်ကြသော Case Study များ၊ သင်ခန်းစာခေါင်းစဉ်နှင့် သက်ဆိုင်သော စကားရည်လုပွဲ (debate) များ ၊ brain storming များ၊သက်ဆိုင်ရာ ဘာသာရပ် ခေါင်းစဉ်အလိုက် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာရသော Field Visit များကြောင့် ကျောင်းသားများမှာ ဖန်တီးတွေးခေါ်မှု ( creative thinking) နှင့်ဝေဖန်ပိုင်းခြားတွေးခေါ်မှု( critical thinking) စွမ်းရည်များတိုးတက်လာစေပါတယ်။ ပြဿနာတစ်ခုကို ထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံကနေ သုံးသပ်ပြီး ဘာဖြစ်လာနိုင်မယ်ဆိုတာတွေကို ထည့်သွင်းစဉ်းစားမှုနှင့်အတူ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုတွက်ဆ လာစေပါတယ်။ ထိုတွေးခေါ်မှုစွမ်းရည်များဟာ ကျောင်းသင်ခန်းစာအတွက်တင်သာမကဘဲ ဘဝတစ်လျှောက်လုံးအတွက်ပါ အလွန် အသုံးဝင်ပါတယ်။ လူသားတို့ရဲ့ စူးစမ်းလေ့လာလိုမှု (စပ်စုမှု) စိတ်သဘာဝကို အသုံးချပြီး သင်ခန်းစာအပေါ်မှာကိုယ်ပိုင်စဉ်းစားတွေးခေါ်နားလည်နိုင်မှုကို ဖွင့်ပေးတဲ့ပုံစံဖြစ်တဲ့ သင်ကြားရေးစနစ်ဟာကျောင်းသားရဲ့စိတ်မှာ အသစ်အဆန်းအရာများသင်ယူလေ့လာလိုစိတ်များ ဖြစ်ပေါ်လာစေပါတယ်။ ကျောင်းသားအတွက် ကျောင်းသင်ခန်းစာအောင်ချက်ကိုသာမကဘဲ အရာရာကို အလွယ်တကူ အားလျော့အရှုံးပေးခြင်း မရှိတော့ဘဲ ဘဝကိုပါ အောင်ချက်ကောင်းစေနိုင်ပါတယ်။ ကိုယ်တိုင်အားထုတ် လေ့လာမှုကြောင့် အကြောင်းအရာတစ်ခုကို လေ့လာရင်း ဆက်စပ်နေသော အခြားအကြောင်းအရာများကိုပါ လေ့လာတွေ့ရှိမှုများ၊ သုတေသနများဖြစ်ထွန်းလာမှုအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။ 



လူတစ်ဦးတစ်ယောက်ရဲ့ဘဝအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ပညာရေးကောင်းမွန်မှသာလျှင် လူတစ်ဦးချင်းစီပေါင်းများစွာ စုစည်းတည်ထောင်ထားသော တိုင်းပြည်တစ်ခုရဲ့ ပညာရေးကောင်းမွန်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကောင်းမွန်မှာ ဖြစ်ပါတယ်။



ဟနစံ

လေယာဉ်ထဲမှာ

  ၂၀၁၁ ခုနှစ် မေလမှာ ရန်ကုန်ကို ပြန်လာတဲ့ခရီးစဉ်ကတော့ ပြောစရာတွေ၊ စိတ်ထဲမှာ မှတ်မိနေစရာတွေ ကျန်ရစ်ခဲ့တယ်။

ချောချောမောမောရောက်ရှိလာတယ်ဆိုတာက လမ်းခရီးမှာ ကွာလာလမ်ပူ Transist flight ဖြစ်ပြီး Check through ဖြစ်တာကြောင့် check in တစ်ခါတည်းဝင်ပြီး အိတ်၊ အထုပ်အပိုးတွေ ဘာကိုမှ စိတ်မပူရတော့ဘဲ စိတ်အေးလက်အေးရှိတာပါ။
 ကွာလမ်လမ်ပူကို အသွားလေယာဉ်ခရီးစဉ် ကနံနက် ၆ နာရီ ၂၀ မိနစ် ထွက်တာကြောင့် အိမ်ကနေ နံနက် ၄နာရီခွဲထွက်ဖို့ နံနက် ၃ နာရီတည်းက အိပ်ရာထ ပြင်ဆင် ၊ အလှပြင် ထွက်လာခဲ့တာ ကွာလာလမ်ပူကိုရောက်၊ ရန်ကုန်ကို သွားမယ့် လေယာဉ်ခရီးစဉ်အတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာကို တစ်ခါပြန်ဝင် ရပါတယ်။ boarding gate ကိုမဝင်ခင် Xray ဖြတ်တော့ လက်ဆွဲသယ်လာတဲ့ ကျောပိုးအိတ်၊ ကွန်ပျူတာ laptop နဲ့ လက်ကိုင်အိတ်၊ ဖုန်း၊ လျှပ်စစ်ပစ္စည်းမှန်သမျှ အကုန်ဖြတ်ပြီးတော့ လုံခြုံရေးရဲမေက ကျောပိုးအိတ်ထဲမှာ အသွားချွန်တဲ့သတ္တုပစ္စည်းပါတယ်။ ဖွင့်ပေးပါဆိုတော့ စဉ်းစားတာ ဘာပါလိမ့်ပေ့ါ။ ကျောပိုးအိတ်ကိုဇစ်လည်းဖွင့်ရော စီလွန်ချည်လုံးက ထွက်ကျလာမှ သတိရသွားတယ်။ သိုးမွေးထိုးအပ် တစ်ချောင်းထိုး crochet အပ်နဲ့ ချည်လုံးတွေကို လွယ်လွယ်ကျောပိုးအိတ်ထဲ ထည့်သိမ်းလိုက်မိတာ။ တစ်ချောင်းထိုးအပ်ထည့်ထားတဲ့အိတ်ထဲမှာ အပ်ချုပ်အပ်ဗူး၊ အပ်ချည်လုံး၊ ပေကြိုးစတာတွေ တွေ့တော့မှ ရဲမေ ရယ်တော့တယ်။  ရပါပြီဆိုတော့ ကျေးဇူးတင်ကြောင်း ပြောပြီး boarding gate မှာ ခေါ်မယ့်အချိန်ထိုင်စောင့်နေတော့တယ်။ သတိထားမိတာ ဥရောပစုံတွဲတစ်တွဲကလွဲလို့ ခရီးသည်အကုန်လုံးနီးပါး မြန်မာလူမျိုးတွေချည်းပါပဲ။

လေယာဉ်ထဲရောက်တော့ နေရာက ပြတင်းပေါက်ခုံဆိုတော့အတွင်းဆုံးမှာထိုင်ပြီး ခရီးသည်တွေအကုန်နေရာထိုင်ပြီးအတော်လေးကြာတော့မှ ဘေးက ၂ခုံကို သားအမိလို့ထင်ရတဲ့ အိန္ဒိယလူမျိုးနှစ်ဦးရောက်လာပါတယ်။ ဘေးကပ်လျက်မှာ ဆာရီဝတ်ထားတဲ့ အဒေါ်ကြီးဝင်ထိုင်တော့ မျက်လုံးချင်းဆုံမိလို့ ပြုံးပြလိုက်ပါတယ်။ အဒေါ်ကြီးဆီက ပြင်းပြင်းစူးစူးရေမွှေးနံ့နဲ့ ခေါင်းမှာပန်ထားတဲ့ ဇွန်ပန်းနံ့တွေကို ခရီးတလျှောက် အချိန် ၂နာရီ ၄၅ မိနစ်ကြာ ဒုက္ခခံရဦးမှာကို စိတ်မသက်မသာ ဖြစ်မိလိုက်ရတယ်။ ဇွန်ပန်းနံ့နဲ့ ယုဇနပန်းနံ့ကို ဘယ်လိုမှ မခံနိုင်လောက်အောင် ခေါင်းကိုက်တတ်တာ။ ဘေးခုံကအဒေါ်ကြီးက လက်ထဲမှာ ကွမ်းယာဗူးနဲ့ ကွမ်းယာလည်း ဝါးနေတာတွေ့တယ်။ ကြွပ်ကြွပ်အိတ်အထုပ်သေးသေးပေါင်း ဗြုတ်စဗျင်းတောင်းကို ခြေထောက်အောက် ကြမ်းပြင်မှာ ချထားတယ်။ သူ့အဖော် ဦးလေးကြီးနဲ့ အိန္ဒိယဘာသာစကားနဲ့ပြောနေကြတာ တကယ့်ကို နားမခံသာနိုင်စရာ။ ကွမ်းစားထားတဲ့ သွားနီနီတွေနဲ့ ပြံုးပြပြီး လူကို ခေါင်းကနေ ခြေထောက်ထိ ထိုင်ကြည့်နေတာနဲ့ စိတ်ကညစ်လာတယ်။ ဟုတ်တယ်လေ…အဲလို ထိုင်ကြည့်နေရလောက်အောင် လှတဲ့သူမဟုတ်မှန်း ကိုယ့်ဘာကိုယ် သိတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီခရီးဆုံးရင် ချစ်တဲ့အမိမြေကို ပြန်မြင်ရမယ်ဆိုတဲ့ ပျော်စရာစိတ်အတွေးနဲ့ မျက်စိမှိတ်လို့ တရားမှတ် ငိုက်လာလိုက်တယ်။

ကဏှာမငြိမ်ဘူးဆိုတဲ့ စကားကဘေးခုံက အဒေါ်ကြီးကို ရည်ညွှန်း ထားရှိခဲ့လေသလားပဲ။ ထိုင်ခုံခါးပတ်ဖြုတ်လိုက် ထလိုက်၊ ထိုင်လိုက်၊ သူ့ဘေးက ဦးလေးကြီးကိုကျော်ပြီး အလယ်လမ်းကြား တစ်ဘက်ခုံက သူတို့နဲ့ မျိုးတူ ဦးလေးကြီးတစ်ယောက်ကို သူတို့ဘာသာစကားနဲ့ပြောလိုက် နဲ့။ လေယာဉ်မယ်က နေ့လည်စာ ဘာစားမလဲလာမေးတော့မှ မျက်စိဖွင့်လိုက်မိတယ်။ ထမင်းနဲ့ ကြက်သားချိုချဉ်၊ ကြက်သားခေါက်ဆွဲနဲ့ အသီးအရွက်၊ အုန်းထမင်းနဲ့ ကြက်သား တစ်ခုခုရွေးဖို့ လာမေးတော့ ခေါက်ဆွဲစားမယ်လို့ ပြောလိုက်တယ်။ ဘေးက အဒေါ်ကြီးကတော့ စားနေပြီ။ ကိုယ် အိပ်ပျော်နေတယ်ထင်ပြီး လေယာဉ်မယ်ကလည်း ကိုယ့်ကို နောက်ဆုံးမှ လာမေးတာ။ အဒေါ်ကြီးဘေးခုံက လူကိုတော့မတွေ့ဘူး။ အိမ်သာတွေဘာတွေ သွားနေတာနေမယ်။ အဒေါ်ကြီးစားနေတုန်း တစ်ဝက်လောက်မှာ သူ့ဘေးက ဦးလေးကြီး ပြန်ရောက်လာပြီး နေ့လည်စာဗူးထဲက အချိုပွဲ သီးစုံကိတ်၊ ချော့ကလက်တို့ကို ယူပြီး ခြေထောက်အောက်မှာ ချထားတဲ့ ပီနန်အိတ်ထဲကို ထည့်တယ်။ လုပ်နေတာတွေကို ပျာယာပျာယာ ဟိုကြည့် ဒီကြည့်နဲ့။ အဒေါ်ကြီးစားနေတဲ့ နေ့လည်စာဗူးကို ဆွဲယူပြီး ကြမ်းပေါ်ကိုအတည့်လိုက်လေး ချလိုက်တယ်။ အဒေါ်ကြီးက သူတို့ ဘာသာစကားနဲ့ ဝူးဝူးဝါးဝါးပြောတယ်။ ဟိုလူကလည်း ဘာတွေလဲမသိ ပြန်ပြောတယ်။ ခဏနေတော့ လေယာဉ်မောင်ရောက်လာပြီး နေ့လည်စာဗူးက အောက်ပြုတ်ကျသွားတာလားဆိုပြီး အသစ်ယူလာပေးမယ်ဆိုပြီး ဘာနဲ့စားမလဲ မေးပြန်တယ်။ ကိုယ်စားနေတဲ့ ခေါက်ဆွဲဗူးကို ကြည့်ပြီး အဒေါ်ကြီးက “နူဒယ် နူဒယ်” လို့ ပြောတယ်။ အအေးဘာသောက်မလဲဆိုတော့ ကုတ်၊  ဆဲဗင်းအပ် နဲ့ တစ်ယောက်တည်းကို ရှုပ်နေတော့တာပဲ။ သူ့ကို ပေးတဲ့ နေ့လည်စာဗူးထဲက မုန့်တွေကို ခြေထောက်အောက်က အိတ်ထဲကို ထိုးထည့်နေပြန်တယ်။ ကိုယ့်ကိုလေယာဉ်မောင်ကလှမ်းမေးတော့ရေငတ်တာနဲ့ ရေပဲတောင်းလိုက်တယ်။ လေယာဉ်မောင်၊ လေယာဉ်မယ်တွေ အနားကထွက်သွားတော့ အဒေါ်ကြီးက ခုနက အောက်ကို ချထားတဲ့ စားလက်စ ထမင်းဗူးကို ပြန်ကောက်ယူပြီး အိတ်ထဲ ထည့်သိမ်းပြန်တယ်။ ကိုယ်ကတော့ နေ့လည်စာဗူးမှာပါတဲ့ လိမ္မော်ရည်ရယ် ၊ တောင်းသောက်ထားတဲ့ရေရယ်နဲ့ အိမ်သာကို ထသွားချင်ရင်တောင်မှ အောင့်ထားလိုက်တော့မယ်လို့ စိတ်ကူးလိုက်တယ်။ လွယ်ထားတဲ့အိတ်ကလည်း ကြီးကြီးမားမားနဲ့ လေးလည်းလေးတာကြောင့် အရင် flight မှာ အိတ်ကို ထားပြီး အိမ်သာ ထသွားပေမဲ့ ဒီflight မှာတော့ ဘေးကအဒေါ်ကြီး လုပ်ရပ်တွေကြောင့် စိတ်မချဖြစ်နေမိတယ်။

အဒေါ်ကြီး ထမင်းစားပြီးတော့ ဗူးအခွံတွေကို ကိုင်ပြီး ကိုယ့်ဘက်ကို တွန်းပေးတော့ အစားနှေးတဲ့ ကိုယ်က ခေါက်ဆွဲတွေ ဝါးနေတုန်းမို့ ကိုယ်က မျက်ခုံးပင့်ပြီး ဘာလဲဆိုတဲ့သဘောမျိုးလုပ်ပြလိုက်တော့ ဗူးခွံတွေကို လွှင့်ပစ်မယ့် ပုံမျိုးလုပ်ပြတယ်…ကိုယ့်ဘေးက ပြတင်းပေါက်ကို ဖွင့် ဆိုတဲ့ပုံမျိုးလုပ်ပြပြီး သူတို့ ဘာသာစကားနဲ့ပြောတယ်။ ကိုယ်လည်း air hostess will come and collect it , do not worry. လို့ပြောလိုက်တယ်။ အဒေါ်ကြီးက ဇွတ်ပုံစံကြီးရယ်။ လေယာဉ်မယ်က အဒေါ်ကြီးအမှိုက်တွေ လာသိမ်းသွားပြီးတော့ ကိုယ်ကလည်း ခေါက်ဆွဲစားပြီးသွားတယ်။ တစ်ထိုင်တည်း အများကြီး မစားနိုင်တဲ့ ကိုယ်က အချိုပွဲကမုန့်တွေစားဖို့ ဗိုက်မဆံ့တော့တာနဲ့ နောက်မှ စားမယ်ဆို စိတ်ကူးလိုက်တယ်။ အဲဒါကို အဒေါ်ကြီးက ကိုယ့်လက်မောင်းကိုတို့ပြီး မုန့်တွေကို လက်ညှိုးထိုးပြတယ်။ သူ့ကိုပေးပါဆိုတဲ့ ပုံမျိုးလုပ်ပြတော့ ကိုယ်က တကယ်တမ်း စေတနာနည်းသူ မဟုတ်ပေမဲ့ ဒီအဒေါ်ကြီးလုပ်ရပ်တွေကို မြင်ထားတာကြောင့် သူ့မျက်နှာကို တည့်တည့်ကြည့်ပြီး
No! This is mine ! လို့ပြောလိုက်တယ်။ ကိုယ်လည်း ဗိုက်မဆံ့တော့ မဆာတော့တာကို အတင်းဇွတ်ဖျစ်ညှစ်ပြီး ကိတ်မုန့်နဲ့ချော့ကလက်ကို စားပစ်လိုက်တယ်။
စားပြီးတော့ ကိုယ်က မျက်စိ ပြန်မှိတ်လိုက်တယ်။ အဒေါ်ကြီးနဲ့ မျက်လုံးချင်းဆုံရင် သူက စကားပြောချင်ပုံပေါ်နေတာနဲ့။ အဒေါ်ကြီးက အလယ်လမ်းကြားတစ်ဘက်က သူတို့မိတ်ဆွေဘေးက ထိုင်ခုံကလူကို မြန်မာဘာသာနဲ့
သားက ရန်ကုန် ဘယ်မှာနေတာလဲလို့ လှမ်းမေးတာ ကြားတယ်။ ဒီအဒေါ်ကြီး မြန်မာပြည်ပေါက် ရေဝတီမျိုးနွယ်ပေပဲ။ ဟိုဘက်ကလူကလည်း အသံကျယ်ကျယ်နဲ့ ပြန်ဖြေပြီး ဘယ်မှာနေတယ် ဘာတွေလုပ်တယ် ဘယ်သွားတယ် ဇာတိမြို့က ဘာနဲ့ အဲဒီအဒေါ်ကြီးနဲ့ လှမ်းအော်စကားပြောကြတယ်။ ကိုယ်က ဘာမဆိုင် ညာမဆိုင် တခြားခရီးသည်တွေကို အားနာမိလိုက်တယ်။ ဘယ်ခရီးပဲသွားသွား ခရီးအတူသွားသူတွေ မျက်စိမှိတ်ထားရင် အိပ်နေတယ်လို့ယူဆပြီး စကားမပြောတာ၊ ပြောစရာရှိရင်လည်း လေသံလေးလောက်နဲ့ တိုးတိုးလေးပဲပြောတတ်တဲ့ တခြား နိုင်ငံသားတွေကို ကျေးဇူးတင်မိလိုက်တယ်။ ကိုယ်က မျက်စိမှိတ်ထားပေမဲ့ သူတို့ ပြောနေတာတွေအကုန်ကြားနေရတယ်။
အိပ်ပဲ အိပ်နေတာပဲလို့ ဟိုလူက ပြောတာကြားလိုက်တယ်။ အဲဒါကို ဘေးကို အဒေါ်ကြီးက ခွက်ထိုးခွက်လန်ရယ်တယ်။
ကိုယ့်အတင်းတုပ်နေကြတာကိုး။ ဗမာပဲနေမှာပါ လို့ ဟိုလူ ပြောတာကြားလိုက်တယ်။ အဒေါ်ကြီးက မသိဘူးလို့ပြောတယ်။
ဟိုလူက အသံကျယ်ကျယ်နဲ့
ကျွန်တော့် ညီမတစ်ယောက်ရှိတယ် ..နိုင်ငံခြားသွားတာဖြင့် ၆လပဲရှိသေးတယ်..မြန်မာစကားမတတ်တော့ဘူး။ မြန်မာလို မပြောတတ်တော့ဘူးနဲ့..အလကား စောက်ပိုတွေလုပ်တာ…သွားတာဖြင့် ၆လလေး။ သိလား အန်တီ… တဲ့။
ညွှတ်ချာဖျား…ကိုယ်က အဒေါ်ကြီးကို မြန်မာပြည်ပေါက်မှန်းမသိလို့ ဘိုလိုပဲပြောမိတာကို တစ်ဘက်ကလူက စောင်းပြောနေတာကိုး။ သြော်..သနားပါတယ်..သူ့မှာ ကိုယ့်ကို ခရီးစဉ်တလျှောက်လုံး ထိုင်ကြည့် အကဲခတ်လာပုံပဲ။
ကိုယ်ကတော့ မျက်စိမှိတ်ထားဆဲပဲ။ စိတ်ထဲမှာလည်း ပျံ့လွင့်နေတဲ့စိတ်နောက်ကို လိုက်မှတ်နေလိုက်တယ်။ အဒေါ်ကြီးက ဟိုလူကို ဗမာမဟုတ်ဘူးထင်တယ်လို့ လှမ်းပြောတာကြားတယ်။ သြော်…သူတို့မှာ ကိုယ် ဗမာလူမျိုး ဟုတ်၊ မဟုတ်က အလုပ်ကြီးတစ်လုပ်ပါလားလို့စိတ်ထဲရယ်လည်း ရယ်ချင်သွားတယ်။ မြန်မာ့လေပိုင်နက်ထဲရောက်တော့ လေယာဉ်မှုးက တိမ်ထူထူကို တိုးရမှာမို့ နေရာမှာ ထိုင်ပြီး ထိုင်ခုံ ခါးပတ် ပတ်ထားဖို့ကြေညာတယ်။ထိုင်ခုံခါးပတ်ဖြုတ်ထားတဲ့ အဒေါ်ကြီးကို သတိပေးမယ်လို့ပါးစပ်ပြင်ပြီးမှ လေယာဉ် အောက်ကို ကျတဲ့ချိန် ထိုင်ခုံခါးပတ် ပတ်မထားရင် inertia ကြောင့်အဒေါ်ကြီး ခေါင်းနဲ့ လေယာဉ်ခေါင်မိုးနဲ့ ဆောင့်ရင် အေးရောဆို စိတ်ထဲတွေးပြီး သတိမပေးလိုက်တော့ဘူး။ (စိတ်ပုပ်တာလေ)။ သူ့ဘေးခုံက ဦးလေးကြီး ပျာယာပျာယာနဲ့ပြန်ရောက်လာပြီး အဒေါ်ကြီးကို ထိုင်ခုံခါးပတ်ပတ်ခိုင်းတယ်။

မင်္ဂလာဒုံကွင်းကိုအဆင်းမှာ ရွှေရောင်ဝင်းနေတဲ့ စေတီတစ်ဆူကို ပြတင်းကနေ လှမ်းမြင်ပြီး အဒေါ်ကြီးက ရွှေတိဂုံဘုရား…ရွှေတိဂုံဘုရား ဆို ထအော်ပါလေရော။ ကိုယ့်လက်မောင်းကို ကိုင်လှုပ်ပြီး ရွှေတိဂုံဘုရား …ရွှေတိဂုံဘုရားဆိုပြီးဖင်တကြွကြွနဲ့ ခုန်နေတော့ ကိုယ်က သူ့ကို ရွှေတိဂုံဘုရား မဟုတ်ပါဘူး လို့ လှည့်ပြောလိုက်တော့
ဗမာ ဗမာ ဆို အဒေါ်ကြီးက ဟိုလူကို လှမ်းအော်ပြောပါလေရော။ ဆာယိုနာယာ ဘာဆိုလားပဲ ဟိုလူနဲ့ အဒေါ်ကြီးက ကိုယ်ပြောတဲ့ လေသံအတိုင်းလိုက်ပြောပြီး သူတို့အချင်းချင်း ရယ်နေကြတယ်။ သေချာတာကတော့ ကိုယ့် လေယူလေသိမ်းကို လှောင်နေကြတာ။ တိုင်းရင်းသားလူမျိုးနှစ်မျိုး ကပြားဖြစ်တဲ့အတွက် ကိုယ်ပြောတဲ့ ဗမာစကားက ဗမာလိုလေယူလေသိမ်း ပီပီသသထွက်မှာ မဟုတ်ဘူး။ လေယာဉ်ဆိုက်တော့ ကိုယ်လည်း အေးအေးဆေးဆေးပဲ ထိုင်စောင့်နေလိုက်တယ်။ ခရီးသည်အားလုံးကုန်မှ လေယာဉ်ထဲက အေးအေးဆေးဆေးထွက်ဖြစ်တယ်။ tube ထဲက အထွက်မှာ ဖိုးသူတော် စောင့်နေတယ်။ ဖိုးသူတော်နဲ့ စကားနည်းနည်းပြောပြီး အောက်ထပ်ကိုဆင်းတော့ လူဝင်မှုကြီးကြပ်ရေးကောင်တာနားမှာ စောင့်နေတဲ့ သူငယ်ချင်းက လျှောက်လာ လာကြိုပြီး အမ်မလေး..ရွှေမင်းသမီး ပါများမပါလာတော့ဘူးလားလို့ ..ခရီးသည်တွေ အကုန်ကုန်ပြီး ထွက်မလာလို့ အပေါ်ကို လှမ်းဆက်ခိုင်းတော့ လေယာဉ်ထဲမှာလည်း တစ်ယောက်မှ မကျန်တော့ဘူးတဲ့။ ခရီးသည်စာရင်းတောင်းကြည့်တော့လည်း နာမည်က ပါလာတယ်။ ဘယ်နားပျောက်နေတာလဲတဲ့။

မကြီး ဆိုလှမ်းခေါ်ပြီး ပြေးလာတဲ့  MAI မှာလုပ်တဲ့ အိမ်က ညီမလေး ယုနက တော်သေးတာပေါ့ မကြီးရာ..သမီးက departure မှာ ဂျူတီ၊ အမေက ဖုန်းလှမ်းဆက်ပြီး နင့်မကြီး လေယာဉ် ၁၁နာရီ ၂၅ မိနစ်တဲ့ ဆိုတော့မှ လေယာဉ်တောင်ဆင်းသွားပြီဆို အမြန်ပြေးလာတာတဲ့။ ကိုယ် ပြန်လာမယ်ဆိုတာကို ဘယ်သူ့ကိုမှ ကြိုမပြောထားတာလေ။ ကွာလာလမ်ပူလေဆိပ်ရောက်တော့မှ ရန်ကုန်ကို ဖုန်းလှမ်းဆက်ပြီး ပြန်လာပြီဆို ပြောတာ..လာကြိုနေရင်အလုပ်ရှုပ်နေကြမှာစိုးတာနဲ့။ လေဆိပ်မှာ တာဝန်ကျနေတဲ့ သူငယ်ချင်းတွေရယ်၊ ညီမလေး ယုနရယ်နဲ့ စကားတွေ ရေပက်မဝင်ပြောနေရတာနဲ့ ဟိုအဒေါ်ကြီးနဲ့အဖွဲ့ကိုတောင် မနှုတ်ဆက်ခဲ့မိဘူး။
No comments:

ဒေါ်ခင်စွာစွိနှင့် ရှောက်သီးသုပ်

သူ့ နာမည်က ဒေါ်ခင်စွာစိ။ အသက်ကတော့ ၄၀ နှင့် ၄၅ နှစ်အတွင်းရှိမည်ထင်သည်။ အသက်ကို ဘယ်သောအခါမှ မပြော၍ မသိရချေ။

သို့သော် အပျိုကြီးဖြစ်သဖြင့် သူ့ကို အသက်၂၀ ပတ်ဝန်းကျင် ရုံးဝန်ထမ်းကောင်မလေးများက မမ ဟုခေါ်ရလေသည်။

အန်တီဟုယောင်ပြီး ခေါ်ကြည့်ပါလား။

အန်တီဟု မခေါ်နှင့်ဟု တဲ့တိုးမပြောသော်ငြား ထိုနေ့အဖို့ မန်နေဂျာဖြစ်သော ဒေါ်ခင်စွာစိ၏ မျက်စောင်းကြီးများကို လက်ဆောင်အဖြစ် မကြာခဏ ရရှိမည်ဖြစ်ပြီး အပြစ်မရှိ အပြစ်ရှာကာ မြည်တွန်တောက်တီးခြင်းကို ခံရပေမည်။



ဒေါ်ခင်စွာစိ ပေးသော အမှတ်များကို လိုချင်လျှင် မမက သိပ်လှတာပဲနော် ဟုသာ မုသားစကားများဆိုသင့်ကြောင်းကို တစ်ရုံးလုံးအသိပဲပင်ဖြစ်ပေသည်။

မမက သိပ်အရွယ်တင်တာပဲနော် ဟုသွားမပြောမိပါလေနှင့်။

မျက်နှာထားက ချက်ချင်းတင်းသွားပြီး မျက်မှောင်ကြီးကုပ်ကာ အလိုမကျဟန်ဖြင့် ဒေါ်ခင်စွာစိကိုတွေ့ရပေမည်။

ဟုတ်သည်လေ...အရွယ်တင်သည်ဟုဆိုခြင်းမှာ အသက်ကြီးသည်ဟု ဆိုခြင်းပင် မဟုတ်ပါလား။



ဒေါ်ခင်စွာစိသည် တစ်နေ့တစ်မျိုး မရိုးရအောင် အဝတ် ဝတ်လေ့ရှိသည်။ ဒေါ်ခင်စွာစိ ဘာဝတ်ဝတ် လှသည်ဟုသာ ပြောသင့်ပေကြောင်း ရုံးဝန်ထမ်းများအားလုံး ကောင်းစွာ သဘောပေါက်ထားကြပေသည်။

ဒေါ်ခင်စွာစိ၏ အလှကို ကွန်ပျူတာစာရေးကလေး အောင်မြင့်သူ ဖွဲ့ဆိုသည်မှာ...

ရူပါ လင်းလားမမေးပါနဲ့။ အသားကတော့ မှောင်တယ်။

လိပ်ခါး ဖားဖင်နဲ့ ကောက်ညှင်းထုပ် ဒီဇိုင်း...ဟု။



ညိုရုံမက မည်းသည့်ဘက်ကိုရောက်နေသော အသားကို နံနက်စောစောထကာ သနပ်ခါးနှင့်မိတ်ကပ် ရောကာ ခြေဆုံးခေါင်းဆုံးလိမ်းခဲ့ချေသည်။ ကော့ဆက်ဟုခေါ်သော ဗိုက်ချပ်ဘောင်းဘီကို အကြပ်ဆုံးချိတ်များကို ချိတ်ဝတ်လျက်

ထဘီကို ခါးမှာတင်းတင်းဆွဲကာ ဝတ်ရသဖြင့် ပူနေသောဗိုက်မှာ အတန်ငယ် ချပ်ရပ်သွားချေသည်။

ငယ်နုစေရန် ဆံပင်ကို မထုံး။ follow me တီဗွီကြော်ငြာမှ ထက်ထက်မိုးဦးကဲ့သို့ ဆံပင်ကို အထက်နားတွင် တဝက်သိမ်းလျက် နောက်ဖက်တွင် ဖားလျားချထားပေသည်။



လိမ္မော်ရောင်၊ အဝါရောင်၊ အနီရောင် ၊ခရမ်းရောင် ဝမ်းဆက်များ ဝတ်လျှင် တစ်ရုံးလုံး ပြုံးစိစိဖြစ်ကြသော်ငြား မမက အရမ်းလှတာပဲ...မမနဲ့ ဒီလိမ္မော်ရောင်တောက်တောက်လေးနဲ့ သိပ်လိုက်တာပဲဟုသာ ပြောရမည်ဖြစ်ကြောင်း တံမြက်စည်းလှဲသည့် ဒေါ်သန်းလှကြီးပင် သိပေသည်။



 ရုံးကားဒရိုင်ဘာ ဦးသာကျော်ကြီးကတော့ ဒေါ်ခင်စွာစိ၏ မျက်နှာအလှကို ဖွဲ့သည်မှာ

မင်းကွာ...ကမ္ဘာမှာ ဒီလိုမျက်နှာနဲ့ မိန်းမမျိုး တစ်ခါမှ မမြင်ဖူးဘူး။

ဘုရားသခင်ကို လူဖန်ဆင်းပေးပါတောင်းဆိုတော့  လူဖန်ဆင်းပေးလိုက်တာ မျက်နှာ ပါမလာလို့ ဘုရားသခင်ကို မျက်နှာပြောင်ကြီးဖြစ်နေလို့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေ ပေးပါ တောင်းလိုက်တာ ဘုရားသခင်က မအားတော့ ရော့ဆို မကြည့်ဘဲ နောက်ပြန် ဒီအတိုင်း ပစ်ပေးလိုက်တာ ဟု။



ကပ်စေးနှဲသည်... သူ့ဆီကဆို ဘာမှ မစားရဘူးဟု ကွယ်ရာတွင် အတင်းတုပ်ကြသော်လည်း ရှေ့တွင်မူ

မမ စားပါဦးဟု လောကွတ်လုပ်ရလေသည်။

လောကွတ်လုပ်တိုင်း ငြင်းမည် မထင်ပါလေနှင့်။ လောကွတ်မလုပ်မိဘဲ ကိုယ်ချည်းစားနေပါလျှင်လည်း ဒေါ်ခင်စွာစိက

မှန်း...မြည်းကြည့်ဦးမယ်ဟုဆိုကာ လက်ဖက်သုပ်၊ ရှောက်သီးသုပ်များကို သူချည်း ဒိုင်ခံစားသွားတတ်လေသဖြင့် နောင်တွင် ရုံးဝန်ထမ်း မိန်းကလေးများမှာ လက်ဖက်သုပ်၊ ရှောက်သီးသုပ်များ အိမ်မှ ထည့်ယူလာလျှင် နေ့လည်ဘက်တွင်

လက်ဖက်ရည်ဆိုင်သွားဦးမည်ဟုဆိုကာ အချင်းချင်း မျက်စပစ်ကာ ရုံးနှင့်မျက်နှာချင်းဆိုင် တစ်ဖက်လမ်းရှိ လက်ဖက်ရည်ဆိုင် ခွေးခြေပုခုံလေးများဆီသို့ သုတ်သုတ်နှင်ကြလေသည်။



တစ်နေ့တွင်တော့ ရုံးဝန်ထမ်း မာလာ၊ သီတာနှင့် ဝေဝေတို့ ၃ ဦးသား ရုံးရှေ့တွင် အထမ်းဖြင့်လာရောင်းသော တိုဟူးသုပ်၊ ရှောက်သီးသုပ်အသည်ထံမှ ရှောက်သီးသုပ်ကို ခေါ်ဝယ်လေသည်။ အသုပ်သည်မှာ ညစ်ထေးပြီးအညိုရောင်ဘက်ရောက်နေသော စွပ်ကျယ်နှင့် အရောင်အဆင်းမရှိတော့သော ပုဆိုးကိုတိုတို ဝတ်ထားပြီး နောက်မြီးပြတ်နေသော ရာဘာဖိနပ်ကို ခါးကြားတွင် ထိုးထားလေသည်။ ဖိနပ်ကို မစီးဘဲ ခါးကြားတွင် ထိုးထားခြင်းအကြောင်းမှာ ပလက်ဖောင်း၊ ကတ္တရာလမ်းတို့တွင် ဖိနပ်မစီးဘဲ ဖိနပ်အနာသက်သာစေရန် ခါးကြားတွင်ထိုးထားခြင်းဖြစ်သည်။ ချိုင့်ခွက်နှင့် ကျောက်ခဲများပေါများသော မြေနီလမ်းများတွင်သာ ဖိနပ်ကို ချစီးလေ့ရှိပေသည်။



သီတာ၊ မာလာနှင့် ဝေဝေတို့က ၃ယောက်ပေါင်းကာ ရှောက်သီးသုပ် ၅၀ ကျပ်ဖိုး ဝယ်လျှင် အသုပ်သည်မှာ ထမ်းထားသော အဆိုင်းထမ်းကိုချ၊ ခါးကြားထိုးထားသော ဖိနပ်ကို ဖြုတ်ယူကာ မြေကြီးပေါ်တွင် ဖိနပ်ခု ထိုင်ပြီး ရှောက်သီးကို သူ၏ ဓားထက်ထက်ဖြင့် အခွံခွာကာ ရှောက်သီးအဖတ်လေးများကို နွှင်လေသည်။ ထို့နောက် သွက်လက်မြန်ဆန်စွာ ကြက်သွန်နီတစ်ဥကို အခွံသင် လက်ပေါ်တွင်ပင် လှီးပြီးနောက် ဆီချက်၊ ပဲမှုန့်၊ အချိုမှုန့် ၊ ငရုတ်သီးစိမ်း သေးသေးလှီးထားသည်များဖြင့် ရောနယ်ကာ သုပ်ပေးလေသည်။



သီတာ၊ မာလာနှင့် ဝေဝေတို့ ၃ ဦးသား ရှောက်သီးသုပ် ပန်းကန်ကိုကိုင်ကာ ရုံးပေါ်သို့ ပြန်တက်လျှင်

သူ့ ရုံးခန်းထဲမှ ထွက်လာသော ဒေါ်ခင်စွာစိနှင့် တည့်တည့်တိုးလေတော့သည်။

ညည်းတို့ ဘယ်ပျောက်သွားကြတာလဲဟူသော အမေးကို

သမီးတို့ ရှောက်သီးသုပ်ဆင်းဝယ်တာ မမ ...မမ စားပါဦးလားဟု ဝေဝေက ဆိုလျှင်

မှန်း...မြည်းကြည့်ဦးမယ်။ ဒီ အသည်ကောင်းသလားလို့ ဟုဆိုကာ

ရှောက်သီးသုပ်ပန်းကန်ထဲမှ ဇွန်းကို မလွှတ်ချတမ်း စားလေတော့သည်။

ဝေဝေ၊ သီတာ၊ မာလာတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ငါတို့တော့ ငတ်ပါပြီဟု စိတ်မသက်မသာဖြစ်ကြရလေသည်။



ထိုနေ့ နေ့လည် ၃ နာရီခွဲခန့်တွင် ဒေါ်ခင်စွာစိတစ်ယောက် ဗိုက်ထဲမှာ ဂွမ် ဟုမြည်သံကြားရပြီးနောက် ဇောချွေးများပျံကာ အိမ်သာသို့ အပြေးအလွှား သွားရတော့သည်။ အိမ်သာသို့ အလျင်အမြန်ပြေးသော်လည်း အိမ်သာထဲတွင် သူ၏ ဗိုက်ချပ်ဘောင်းဘီမှ ချိတ်များကို တစ်ခုချင်းဖြုတ်နေရသည့်အပြင် ဗိုက်ချပ်ဘောင်းဘီမှာ ကြပ်လွန်းသည်က တစ်ကြောင်း၊ ချွေးများနှင့်ကပ်နေသောကြောင့် တော်တော်နှင့် ချွတ်၍မရဘဲ ထွက်ချင်၍ အပေါက်ဝနားရောက်နေသည့်အရာများမှာ  ဗွမ်းကနဲ ပွင့်ထွက်လေသည်။



ထိုနေ့...ဒေါ်ခင်စွာစိ မည်သို့ မည်ပုံဆက်လက် စခန်းသွားသည်၊ မည်သို့ မည်ပုံ ရုံးဆင်း အိမ်ပြန်သွားသည်ကို ဆက်လက်တွေးတော စေရန် ချန်ထားခဲ့သော်လည်း နောက်ပိုင်းအဖြစ်များကို ဆက်လက်ပြောပြချင်ပါသည်။

ထိုနေ့မှ စ၍ အလွန့် အလွန်လှချင်သော ဒေါ်ခင်စွာစိမှာ ဗိုက်ချပ်ဘောင်းဘီကို မဝတ်ဘဲ မနေသော်ငြား ရုံးဝန်ထမ်း မိန်းကလေးများထံမှ အသုပ်များကို နှိုက်စားခြင်းမှ ရှောင်ကြဉ်ခဲ့လေသည်။

မမ...စားပါဦးလားဟု လောကွတ်လုပ်လျှင် လောကွတ်လုပ်သူသည် ဒေါ်ခင်စွာစိ၏ ရှုတည်တည်မျက်နှာနှင့် မျက်စောင်းကြီးကို လက်ဆောင်ရရှိမည်ဖြစ်ကြောင်း တစ်ရုံးလုံး သဘောပေါက်သွားကြလေသည်။

တိုင်းပြည်လူတန်းစားနှင့် စီးပွားရေး

င်းပြည်တစ်ခုမှာ လူလတ်တန်းစားအရေအတွက်က  လူချမ်းသာလူတန်းစားနဲ့ အောက်ခြေ ဆင်းရဲသားလူတန်းစားထက် ပိုလို့ များနေမယ်ဆိုရင် အဲဒီတိုင်းပြည်ရဲ့ စီးပွားရေးကောင်းတယ်လို့ ပြောလို့ရပါတယ်။ လူတန်းစားကွာဟမှု အရမ်းကြီးနေမယ်ဆိုရင်တော့ အင်ဒိုနီးရှားက ဥပမာရှိပါတယ်။  လူလတ်တန်းစားဆိုတာက ပညာတတ်၊ လခစား အများအားဖြင့် ရှိပါတယ်။ (အခုဆိုရင် အင်ဒိုနီးရှားမှာ လူလတ်တန်းစား ပညာတတ် ကျောင်းဆရာ၊ ကျောင်းဆရာမများရဲ့ လစာ ဝင်ငွေဟာ အခြား အလုပ်အကိုင်များထက် ပိုလို့ များအောင် တိုးပေးထားပါပြီ။ ပညာရေးကို မြှင့်တင်ဖို့ အစပျိုးတာပါပဲ။ )



လူလတ်တန်းစားများရခြင်းကြောင့် တိုင်းပြည်တွင်းက ပြည်တွင်းထုတ်ကုန်များကို ဝယ်ယူအားပေးသူများတဲ့လူလတ်တန်း



စားများခြင်းကြောင့် တိုင်းပြည်စီးပွားရေးကောင်းမှာ အသေအချာပါပဲ။ လူချမ်းသာလူတန်းစားက ကောင်းပေ့ဆိုသည်များကိုသာ ဝယ်ယူသုံးစွဲသည်မို့ ပြည်ပမှသွင်းကုန်များကိုသာ ဝယ်ယူတာကြောင့် branded

 ဆိုတဲ့အရာများဟာ တာရှည်ခံပြီး ပျက်စီးမလွယ်တာကြောင့် တစ်ခါ ဝယ်ပြီးရင် နှစ်အတော်ကြာသည်ထိ ထပ်မဝယ်ကြပါဘူး။ (သဌေးများကို ဆိုလိုသည်။ သဌေးသား၊ သဌေးသမီးများကို မဆိုလိုပါ။  :D )



လူလတ်တန်းစားအရေအတွက်များမယ်။ သွားလာမှုလွယ်ကူစေမယ့်စကဘူငခ အမညျေစသမအ တွေ အချိန်ပြည့်ရှိနေမယ်။ နေ့လည်ခင်းစာ၊ညစာ ကောင်းမွန်စွာ စားသောက်နိုင်တဲ့အနေအထားမှာရှိတယ်၊ ပြည်ပက သွင်းကုန်နည်းပြီး ပြည်ပပို့ကုန်များမယ်ဆိုရင် အဲဒီတိုင်းပြည်က ချမ်းသာတယ်လို့ ဆိုရမှာပါပဲ။




နောက်တစ်ခုက စားသုံးသူ (ပြည်သူ)တွေအတွက် ရွေးချယ်ခွင့်တွေရှိနေမယ်ဆိုရင်လည်း စီးပွားရေးကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဆိုလိုတာက...ဒီဆိုင်က ဆက်ဆံရေးမကောင်းလို့၊ စျေးတင်ထားလို့ တခြား ဆက်ဆံရေးကောင်းတဲ့ဆိုင်၊ စျေးနှုန်းသင့်တင့်တဲ့ဆိုင်မှာ ပြောင်းပြီး ဖောက်သည်ဖြစ်နိုင်ခွင့်ရှိတာမျိုး။  ရွေးစရာမရှိလို့ ဒီဆိုင်ကိုပဲ ဆက်ဆံရေးကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သွားရောက်ဝယ်ယူနေရတာမျိုးက စီးပွားရေးအတွက် ရေရှည်မှာဆိုးကျိုးပဲဖြစ်လာနိုင်ပါတယ်။

 

မလေးရှားတရုတ်ကုန်သည်များကို ဥပမာကြည့်မယ်ဆိုရင် ဆိုင်ရှင်ကိုယ်တိုင်က ဆိုင်မှာရှိနေပြီး ဝယ်သူလာရင်  ပြုံးရွှင်ချိုသာစွာနဲ့ ဒါလေးရော သုံးကြည့်ပါလား။ ဒါလည်း ကောင်းတယ် စသည်ဖြင့် ဝယ်သူ ဝယ်ချင်အောင် ပြောဆိုတတ်သလို ဆိုင်အလုပ်သမားများရှိသော်လည်း ဝယ်သူသွားသည့်အထုပ်များကို ကိုယ်တိုင် ကားပေါ်သလို့ လိုက်တင်ပေးခြင်း၊ သားသမီးများမှာလည်း ယူနီဗာစီတီကျောင်းသား၊ ကျောင်းသူများဖြစ်သော်လည်း ကျောင်းပိတ်ရက် မိဘဆိုင်တွင် ကူညီသောအခါ သားသမီးများကိုယ်တိုင်က ဝယ်သူစိတ်တိုင်းကျ စိတ်ရှည်သလို ကိုယ်တိုင် ကိုယ်ကျ ကားပေါ်လိုက်တင်ပေးခြင်းများကြောင့် ဝယ်သူက ထိုဆိုင်မှာပဲ အမြဲဝယ်ယူအားပေးတာမျိုးတွေကို နမူနာကြည့်သင့်ပါတယ်။ ကုန်စုံဆိုင်တင်မှ မဟုတ်ဘဲ ကုန်တိုက်ကြီးများကို ပိုင်ဆိုင်သော ပိုင်ရှင်ကိုယ်တိုင် ၊ ရှယ်ယာအဖွဲ့ဝင်များကိုယ်တိုင်က မိမိ၏ ကုန်တိုက်ကို ရောက်နေခိုက် ဝယ်သူကို ကိုယ်တိုင် ဂရုစိုက်ကာ ကိုယ်တိုင်ထုပ်ပိုးပေးခြင်းများရှိပါတယ်။






ဆက်ဆံရေးမကောင်းတဲ့ဆိုင်ကနေ တခြား ဆက်ဆံရေးကောင်းတဲ့ဆိုင်ကို စားသုံးသူများက ပြောင်းပြီး အားပေးကြတာမို့  စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များကလည်း စားသုံးသူအပေါ်ကို ကောင်းမွန်စွာဆက်ဆံပါတယ်။ ရက်လွန်များကို ညာမရောင်းသလို သူတို့ မဖယ်ရှားလိုက်ရသေးမီ စားသုံးသူက ယူငင်ဝယ်ယူမိတယ်ဆိုရင် ပြန်သိမ်းပါတယ်။ ဒါကတော့ ရက်လွန်နေပြီ။ sorryပါနော်။ ဒီညနေ တစ်ခေါက်ပြန်လာခဲ့ပါဦး စသည်ဖြင့် စားသုံးသူအပေါ် စေတနာထားတာဟာ သူတို့စီးပွားရေး ရေရှည်ကောင်းမွန်အောင်လည်းဖြစ်သလို စားသုံးသူအနေနဲ့လည်း ဘေးကင်းတဲ့အတွက် ကျေနပ်စေနိုင်ပါတယ်။



ပြည်ပအလုပ်သမားများထက် ပြည်တွင်းအလုပ်သမားများကိုပဲ ဦးစားပေးအလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်းဟာလည်း တိုင်းပြည်မှာ ခိုးမှု၊ လုယက်မှုတွေ လျော့ပါးအောင် ထိန်းသိမ်းနိုင်ပါတယ်။  ပြည်ပ နိုင်ငံခြားသား ပညာရှင်ထက် ပြည်တွင်း ပညာရှင်များကို အသုံးချနိုင်တဲ့အခါမှာ တိုင်းပြည် တည်ငြိမ်နိုင်တယ်လို့ ပြောလို့ရပါတယ်။  ပြည်တွင်းမှ ပညာရှင်များထွက်ပေါ်လာစေရန် ကျောင်းစရိတ်ထောက်ပံ့ကာ စာချုပ်၊ စာတမ်းဖြင့် ပညာတော်သင်စေလွှတ်ခြင်းများနှင့် သင့်လျော်သော လစာငွေများကြောင့် ပြည်တွင်းပညာရှင်များက တိုင်းပြည်မှ အပြီးထွက်ခွာသွားခြင်း မရှိဘဲ မိဘ၊ ဆွေမျိုးများရှိရာ မွေးရပ်မြေကိုပဲ ပြန်လာ အလုပ်လုပ်လာနိုင်ပါတယ်။ ဥပမာ။ မလေးရှား)



 ဒီဟာတွေကတွေးမိသလောက်ပါ။ တစ်ခါခါမှာ သီအိုရီနဲ့ လက်တွေ့က ကွာခြားတတ်တာကြောင့်  exceptional case တွေ ရှိနိုင်ပါတယ်။

မြေနိမ့်သူ


လမ်းဆုံးက ရွာကိုရောက်ဖို့

ခပ်သွက်သွက် ပြေး

အာရုံမှာ မဲနေလိုက်တာ

ကျောမှာ စူးနစ်ဝင်နေတဲ့

မြေနိမ့်ရာကို ရွေးစိုက်တဲ့လှံတွေကို

ဂရုမထားမိခဲ့ဘူး။



ခပ်အေးအေး ခံစားမှုကြောင့်မှ

အလို...သွေးစိမ်းရှင်ရှင်တွေပါလား



ကိုယ့်လမ်းကိုယ် သွားတယ်ဆိုပေမင့်

ခလုတ်နဲ့ဆူး ခင်းသူတွေ

ကောင်းမှုစေတနာကြောင့်

ခလုတ်ဖယ်၊ ဆူးထွင်ရင်း

ခရီးတစ်ထောက် ကျိုးလာလိုက်တာ



ကိုယ့်ကျောက လှံတွေကြောင့်မှ

မြေနိမ့်သူပါလား သံဝေဂရမိ



ကိုယ့်ချွေးတွေနဲ့

စိုက်ခဲ့တဲ့ မိုင်တိုင်တွေမှာ

သူများကို နင်းခဲ့တာတွေ မပါခဲ့တာ

တစ်ပါးသူမျက်ရည်တွေမပါတဲ့

ကိုယ့်ထမင်း အနပ်တိုင်းအတွက်

မြေနိမ့်နေရတာကိုကပဲ

ဆုလာဘ်ကြီးတစ်ပါး ။   ။





၂၀၁၀ ၊ စက်တင်ဘာလ ၂၉ ရက်

နံနက် ၃ နာရီ ၂၂ မိနစ် ၆ စက္ကန့်။

ကံဆိုးတာလား ကံကောင်းတာလား

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်တဲ့။ ဘုရင်ကြီးက ခြေသန်းလေး ပြတ်နေတယ်တဲ့။ ဒါကို ဘယ်သူမှ မသိဘူးပေါ့။ ဘုရင်ကြီးကတော့ ရှက်လို့ ဘယ်သူမှ မသိအောင် ဖုံးထားတာ။

တစ်နေ့ကျတော့ ဘုရင်ကြီးရယ် သူ့ သက်တော်စောင့်ရယ် တောကစားထွက်ရင်း တောထဲမှာ လမ်းပျောက်ပြီးတော့

လူရိုင်းတွေက ဖမ်းမိသွားရော။

လူရိုင်းတွေက ယဇ်ပူဇော်တဲ့လူရိုင်းတွေဆိုတော့ သူတို့ကို သတ်မှာပဲလေ။

အဲမှာ လူရိုင်းတွေက ယဇ်ပူဇော်ဖို့ဆို သတ်မယ်ပြင်တော့ ဘုရင်ကြီးရဲ့ ခြေထောက်ကိုတွေ့သွားရော။

အင်္ဂါမစုံလို့ ယဇ်ပူဇော်လို့ မရလို့ဆို ဘုရင်ကြီးကိုတော့ မသတ်ဘဲနဲ့ လွှတ်ပေးလိုက်တယ်။ သက်တော်စောင့်ကတော့ ခြေ၊လက်၊ အင်္ဂါ စုံလို့ဆို ယဇ်ပူဇော်ဖို့ အသတ်ခံလိုက်ရတယ် တဲ့။



ခြေသန်းပြတ်နေလို့ ရှက်စရာကောင်းလှချေလို့ တစ်သက်လုံး သူ့ကိုယ်သူ ထင်ထားခဲ့တဲ့ ဘုရင်ကြီးဟာ သူ့ ခြေသန်းလေးပြတ်နေတာကြောင့် သူ အင်မတန် ကံကောင်းမှန်း သိသွားတယ်လေ။



အဲဒီလိုပဲပေ့ါ...ဘဝမှာ ဆုံးရှုံးခဲ့ရတာတွေအတွက် ပူဆွေးသောကတွေဖြစ်နေပေမယ့် အဲဒီ ဆုံးရှုံးမှုဟာ အနာဂတ်မှာ ကောင်းဖို့အတွက် ဖြစ်လာတာတွေပဲ။

တစ်စုံ တစ်ဦးကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်း စိတ်မကောင်းဖြစ်နေတာဟာ တကယ်တော့ ပိုကောင်းဖို့အတွက် ၊ ကိုယ့်ဘဝထဲကနေ ကိုယ့်အတွက် မကောင်းတဲ့သူကို ကံကြမ္မာက ဖယ်ရှားပေးလိုက်တာလည်း ဖြစ်နိုင်တာပဲ။



ဘာကိုမှ ဝမ်းနည်းဖို့ မရှိပါဘူးနော်။ တစ်ခုကို ဆုံးရှုံးသွားခဲ့ရင် ပြန်လည် တည်ဆောက်နိုင်တဲ့ အရာတွေ အများကြီးရှိတာပဲ။

စိတ်မညစ်ပါနဲ့

ဘဝဆိုတာ ပန်းခင်းလမ်း မဟုတ်ဘူးလို့ ပြောကြတာ ဘဝမှာ စိတ်ညစ်စရာတွေက အများသား။
ဒါပေမဲ့ ထိုင် စိတ်ညစ်နေလို့ ပြီးသွားရောလား။ ပြီးသွားမယ်ဆို ထိုင် စိတ်ညစ်လိုက်ပါတယ်။
ပြဿနာဆိုတာ ရင်ဆိုင်လိုက်မှ ဖြေရှင်းလိုက်မှ ပြီးသွားတဲ့အရာပေပဲ။ စိတ်ညစ်ညစ်နဲ့ ရင်ဆိုင်မလား...ခေါင်းအေးအေးနဲ့ ရင်ဆိုင်မလား...ကိုယ့်ရွေးချယ်ပိုင်ခွင့်ပဲ။ ရလဒ်ကို ကိုယ်ပဲ ခံစားရမှာ။

ပျော်တယ် မပျော်ဘူးဆိုတာက ကိုယ့်စိတ်နဲ့ပဲ ဆိုင်ပါတယ်။ ပျော်စရာလို့ မြင်ရင် ပျော်စရာကောင်းနေရော။ မနက်မိုးလင်းလာလို့ အိမ်တံခါးဖွင့်လိုက်လို့ ပြင်ပလောကကြီးနဲ့ နေအလင်းရောင်ကိုမြင်ရတဲ့ မြင်ကွင်းက ကိုယ့်အတွက် ပျော်စရာဖြစ်နေတယ်ဆို ပျော်စရာပေ့ါ။ မနက်မိုးလင်းလာပြီ...ဒီမနက်အလင်းရောင်ကို ငါ မြင်တွေ့ခွင့်ရတယ်...ငါ့အသက်နဲ့ ကိုယ် အတူတွဲလျက်ရှိနေသေးတယ်..ငါ့ခြေထောက်ပေါ်မှာ ငါ ရပ်နိုင်ပြီး ငါသွားလိုတဲ့နေရာကို သွားနိုင်တယ်...လမ်းလျှောက်နိုင်တယ်...ငါ စားချင်တာတွေ ချက်ပြုတ်နေနိုင်သေးတယ်...ငါ ဘုရားဝတ်ပြုနိုင်သေးတယ်...ငါ တရားမှတ်နေနိုင်သေးတယ်...လေပြေနဲ့အတူပါလာတဲ့ ပန်းရနံ့တွေ ရှုူနေနိုင်သေးတယ်...ငါ အတော် ကံကောင်းနေပါလားလို့ တွေးမိရင် ပျော်စရာကောင်းပါတယ်။

ကိုယ် အသက်ရှင်နေသရွေ့ ဘယ်ပြဿနာမဆိုက လူ့ဘဝနဲ့ နှိုင်းစာရင် သေးသေးလေးပါပဲ။ တစ်ခါခါမှာ လူတွေဟာ တကယ် ပြဿနာမဟုတ်တာတွေကို ပြဿနာဖြစ်နေတတ်ကြရော။ စိတ်ညစ်စရာတွေလား...ရှိတာပေ့ါ။ လူပဲဟာ။ ဘဝတစ်ခုကို ရထားတဲ့ လူပဲ...စိတ်ညစ်စရာတွေ ရှိတာပေ့ါ။ ဒါပေမဲ့ စိတ်ညစ်စရာဆိုတိုင်း စိတ်ညစ်လိုက်ရမှာလား။
ဒါဆို အဲဒီ စိတ်ညစ်စရာက ကိုယ့်ကို အနိုင်ရသွားမှာပေ့ါ။ မပေးပါဘူး..သူ့ကို အနိုင်။ အဲဒီ စိတ်ညစ်စရာတွေကို ကိုင်း..လာလေရော့လို့ ပျော်စရာတွေဖြစ်အောင် လုပ်ပစ်လိုက်မှာပေ့ါ။

မိဘတွေနဲ့ တစ်တိုင်းပြည်စီ အဝေးမှာ တစ်ယောက်တည်းနေ၊ ကြင်နာသူ မရှိ၊ တစ်ယောက်တည်း ဘဝကို ရင်ဆိုင်ခဲ့ဖုူးတာပဲ။ မနက်မိုးလင်းလာရင် ကျောင်းသွားဖို့ပြင်၊ အခန်းတံခါးသော့ခတ်၊ အလုပ်ရှိရာ ကျောင်းကိုသွား၊
ညနေစောင်း ကျောင်းကနေပြန်ရောက် ၊ အခန်းတံခါး သော့ဖွင့်ဝင်၊ ဘုံးဆို လွယ်ထားတဲ့အိတ်ကို ပစ်ချ၊ ထမင်းချက် ၊ ညစာရှာစား၊ ပြီးတော့ သီချင်းလေးဖွင့် စာဖတ်၊ ဘုရားရှိခိုး၊ အိပ်။ ကျောင်းပိတ်ရက်မှာ အခန်းရှင်း၊ တစ်ပတ်စာ အဝတ်တွေ လျှော်ဖွပ်၊ မီးပူတိုက်၊ စျေးသွားဝယ် ၊ စားချင်တာလေးတွေ ချက်ထား၊ ဖတ်ချင်တဲ့ စာအုပ်တွေ သွားဝယ်ဖတ်၊ စာအုပ်တွေထဲက ကူးချင်တာတွေကို ဗလာစာအုပ်ထဲချရေးကူး။
ငါ တစ်ယောက်တည်းပါလား လို့လည်း တစ်ခါမှ မတွေးမိသလို ၊ ငါ တစ်ယောက်တည်း အထီးကျန်နေရှာတယ် ကိုယ့်ကိုယ်ကို သနားစရာလို့လည်း မတွေးမိ။ အမြင်ကပ်စရာတောင ်ကောင်းသေးတော့။ တစ်ယောက်တည်း စိတ်ကြိုက် သီချင်းတွေဖွင့်၊ ကလေးတွေ လေ့ကျင့်ခန်းစာအုပ်တွေ အိမ်ယူလာတာတွေကို စစ်၊ အလုပ်လုပ်ချင်တာလေးတွေလုပ်၊ စာဖတ်ချင်တာလေးတွေဖတ်၊ တစ်ယောက်တည်းနဲ့တောင် အချိန်က မလောက်ဖြစ်နေခဲ့ရသေးတယ်။ နေမကောင်းဖြစ်ချိန်တော့ အားငယ်တာမျိုးတွေ ရှိတာပေ့ါ။ ကျောင်းဆေးခန်းက ဆရာဝန်မနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြင်နာမှုတွေက အားငယ်တာတွေကို မေ့ပြစ်လိုက်နိုင်တာပဲ။ ဘယ်မှာ အထီးကျန်ခဲ့လို့လဲ...စာအုပ်တွေရှိတယ်။ သီချင်းတွေရှိတယ်လေ။ သီချင်းတွေ လိုက်အော်ဆိုနေရင် ပိုတောင်မှ ပျော်ဖို့ ကောင်းသေးတာ။

စာအုပ်တွေနဲ့ အတူ ကမ္ဘာကြီးတစ်ပတ်ရောက်တယ်။ မရောက်ဖူးသေးတဲ့နေရာတွေကို ရောက်တယ်။ စာအုပ်တွေနဲ့အတူ စာရေးဆရာနဲ့ အတွေးအခေါ်ချင်း စကားပြောဖြစ်တယ်။ စာရေးဆရာနဲ့ စိတ်ချင်း စကားပြောကြတယ်။ စာအုပ်တွေနဲ့အတူ မသိသေးတာတွေ သိလာတယ်။ စာအုပ်တွေထဲက ချက်ပြုတ်နည်းလေးတွေ စမ်းချက်ကြည့်လိုက်တယ်။ ဖြစ်သွားရင် တယ်ဟုတ်တဲ့ ငါပါလား...ငါကွဆို ပျော်တောင်ပျော်သေး။ သီချင်းတွေနဲ့အတူ လှတဲ့ ကမ္ဘာလောကကြီးကို ခံစားမြင်ရတယ်။

ကိုယ့်အပေါ် မကောင်းတဲ့သူတွေလည်း ရှိတာပေ့ါ။ လူပဲ။ ကိုယ့်ကို ကြည့်မရတဲ့သူ၊ ကိုယ်က ကြည့်မရတဲ့သူတွေ ရှိတာပေ့ါ။ ပုထုဇဉ်ပီပီ ကိုယ် ကြည့်မရတဲ့သူ၊ ကိုယ့်အပေါ် မကောင်းတဲ့သူကို မကောင်းပြောမိတာရှိတာပေ့ါ။ ဒါပေမဲ့ ကိုယ့်စိတ်မှာ မကျေမနပ်ဖြစ်နေတဲ့ တစ်ခါပဲလေ...ပြောမိလိုက်တယ်။ ပြီးတော့ မေ့သွားရော။ ဟုတ်တယ်လေ...သတိရနေဖို့ လိုသလား။ ကိုယ့်အပေါ် မကောင်းတဲ့လူတွေပါ ဆိုနေမှ။
ကိုယ့်အပေါ် ကောင်းတဲ့သူ၊ ကိုယ်ချစ်တဲ့သူတွေကိုပဲ သတိရမှာပေ့ါ။

သူများတွေက အတင်းပြောတာတွေလား...ဘာမှ မဖြစ်ပါဘူး။ သူတို့ ပြောနိုင်လို့ ပြောတာပဲ။ ကိုယ်လည်း ကိုယ်ပြောနိုင်ရင်၊ ပြောဖို့ အချိန်ပေးနိုင်ရင် ပြောရင် ပြောမိမှာပေ့ါ။ ကိုယ်ကမှ သူတို့ အကြောင်းပြောဖို့ အချိန်မပေးနိုင်တာ။ သူတို့ပြောတာတွေကို ဘာ နာရမှာလဲ။ ကိုယ် မဟုတ်ရင် သြော်...သူတို့ ပြောနေကြတဲ့အတိုင်းမှ ငါက မဟုတ်တာ..သူတို့ ပြောနေတာ ငါမှ မဟုတ်ဘဲ ထားလိုက်ပါလို့။ ဟုတ်နေရင်ရော...သြော်...ဟုတ်သား...တော်သေး သူတို့သတိပေးပေလို့ နို့မို့ ငါ့ကိုယ်ငါ သိမှာ မဟုတ်ဘူးလို့ ကျေးဇူးတောင် တင်ရသေး။ မဟုတ်တာတွေ လျှောက်ပြောတဲ့သူတွေရှိရင် ပိုတောင် ပျော်ဖို့ ကောင်းသေး။ သူတို့ ပြောတဲ့အတိုင်း ကိုယ်ကမှ မဟုတ်တော့ ပြောသူတွေပဲ ဖောင်းတော့တာပေ့ါ။ သူများတွေကလည်း ဦးနှောက်နဲ့ ဆင်ခြင်နိုင်တဲ့လူတွေပဲဟာ။ အဲမှာ ကိုယ်က ပတ်ဝန်းကျင်မှာ အမှတ်တွေ တက်ရော။ လောကကြီးက ဒီလိုနေရာတွေမှာ တရားမျှတပါတယ်။

ငရဲကြီးတယ် ဆိုတာ

ယနေ့ခေတ်ဟာ အိုင်တီခေတ် ၊ နည်းပညာခေတ် ဟုပြောနေကြသည့်အတိုင်း သိပ ္ပံ ပညာ ၊ စက်မှုလက်မှုနည်းပညာ ထွန်းကားတိုးတက်မှုမှာ အံ့မခန်း ပင်ဖြစ် ပါတယ်။ ထိုတိုးတက်နေသော ၊ အသစ်အသစ်သော နည်းပညာများနောက်သို့ အမီလိုက်နိုင်ကြသူအများစုမှာ လူငယ်များဖြစ်သည့်အလျောက် ယနေ့ခေတ်လူငယ်များသည် လူကြီးများထက် ကွန်ပျုတာ နည်းပညာ ပိုမိုတတ်မြောက်ကြတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ တက်စရာ သင်တန်းတွေ ၊ ဆည်းပူးစရာ ပညာရပ်တွေကလည်း မကုန်နိုင် ၊ မခမ်းနိုင်ပေပဲမို့ လူငယ်တွေကိုကြည့်လိုက်ရင် အမြဲအလုပ်ရှုပ် ၊ အနားမနေကြရပါဘူး။ အထက်တန်းအောင်ပြီ ဆိုတာ နဲ့ အင်္ဂလိပ်စာ သင်တန်းတွေတက် ၊ ကွန်ပျုတာ ၊ စာရင်းကိုင်သင်တန်းတွေတက် နဲ့ ဘဝတိုးတက်မှု ကိုရှာဖွေနေကြပါတယ်။ သင်တန်းဆင်းလက်မှတ်ရပြီးရင် အလုပ်ရှာ ၊ တက္ကသိုလ် မတက်ခင်ကတည်းကကိုပဲ အလုပ်အကိုင်နဲ့ဖြစ်နေကြပါပြီ။



အသက်ငယ်ငယ်လေးတွေနဲ့ ကိုယ့်ဝင်ငွေလစာ လေးတွေနဲ့ဖြစ်နေကြတာ ချီးကျုးစရာပါပဲ။ မိသားစု တာဝန်ကို ဝင်ထမ်းကြတာ သိတတ်ကြတာ အင်မတန် ကိုကောင်းပါတယ်။ မိဘ များအနေနဲ့ကလည်း ကိုယ့်သားသမီးအတွက် အင်မတန် ဂုဏ်ယူကြတာလေ။ ကျွန်မသားကတော့ဖြင့် ဘယ်ကုမ္မဏီ ကြီး မှာ ပေ့ါ။ ကျွန်မ သားက ကွန်ပျုတာပရိုဂရမ်မာလေ။ သမီးက ဘယ်ရုံးမှာ စာရင်းကိုင်လေ နဲ့ ပြောရတာ အင်မတန်ကိုဂုဏ်ရှိပါပေတယ်။ အလုပ်က အိုဗာတိုင် ဆိုလည်း အိမ်ပြန်နောက်ကျတဲ့ သမီးကို လမ်းထိပ်ထွက ်မျှော် စောင့် တဲ့ မိဘ ၊ သမီးထမင်းချိုင့်အတွက် နံနက်အစောကြီး ထ ချက်ပြုတ်တဲ့ အမေ ကိုမောသလားလို့မေးရင် မမောဘူးပဲဖြေကြမှာပါ။ သား ပညာတတ်ကြီး ၊ သမီးပညာတတ်ကြီးတွေအတွက်ဂုဏ်ယူနေကြတဲ့ မိဘတွေ ပီတိတွေနဲ့ပေ့ါ။ လူငယ်တွေဘက်ကကျတော့လည်း အသက်ငယ်ငယ်လေးနဲ့ လုပ်ငန်းတာဝန် တွေထမ်းဆောင် ၊ ပညာအကြီးကြီးတွေတတ်နေလေတော့ မာန်လေး နည်းနည်း ရှိလာပြီလေ။ လူငယ်မာန နဲ့ ငါ ဆိုတာလေးတွေဖြစ်လာကြပြီ။ မိဘ က ငယ်စဉ် ကတည်းကကျွေးမွေးပြုစု ပညာသင်ပေးလို့ ဒီနေ့ ဒီအချိန်မှာ ဒီလိုဖြစ်နေတာကို မေ့တေ့တေ့ဖြစ်နေကြပြီ။ ငါ တော်လို့ ၊ ငါတတ်လို့ ဆိုပြီး လက်မလေး တွေ ထောင်ချင်နေကြပြီလေ။ အလုပ်ကပင်ပန်း၊ စိတ်ကရှုပ်နဲ့ အိမ်မှာဆို မိဘ ကိုစကား ကောင်းကောင်း မပြောချင်တော့ဘူး။ အမေ ၊ အဖေက မေးတာကိုပဲ စိတ်တိုနေပြီ။ မိဘ ဆိုတော့လည်း ကိုယ့်သားသမီး ဘယ်သွားမယ် ၊ ဘယ်လာမယ် သိချင် ၊ စိတ်ပူတာပေ့ါ။ ရုံးပိတ်ရက်လေးမှာ အပြင်ထွက်ဖို့ပြင်ဆင်နေတဲ့ သမီး ၊ သားကို ဘယ်သွားမလို့လဲ မေးမိရင် ကလေးတွေက မကြိုက်ချင်တော့ဘူး။



များသောအားဖြင့် အသက်၂၀ကျော်လူငယ်လေးတွေဟာ အဖေ နဲ့ အဆင်မပြေဖြစ်ကြတာများတယ်။ ဖခင် ဆိုတာ အိမ်ထောင်ဦးစီး မို့ အားလုံးကရိုသေ ပြီးနေကြတာမှာ အဖေ က ပင်စင် စားဖြစ်တဲ့အချိန် ၊ သား သမီးက အလုပ်အကိုင်ရှိတဲ့အချိန်မှာ ဖခင်နဲ့ သားသမီး သဘောကွဲမှုလေး တွေ ဖြစ်လာတယ်။ ဖခင်ဘက်ကလည်း သူရှာဖွေကျွေးမွေးပြုစုလာတဲ့ သားသမီးက ခုလို သူ ငွေမရှာနိုင်တော့တဲ့အချိန်မှာ မလေးစားတော့တာလို့ အမြင်ဖြစ်ပြီး သားသမီးဘက်ကကျတော့လည်း အဖေက နေရာတကာ ဝင်ပါနေတယ် လို့ ထင်ကြပြန်ရော။



အလုပ်ထဲမှာလည်း အနည်းနဲ့ အများဆိုသလို စိတ်တင်းကြပ်မှုလေးတွေ ၊ စိတ်ဖိစီးမှုလေးတွေ ရှိနေလေတော့ အိမ်ပြန်ရောက်ရင် မိဘ နဲ့စကားပြော ရာမှာ ဘောက်ဆတ်ဆတ် ဖြစ်ကုန်ကြပြီ။ အလုပ်မှာကကြောက်ရမယ့်သူတွေ ၊ အထက်လူကြီးတွေ ၊ စီနီယာတွေ နဲ့မို့ ဒေါသ ကိုထိန်းချုပ်ထားရတာတွေ အိမ်ပြန် ရောက်ရင် ပေါက်ကွဲပြီလေ။ အဲသည်တော့ မိဘ နဲ့ သားသမီး ကြား နားလည်မှုလေးတွေက လွဲပြီပေ့ါ။ လူငယ်တွေကလည်း မိဘတွေက သူတို့ကို နားလည်မပေးဘူး လို့ မြင်ကြပြီး မိဘတွေဘက်ကကျတော့လည်း ကလေးတွေ့က ရှာနိုင်ဖွေနိုင်တဲ့အခါမို့ မောက်မာနေကြပြီ လို့ ထင်ကြတယ်။



နောက်တစ်ခုက လုပ်တိုင်းမဖြစ်တဲ့ အနေအထားတွေ အလုပ်ထဲမှာ ရှိတယ်လေ။ လူငယ်တွေက တိုးတက်ချင်တယ်။ ကြိုးစားတယ် ။ ဒါပေမဲ့ ကြိုးစား သလောက်အရာမရောက်ဘူး။ အချိန်မတိုင်သေးလို့ မဖြစ်သေး တာလည်း ဖြစ်မှာပဲ။ လူငယ်ဆိုတာက အမြဲ ဘဝ တိုးတက်ရေးလမ်း ရှာဖွေနေတဲ့သူတွေ။ ရည်မှန်းချက်ကြီး ၊ မျှော်လင့်ချက်ကြီးကြီး နဲ့ ကြိုးစားပေမယ့် ထင်သလောက်ဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျ သွားတာလည်းရှိတယ်။ အဲသည်လို အချိန်တွေမှာ အိမ်မှာ မိဘ နဲ့ ပိုလို့ အဆင်မပြေတော့ဘူး။ ဘယ်သူက ဘာပဲပြောလိုက် ပြောလိုက်အကောင်းကိုမမြင်တော့ဘူးလေ။ အလိုလို စိတ်တိုနေတတ်ရော။ တကယ်တန်းကျတော့ အဲသည်လို လုပ်တိုင်းမဖြစ်၊ မှန်းထားတိုင်း မဖြစ်တာတွေဟာ ငရဲကြီးတာပါ။



လူတွေထင်ကြတာက ငရဲကြီးတယ်ဆိုတာ ခုဘဝက သေလွန်တဲ့အခါမှာ အဝီစိ ငရဲကိုကျပြီး ငရဲသားတွေ ဆီပူအိုးကြီးထဲမှာ ထည့်ကြော်တာကို ခံရတာလို့။ ပြန်စဉ်းစားကြည့်ရင် မိဘ ကို မချေမငံပြန်ပြောမိတာလေးတွေ ၊ အမေ ကလည်းဗျာ ရှုပ်လိုက်တာ....အဖေကလည်း ဒါလေးတောင် မသိဘူးလားလို့ မောက်မောက်မာမာ ပြောမိတာလေးတွေက ကံကြီးထိုက်ပြီး ကိုယ်ဖြစ်လိုရာ ဆန္ဒ္ဒတွေက မပြည့်တော့တာလေ။ မိဘ စိတ်ဆင်းရဲ သွားတာမျိုး၊ စိတ်ခု သွားတာမျိုး ဖြစ်စေတဲ့ သားသမီးဟာ ဘဝမှာ ဘာတွေပဲ လုပ်လုပ် ကိုယ်မှန်းသလောက်အဆင်မပြေပါဘူး။ မယုံဘူး ဆိုရင် အောင်မြင်နေတဲ့ လူငယ်လေးတွေ ကိုလှမ်းကြည့်လိုက်ပါ။ မိဘ နဲ့ပြောဆို ဆက်ဆံရာမှာ သိမ်မွေ့ ပြီး မိဘ စကားနားထောင်တဲ့ လူငယ်လေးတွေသာပဲ အောင်မြင်မှု ကိုကြာ ရှည် ထိန်းထားနိုင်ပြီး ဘယ်တော့မှ အမှားမတွေ့ ၊ အခက်အခဲကြုံလာရင်လည်း ကူညီမယ့်သူ အဆင်သင့် ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေက အစ မိဘ နဲ့ပြောဆိုဆက်ဆံရာမှာ သတိပြုရပါမယ်။ ကျွန်မ ကိုယ်တိုင်လည်း အသက် ၂၃ နှစ် အရွယ်တုန်းက မိဘ ကိုမောက်မာခဲ့မိတာ ။ နောက်ဘာမှအဆင်မပြေဖြစ်တော့ မှ ဆရာတော် ဘုရားတွေရဲ့ ဆုံးမစကားတွေ ၊ တရားတွေ နားထောင်ပြီး မိဘ ကို ပြန်လည်တောင်းပန် ရှိခိုး ပြီး ခွင့်လွှတ်ပါတယ် ဆိုတဲ့ အမေ့ရဲ့ စကားကြားရအပြီးမှာမှ ဘဝ မှာ ပြန်လည်အဆင်ပြေလာတဲ့သူလေ။



အဲသည်နောက် ဘဝ တစ်လျှောက်လုံးဘယ်တော့မှ မိဘ ကို မလွန်ဆန်တော့ဘူးလေ။ ကောင်းကောင်းကြီးကိုနောင်တရပြီး မိဘ ကျေးဇူး မိဘ တန်ဖိုးကို သိမြင်လာပြီလေ။ ကိုယ်က ပညာတတ်နေတာ က မိဘ က ငယ်စဉ်က ကျောင်း ထားပေးခဲ့လို့ပေ့ါ။ မိဘ ကသာ ကျောင်းမထားပေးခဲ့ရင် ဘယ်လို မူလတန်း၊ အလယ်တန်း၊အထက်တန်းအောင် ပြီး ဘွဲ့ရ ပညာတတ်ဖြစ်နိုင်မှာလဲ။ ပညာရေးအတွက် အသုံးစရိတ်ကရော မိဘ ပိုက်ဆံပဲ မဟုတ်လား ။ ခုမှ အလုပ်အကိုင်လေးရှိမှ မိဘ ကျေးဇူးကြောင့် ပညာတတ်ဖြစ်လာတာကိုမေ့ပြီး ငါတော် လို့ ၊ ငါတတ်လို့ သည်လို ရုံးကြီးမှာ သည်လို မျိုးရာထူး အလုပ်မျိုးရတာ ဆိုပြီး လက်မထောင်ချင်တဲ့ လူငယ်လေး တွေ စဉ်းစားစေချင်ပါတယ်။



မိဘကိုစိတ်ချမ်းသာစေတဲ့ သားသမီး မျိးဟာ ဘယ်တော့မှ မဆင်းရဲဘူး ဆိုတဲ့စကားဟာ အင်မတန်ကို မှန်ကန်လို့ ပြောနေကြတဲ့စကားပါ။ မဆင်းရဲဘူး ဆိုတဲ့နေရာမှာ ကိုယ်ရော ၊ စိတ်ရောပါ။ မယုံဘူး ဆိုရင် လက်တွေ့လည်း လုပ်ကြည့်လိုက်ပါ။ အရင်က အဆင်မပြေဖြစ်နေတာလေး တွေ ပြန်လည် အဆင်ပြေ တိုးတက်လာပါလိမ့်မယ်။ လူငယ်တွေ အသက်ရှင် လျက် ငရဲကျ မခံချင်ကြပါနဲ့ ။





ဟနစံ

လူထဲမှာ

ကျွန်မတို့တွေဟာ လုပ်ငန်းခွင်မှာရော လူမှုပတ်ဝန်းကျင်မှာပါ နေ့စဉ်နေ့တိုင်း လူအမျိုးမျိုးနဲ့ ပြောဆိုပတ်သက်ဆက်ဆံနေရပါတယ်။ လူတစ်ဦးနှင့်တစ်ဦး မတူညီကြတဲ့အတွက် တစ်ယောက်တစ်မျိုးဆိုသလိုပါပဲ။ အရာရာတိုင်းဟာအကောင်းချည်းမရှိသလို အဆိုးချည်းလည်းရှိတာမဟုတ်ပါဘူး။ လူတစ်ယောက်မှာကောင်းတဲ့စိတ်နေစိတ်ထားရှိသလို တခါတခါမှာတော့လည်း အများနှင့်စိတ်သဘောချင်းမတိုက်ဆိုင်တတ်ဘဲ သဘောဆိုးတယ်လို့ ထင်ရမြင်ရတတ်တာတွေလည်းရှိပါတယ်။ များသောအားဖြင့်တော့ လူတွေဟာ အတတ်နိုင်ဆုံး မိမိကိုယ်ကိုကောင်းအောင်ကြိုးစားနေကြတာချည်းပါပဲ။ တတ်နိုင်သလောက် မေတ္တာ ၊ စေတနာထားနေကြတာပါပဲ။ ဒါပေမယ့်လည်း ကိုယ့်ဘက်ကကြည့်တော့လက်ဖဝါး ၊ သူ့ဘက်ကကြည့်တော့လက်ဖမိုး ဆိုသလို အမြင်ချင်းမတူညီဘဲ ကွဲလွဲတာလေးတွေရှိရင် လူမှုဆက်ဆံရေးမှာ စိတ်ကသိကအောက်ဖြစ်ကြရပါတယ်။

ကိုယ်ကအတတ်နိုင်ဆုံးကောင်းအောင်နေပါလျက်နဲ့ သူတစ်ပါးအပေါ်စေတနာထားပါလျက်နဲ့ ကိုယ့်ကပေးဆပ်လိုက်ပါလျက်နဲ့ ကိုယ့်အပေါ်သူရဲ့ တုန့်ပြန်မှုက ကိုယ်ပေးလိုက်သလို မဟုတ်ဘူး ရယ်လို့ တနုံ့နုံ့ခံစားဝမ်းနည်းနေကြတဲ့သူတွေလည်းတွေ့ဖူးပါတယ်။ ကိုယ်တတ်နိုင်တဲ့အရာဆိုရင် ကိုယ်တတ်နိုင်သလောက်ကူညီတယ်။ သူ့ဘက်ကတုန့်ပြန်လာမှာကို အစကတည်းက
ဘာမှ မမျှော်လင့်ထားဘူးဆိုရင် သူ့ဘက်ကကိုယ့်ကိုအကောင်းတုန့်ပြန်သည်ဖြစ်စေ၊ အဆိုး
တုန ့်ပြန်သည်ဖြစ်စေ ကျွန်မတို့စိတ်ထဲမှာ ဘာမှမထိခိုက်မခံစားရတော့ပါဘူး။ သြော်....ငါကတော့သူ့အပေါ်မှာစေတနာတွေထားလိုက်ရတာ။ သူ့ကျတော့ငါ့ကိုအဲ ဒီလို ဆိုပြီး စိတ်မကောင်းဖြစ်ရုံတင်မကဘဲ ဒေ ါသပါဖြစ်လာမယ်ဆိုရင်တော့ ဆိုးရွားတဲ့ လူမှု ဆက်ဆံရေး တစ်ရပ် မကြာမီမှာဖြစ်ပေါ်လာတော့မှာပါပဲ။ ငါကတော့ အတတ်နိုင်ဆုံး သူ့အပေါ်မှာ စေတနာ ဖြူစင်စွာနဲ့ကူုညီခဲ့ပြီးပြီ။ သူဘက်ကဘယ်လိုတုန့်ပြန်တာမျိုးမှ ငါစိတ်မဝင်စားဘူး။ ငါလုပ်ပေးနိုင်တာကိုလုပ်ပေးလိုက်ပြီးပြီ ဆိုပြီးသဘောထားလိုက်နိုင်ရင် စိတ်ထဲမှာ ခံစားရ သက်သာမှာပါ။ ဒါမှမဟုတ် ကိုယ်လုပ်ပေးဖူးတဲ့၊ ကိုယ်ကူညီခဲ့ဖူးတဲ့ ကိစ္စ ကို ကိုယ့်ဂုဏ်ကိုယ်ဖော် သိ ဒ္ဓိတင်မနေဘဲ ကိုယ်လုပ်ပေးနိုင်တာကိုလုပ်ပေးပြီးရင် မေ့ပစ်လိုက်မယ်ဆိုရင် စိတ်ငြိမ်းချမ်းမှာပါပဲ။

လူဆိုတာလည်းတစ်ယောက်နဲ့တစ်ယောက်ခံယူချက်ချင်း၊ အမြင်ချင်းချင်းမတူညီကြတဲ့အခါမှာ အထင်မှား ၊ အမြင်မှားဖြစ်တတ်တာတွေရယ်၊ ကြားလူတစ်ဦးရဲ့ ကတုံးကတိုက်စကားတွေရယ်ကြောင့်လည်း တစ်ဦးနှင့် တစ်ဦးအဆင် မပြေ ဖြစ်လာတတ်ကြပါတယ်။ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ကိုယ်တိုင် ဆုံးဖြတ်တာ ဟာ အကောင်းဆုံးပါပဲ။ သူတစ်ပါးစကား ၊ သူတစ်ပါးပြောတာကိုယုံပြီး ဆုံးဖြတ်တတ်တဲ့သူဟာ သူ့မှာရှိထားတဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကိုအသုံးမချသူပါပဲ။ လူူတစ်ဦးနှင့် တစ်ဦးမေတ္တာထား တာချင်းမတူညီကြတဲ့အခါမှာ သူတစ်ပါးနဲ့အဆင်မပြေတဲ့သူဟာ ကိုယ့်အပေါ်မှာ ကျတော့ ကောင်းနေတာမျိုးလည်းရှိတတ်ပါတယ်။ သူများတွေဘာပြောပြော ကိုယ်နဲ့အဆင်ပြေတယ်။ ကိုယ့်အတွက်သူဟာမိတ်ဆွေကောင်းဖြစ်တယ် ဆိုရင်သူတစ်ပါးစကားတွေကို ကျွန်မတို့က ဘာ့ကြောင့်ယုံနေဦးမှာလဲ။

တစ်ခါတစ်ရံမှာ ကျွန်မတို့ကအမှန်လို့ယူဆထားတဲ့အကြောင်းအရာကိစ ္စ တစ်ခုကိုသူတစ်ပါးကအမှန်လို့ လက်မခံ ၊ မယူဆတဲ့အခါမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး အငြင်းပွားပြီးရန်များကြရပါတယ်။ ကျွန်မလက်ခံယုံကြည်ထားတဲ့အမှန်တရားဟာ သူတစ်ပါးအတွက်ကတော့ အမှန်တရားဖြစ်ချင်မှဖြစ်မှာပါ။ အဲ ဒီလိုမဖြစ်တဲ့အတွက်လည်း ကျွန်မမှာဝမ်းနည်းစရာမရှိပါဘူး။ သူ့ကိုလည်း ဒါဟာအမှန်တရား ပါလို့သူ လက်ခံလာ
အောင်ညှိုနှိုင်းနေစရာလည်းမလိုအပ်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်း မတူညီတဲ့အခါမှာ လက်ခံတဲ့အမှန်တရားဟာလည်းမတူညီတော့ပါဘူး။ အရေးကြီးတာက သူတစ်ပါးကကိုယ့်အမှန်တရားကိုလက်ခံသည်ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ ကိုယ့်အမှန်တရား ကိုကိုယ်လက်ခံယုံကြည်ဖို့ပါပဲ။

လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာ လူအမျိုးမျိုးစိတ်အထွေထွေ ဆိုသလို သူတစ်ပါး ဒုက္ခရောက်ရင် ပျော်တတ်တဲ့သူမျိုးကိုလည်းတွေ့ဖူးပါတယ်။ သူတစ်ပါးအဆင်ပြေတိုးတက်သွားမှာကိုစိုးရိမ်ပူပန်ပြီး သူတစ်ပါးပျက်စီးရာ ပျက်စီးကြောင်း ကိုလမ်းညွှန်ပေးတတ်သူ ၊ တမင် ဒုက္ခရောက်အောင်လုပ်တတ်သူရှိသလို သူတစ်ပါးကို တကယ့်ကိုကောင်းစေချင်လို့ ကိုယ်လည်းပိုက်ဆံတစ်ပြားမှမရဘဲ ကိုယ်ရောစိတ်ပါ ကူညီ ပေးတတ် သူတွေလည်းရှိပါတယ်။ ကျွန်မတို့ဟာဘဝမှာ အဆင်ပြေတိုင်းမှာ ကိုယ့်ကိုကောင်းရာ ကောင်းကြောင်းလမ်းညွှန်ပေးတဲ့သူကို သတိရမိပါတယ်။ သူပြောပေး လိုက်လို့ ၊ သူလုပ်ပေးလိုက်လို့ ၊ သူကူညီလမ်းညွှန်ပေးလိုက်လို့ ငါအဆင်ပြေတာလေ ဆိုပြီး နှုတ်မှထုတ်ဖော်မပြောရင်တောင် စိတ်ထဲကနေသတိတရရှိမိပြီး ကျေးဇူးတင်မိပါတယ်။

အဲ ဒီလိုကျေးဇူးတင်မိတာနဲ့အတူ သူ့ကိုလည်းမေတ္တာထား ၊ မေတ္တ ာပို့မိတာပါပဲ။
ကိုယ့်ကို ဒုက ္ခဖြစ်စေအောင်လုပ်တဲ့သူလုပ်တဲ့သူကြောင့် ကိုယ်ဒ ုက္ခ ဖြစ်တိုင်းမှာတော့ ကိုယ့်ကို ချောက်ချလိုက်သူကိုမုန်းတီးမိမှာပါပဲ။ သူ့အတွက်လည်းရင်ထဲမှာမေတ ္တာလည်းရှိမှာမဟုတ်ပါဘူး။ ကိုယ်အကြပ်အတည်းနဲ့ကြုံတိုင်း သူလုပ်လို့ ငါ ဒီလိုဖြစ်တာ ဆိုပြီး မုန်းတီးမိပြီး ဆဲရေး တိုင်းထွာ တတ်ကြတာ လူ့သဘာဝပါပဲ။ အဲ ဒီလိုဆိုရင် ကျွန်မတို့ဟာ ဘာ့ကြောင့်များသူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း ၊ ဒုက ္ခဖြစ်စေကြောင်းကို ဦးတည်ပြီး လုပ်နေကြမလဲနော်။ ကိုယ့်ဆီမှာလည်းလျော့ပါးသွားတာမျိုးမဟုတ်ဘဲ သူတစ်ပါးလည်းအဆင်ပြေ ကိုယ်လည်း ပီတိဆိုတာကိုလည်းစားသုံးရအောင် စိတ်ကောင်းလေးနဲ့ပဲ လူတွေကိုကူညီ လိုက်ကြ ရ အောင် လားရှင်။


ဟနစံ

နားလည်မှာလား

အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့ ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ မကြာခဏ ကြားနေရမှာပါပဲ။သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို အပြည့်အဝ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ ထားဦးတော့ ကိုယ့်စိတ်ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ် တွေကရှိလာပြန်ပါတယ်။



မိန်းမသားတွေ နဲ့ ယောကျ်ားတွေရဲ့ အတွင်းစိတ်မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။



မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ တိုက်ရိုက် မပြောတတ်ပါဘူး။မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့ မိန်းမတစ်ယောက်ကို သူ့ချစ်သူက “ဘာဖြစ်နေတာလ”ဲ လို့ မေးရင် “ဘာမှမဖြစ်ဘူး” လို့ပဲ ပြန်ဖြေမှာပါပဲ။သည်းထန်စွာ ငိုကြွေးနေဦးတော့၊ ငိုရှိုက်နေတဲ့ ကြားကပဲ “အီး..ဟီး..ဟီး…ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး ဆို” လို့ ပြန်ဖြေမှာပါပဲ။



ယောကျ်ားတစ်ယောက်ကျတော့ အဲလို မဟုတ်ပြန်ပါဘူး။“ဘာဖြစ်နေတာလဲ။ ဘာပြဿနာရှိလဲ” လို့ ယောကျ်ားတစ်ယောက်ကို သူ့ချစ်သူ အမျိုးသမီးက မေးရင် “အေး…ပြဿနာကတော့ မင်း”ပဲ ဆိုပြီး တဲ့တိုး ပြန်ဖြေမှာပါ။



မိန်းမတွေကို သူ့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊ ဘာတွေရှိနေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ပါဘူး။ဒါပေမယ့် မိန်းမတွေ အားလုံး တူညီတဲ့ လိုအင်ကတော့ သူတို့ ဝမ်းနည်း ငိုကြွေးရင် မှီတွယ်စရာ ပခုံးတစ်ဖက် ကို အလိုရှိတာပါပဲ။



မိန်းမတွေဟာ သူတို့ကိုယ်သူတို့ ချစ်မြတ်နိုးခြင်းခံရတယ်လို့ ခံစားရရင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရပါတယ်။ မိန်းမတွေဟာ သူတို့စိတ်ထဲမှာ သူတို့ကိုယ် သူတို့ လုံခြံုမှုရှိတယ် ယောကျ်ားတစ်ယောက ်ကြောင့် လုံခြံုမှုရတယ်လို့ စိတ်ထဲမှာ ခံစားရတယ်ဆိုရင် အဲဒီ မိန်းမဟာ ဘဝမှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ ယောကျ်ားတစ်ယောက်ကြောင့် မိန်းမတစ်ယောက်ရဲ့စိတ်မှာ လုံခြံုမှုရတယ် ဆိုရင် ဒီအချစ်ဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။



ယောကျ်ားတစ်ယောက်ကျတော့ သူ့စိတ်မှာ သူဟာ မိန်းမတစ်ယောက်ရဲ့ လိုအပ်ခြင်းကို ခံရတယ်လို့ ခံစားရရင် အဲဒီယောကျ်ားဟာ ဘဝမှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘဝ ကိုဦးဆောင်တဲ့ ယောကျ်ားတစ်ယောက်ဖြစ်လာပါတယ်။



ယောကျ်ားတွေ အချစ်သစ်ရှာကြတယ်ဆိုတာမှာ များသောအားဖြင့်က လက်ရှိချစ်သူက မိမိကို အားကိုးခြင်းမရှိဘူး။ လက်ရှိချစ်သူ အမျိုးသမီးက သူ့ ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး ဘဝမှာ ချစ်သူ အမျိုးသား မပါဘဲ အောင်မြင်နိုင်တဲ့ အမျိုးသမီးဖြစ်နေတတ်တာမျိုးဆိုရင် ချစ်သူ အမျိုးသားက အချစ်သစ်ရှာတတ်ပါတယ်။ အဲဒီ အချစ်သစ်ဟာ သူ့ကို အားကိုးတဲ့ ၊ အစစ အရာရာ အမျိုးသားထက် နိမ့်ပါးသူ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း ယောကျ်ားတစ်ယောက်ရဲ့စိတ်သဘာဝပါပဲ။ အချစ်စစ် ဆိုတာ ရင်ထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့ ယောကျ်ား တစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့ ဘဝမှာ သူ့ကို မလိုအပ်ဘဲ အောင်မြင်နိုင်တယ်လို့ ယူဆသွားရင် အဲဒီယောကျာ်းဟာ တခြားတစ်ယောက်ကို ပြောင်းချစ်မှာ အသေအချာပါပဲ။



မိန်းမတစ်ယောက် အနေနဲ့ကျတော့လည်း သူမ ကို မြတ်နိုးစုံမက်တဲ့ ၊ သူ့စိတ်မှာ အားကိုးရာလို့ ထင်မြင်နိုင်မယ့် ယောကျ်ားတစ်ယောက်ကို သာအလိုရှိပါတယ်။ ရုပ်ဝထ္ထုပစ္စည်း ကြွယ်ဝချမ်းသာမှု နဲ့ မဆိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှု ပေးနိုင်မယ့် ယောကျ်ားတစ်ယောက်ကို ဘဝမှာလက်တွဲလိုပါတယ်။



မိန်းမတစ်ယောက်ကို စည်းစိမ် ဥစ္စာ ပြည့်စုံအောင် ထားပေးနိုင်တာနဲ့ အဲဒီ မိန်းမကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်တယ်လို့ မဆိုနိုင်ပါဘူး။ မိန်းမတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံခြံုမှု ရှိဖို့ ဆိုတာက သူမ တစ်ယောက်တည်းကိုသာ ချစ်သူအမျိုးသားက မြတ်နိုးတယ် ဆိုတာ သူမစိတ်မှာ သိထားရင် လုံလောက်ပါပြီ။



ချစ်သူ အမျိုးသားရဲ့ ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ သူမ အတွက် ဘဝမှာ ခွန်အားပါပဲ။ဒါပေမဲ့ အမျိုးသားတွေကကျတော့ ချစ်သူ အမျိုးသမီးကို ချစ်တယ် ဆိုတာ ဘဝမှာ တစ်ခါ ပြောပြီးရုံနဲ့ လုံလောက်ပြီ ထင်တတ်ကြပါတယ်။မိန်းမတစ်ယောက်အတွက် ချစ်သူ အမျိုးသား

ရဲ့သိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်းဟာ နေ့စဉ်လိုအပ်ပါတယ်။ သူမရဲ့ကြောက်ရွံ့ မှုတွေ၊ သူမရဲ့

၀မ်းနည်းအားငယ်မှုတွေကို ချစ်သူအမျိုးသားကို ပြောပြဝေမျှ ပါတယ်။ သူမငိုချင်ရင် အချိန်မရွေး သူမ ငိုနိုင်ပါတယ်။



ယောကျ်ားတွေကျတော့ အဲလို မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက်

၀မ်းနည်းအားငယ်မှု ၊ ကြောက်ရွံ့ မှု ၊ ထိတ်လန့်မှုတွေကိုလည်း အမျိုးသားများ အနည်းနဲ့ အများ ဆိုသလို ခံစားရပေမယ့် ချစ်သူ အမျိုးသမီးကို ဝေမျှ ပြောပြလေ့မရှိပါဘူး။ ငိုတယ်ဆိုတာ ယောကျာ်းအလုပ် မဟုတ်ဘူး။ ယောကျ်ားတွေဟာ ဘယ်တော့မှ မငိုဘူးဆိုတဲ့ တလွဲအတွေးနဲ့ သူတို့ဟာ ခံစားချက်တွေကို ဝေမျှဖို့ အလွန် ကပ်စေးနှဲသူများ ဖြစ်တတ်ကြပါတယ်။ တကယ်လို့ ခံစားချက်တွေကို ဝေမျှ လိုက်ရင် ပြေလည်သွားမယ့် ဆက်ဆံရေးတစ်ခုမှာ ယောကျ်ားတွေရဲ့ အဲလို တလွဲမာနကြောင့် အက်ရာ ထင်ခဲ့ရတဲ့ ဆက်ဆံရေးတွေ၊ ပြိုပျက်ခဲ့ရတဲ့ ဆက်ဆံရေးတွေ အနည်းနဲ့ အများရှိပါတယ်။



ပညာတတ် ၊ ရာထူး နဲ့ မိန်းမတွေဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မအောင်မြင်တတ်ဘူး။ ချစ်သူ ယောကျ်ားရဲ့ စွန့်ပစ်ခြင်းကို ခံရတယ်ဆိုတဲ့ ကြားနေရတဲ့ လူမှုဆက်ဆံရေးနယ်ပယ်က စကားတွေက မှန်သင့်သလောက်တော့မှန်ပါတယ်။ တကယ်ပဲ အဲလိုဖြစ်နေတာတွေ ရာခိုင်နှုန်းမများလှပေမဲ့ ရှိနေတာပါပဲ။တကယ်တမ်း မချစ်လို့ မဟုတ်ဘဲယောကျာ်း

တစ်ယောက် ရဲ့တလွဲမာန နဲ့ မိန်းမတစ်ယောက်ရဲ့ မပွင့်လင်းမှုတွေကြောင့်ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။



မိန်းမတစ်ယောက်အနေနဲ့ သူမရဲ့ စိတ်ကို လုံခြုံနွေးထွေးမယ့် ၊ သူမတစ်ယောက်ကို သာလျှင် မြတ်နိုးမယ့် ယောကျ်ားတစ်ဦးကိုသာ အလိုရှိပါတယ်။ယောကျ်ားတစ်ယောက်ကတော့ သူ့ကို လိုအပ်မယ့် မိန်းမတစ်ယောက်ကို သာအလိုရှိပါတယ်။



ရေရှည်ခိုင်မြဲတဲ့ အချစ်တစ်ခု ဖြစ်ဖို့ရာမှာတော့ ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်ပြီဆိုရင် သူမ ကိုချစ်တဲ့အကြောင်း နေ့စဉ် တစ်ခွန်းလောက်ပြောဖို့ လိုအပ်ပါတယ်။ ချက်ပြုတ်ကျွေးမွေးတဲ့ အစားအသောက်များကို ချီးမွမ်းပေးဖို့ ၊ ဝတ်တဲ့အဝတ်နဲ့ လိုက်ဖက် လှပကြောင့် ချီးမွမ်းစကားလေးတွေ ပြောဖို့ လိုအပ်လှသလို မိန်းမတစ်ယောက်ကျတော့ ချစ်သူအမျိုးသားဟာ သူမဘဝအတွက် အရေးပါတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ၊ သူမဘဝအတွက် ချစ်သူအမျိုးသား အမြဲလိုအပ်နေတယ်ဆိုတာ ၊ သူမ ဘယ်လောက် ယုံကြည် အားကိုး တယ်ဆိုတာ အမျိုးသားကိုသိစေမယ်ဆိုရင် လှပအေးချမ်းတဲ့ အချစ်ဘဝ တစ်ခု အစဉ်အမြဲ ဖြစ်နေမှာပါပဲ။



ဟနစံ

စဉ်းစားကြည့်ပါဦးနော်

လူငယ်လေးတွေတော်တော်များများနဲ့ ကျွန်မ တွေ့ဆုံစကားပြောဖူးပါတယ်။ များသောအားဖြင့် အသက်၁၆ နှစ်မှ အသက် ၂၀ ကျော် လူငယ်လေးတွေပါ။ ကျွန်မ ကို မိန်းကလေးတွေက သူတို့ရဲ့ နှလုံးသားရေးရာ တွေကို ပြောပြတိုင်ပင်လေ့ရှိပါ တယ်။ သူတို့ အိမ်မှာဆို အမေ ၊ အစ်မ စသည် ကို မပြောရဲ တာတွေ ကို ကျွန်မ ကို ပွင့်ပွင့်လင်းလင်း ပြောပြလေ့ရှိပါတယ်။ ကျွန်မ ကလည်း လူငယ်တွေကို ဘာပဲခံစားရ ခံစားရ ၊ ကြုံတွေ့ရ ကြံုတွေ့ ရ ကျွန်မ ကို သူငယ်ချင်းအရင်း တစ်ယောက်လို ၊ အစ်မရင်းတစ်ယောက်လို ပြောပြတိုင်ပင် နိုင်ကြောင်း အမြဲတန်း ဖွင့်ပေးထားပါတယ်။



ယောကျင်္ားလေးတွေကတော့ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ ပြဿနာ လေးတွေ ၊ အိမ်မှာ အဖေ နဲ့ မတည့်လို့ ၊ အဆင်မပြေ လို့ စတာလေးတွေကို ပြောပြ ရင်ဖွင့်တတ်ပါတယ်။ မိန်းကလေးရော ၊ ယောကျင်္ားလေးရော အများစု ပြောတတ်ကြတာတော့ အိမ်မှာ အဖေ နဲ့ အမေ က ကျွန်မ ကို မချစ်ဘူး။ ကျွန်တော့်ကို မချစ်ဘူး။ ဂရုမစိုက်ကြဘူး စသည်ဖြင့်ပါ။ အိမ်မပြန်ချင်ဘူး။ အိမ်ပြန်ရင် အဖေ က ဆူနေတာပဲ။ အမေ က ဆူနေတာပဲ ဆိုတာလေးတွေလည်းကြားရတတ်ပါတယ်။ ကျွန်မ အမြင်ကတော့ အိမ်မှာ ကိုယ့်ကို ဆူမယ့် မိဘ ရှိနေတာကိုကပဲ အင်မတန်ကံကောင်းနေပါပြီ။ မွေးကတည်းက မိဘ ဘယ်သူဘယ်ဝါရယ် မသိတဲ့ ကလေးတွေ ဒီကမ္ဘာပေါ်မှာ အများကြီးပါ။ ကိုယ့်မှာ မိဘ လို့ ခေါ်စရာ ရှိတယ်။ အားကိုးစရာ ရှိတယ်။ ပြန်စရာ အိမ်ရှိတယ်။ မိသားစု ရှိတယ်။ ဒါ အင်မတန်ကံကောင်းတာပဲ။ ယနေ့ခေတ် ကမ္ဘာကြီး ကိုကြည့်လိုက်ပါ။ ရာသီဥတု ဘေးဆိုးဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့တွေ အများကြီးဖြစ်သွားကြရတယ်။ မိသားစုတွေ တကွဲတပြား ဖြစ်သွားကြရတယ်။ သေကွဲ ကွဲရတာရော ၊ ရှင်ကွဲ ကွဲရတာရော။ အမိုးအကာ မလုံမခြံု နဲ့ အိပ်စက်ရတယ်။ မနက်ဖြန်မှာ ဘာဖြစ်မလဲ ဆိုတာ ကို မသိဘူး။ တွေးပူနေရတယ်။ မနက်ဖြန်မှာ ဘာစားရမယ် ဆိုတာ ကို မသိဘူး။ စားစရာ ရှိပါ့မလား ဆိုတာကို မသိဘူး။

ခု..ကျွန်မ မိတ်ဆွေ လူငယ်လေးတို့ က မနက်ဖြန်မှာ စားဖို့ကို ကြိုပြီးတောင်အိမ်ကို မှာနေသေးတာပဲ။ မနက်ဖြန်မနက်စာ မုန့်ဟင်းခါးစားမှာနော်။ မနက်ကျရင် အီကြောကွေး နဲ့ ပဲပြုတ် စားမှာ နော် စသည်ဖြင့် လည်း ချေးများခွင့်ရှိသေးတယ်။ ကျောင်းတက်ချင်တယ်လား ။ သင်တန်းတက်ချင်တယ်လား တက်ခွင့်ရှိတယ်။ ကျွန်မ ရီးဒါးစ်ဒိုင်ဂျက်စ် မဂ္ဂဇင်း မှာ ဖတ်လိုက်မိတာ က ယနေ့ကမ္ဘာပေါ်မှာ ကျောင်းမနေ ရ ၊ စာမသင်ရတဲ့ ကလေးဦးရေ သန်း ၃၀၀ ကျော်ရှိနေတယ်တဲ့လေ။ ကမ္ဘာကြီး ရဲ့ တခြားဘက်ကို ကြည့်လိုက်ရင်လည်း အငြိုးအတေး အဃာတ တွေကြောင့် စစ်ပွဲ တွေဖြစ်နေတာ မပြီးဆုံးသေးဘူး။ အဲဒီတိုင်းပြည်က လူတွေဆို ဘယ်လို များ မိဘ ကို ကိုယ့်ကို မချစ်ဘူး။ အလိုမလိုက်ဘူး။ လိုချင်တာ ဝယ်မပေးဘူး လို့ ဘယ်လို များစောကဒ တက်ခွင့်ရှိကြပါ့မလဲ။ မိဘ က ကိုယ့်ကို ဂရုမစိုက်ဘူး လို့ထင်နေရတာကလည်း အခုခေတ်ကြီးမှာက အိမ်ထောင်ဦးစီးရော ၊ အိမ်ရှင်မ ပါ အပြင်ထွက် အလုပ်လုပ်ကြတဲ့ ခေတ်ကြီးမဟုတ်လား။မိဘတွေက မအားကြရပါဘူး။ လူမှုရေး အလုပ်လေးတွေ ကလည်းရှိသေးတော့ သာရေး ၊ နာရေး လေးတွေကိုလည်း မသွားမဖြစ်သွားရသေးတယ်။ အဲသည်တော့ အိမ်မှာ နေရတဲ့ အချိန်က ရှားပါးလာကြပြီ။ ကလေးတွေ နဲ့ နွေးနွေးထွေးထွေး နေရတဲ့ အချိန်က နည်းလာကြပြီ။ တကယ်တော့ ကလေးတွေကို ဂရုမစိုက်တာ မဟုတ်ပါဘူး။ ကလေးတွေ ကို ချစ်လွန်းလို့သာလျှင် အပြင်ထွက်

စီးပွားရှာရကြတာပါ။ ကလေးတွေ ရဲ့ နောင်ရေး ကိုစိတ်အေးရအောင် ၊ မပူပင်ရလေအောင် မိဘ တွေက ကြိုးစားပြီးစီးပွားရှာနေကြရတာ ပါ။ မိဘ ဆိုတာကတော့ သားသမီးကို မချစ်ဘူး ဆိုတာ မရှိပါဘူး။ ကျွန်မ က အဲသည်လို ပြောပြ ၊ ရှင်းပြတော့ ကျွန်မ ရဲ့ မိတ်ဆွေလေးတွေက အထွန့်တက်ကြသေးတယ်။ အဖေ နဲ့ အမေ က ကျွန်တော့်ကို မချစ်ပါဘူး။ အစ်ကို့ ကို ပိုချစ် တာ၊ အစ်မ ကိုပိုချစ်တာ။ ညီလေး ကိုပိုချစ်တာ ။ ညီမလေး ကိုပိုချစ်တာ ။ မောင်လေး ကို ပိုချစ်တာ။ စသည်ဖြင့် ပြောကြပါသေးတယ်။ မိဘ တွေက သားသမီးတိုင်းကို အတူတူပဲ ချစ်တယ်။ မျက်နှာမလိုက်ဘူး လို့ရော မမ ထင်လား တဲ့လေ။ ကျွန်မ ပါ ပြန်အမေးခံနေရတယ်။ ကဲ...ထားပါတော့လေ။ ကိုယ့်ထက်ပိုပြီး တခြားမောင်နှမတွေကို ချစ်တယ် ပဲထားပါဦး။ အဲဒါ ကိုယ့်မောင်နှမ အရင်းကြီးပဲမဟုတ်လား။

၀မ်းတောင်သာရဦးမယ်။ ကိုယ့်ကို ဂရုမစိုက်ဘူး လို့ရော ထင်နေသလား။ မိဘ ဆိုတာ က ဂရုစိုက်ဖို့ လိုတဲ့ သားသမီး ကို ဂရုစိုက်တယ်။ စိတ်ချ လို့ ရတဲ့ သားသမီး ကျတော့ ထွေထွေထူးထူး ပြောပြ သွန်သင်နေစရာ မလိုတော့ ၊ စိတ်ပူပင်နေစရာ မလိုတော့ မိဘ က စိတ်ချ လက်ချ ရှိနေတာ ကို သား ၊ သမီး ဘက်ကကျတော့ ကိုယ့် ကို ဂရုမစိုက်ဘူး လို့ ထင်နေကြတာပါ။ အမှန်ဆို ကိုယ်က ဝမ်းသာ ဂုဏ်ယူဖို့တောင် ကောင်းသေးတာ။ ကိုယ်က မိဘ စိတ်ပူပင်စရာ မလိုတဲ့ သားသမီး ဆိုတာကို။



အမေ က သမီးကို အမြဲ ပိတ်ပင်နေတာပဲ။ ဟိုမသွားရ ၊ ဒီမသွားရ နဲ့ စိတ်ညစ်ပါတယ် မမရယ် ။ ဆိုတာလည်း မိန်းကလေးတော်တော်များများ ဆီက ကြားရပါတယ်။ အမေ ဆိုတာ က သမီးမိန်းကလေး ကို ပိုလို့ စိတ်ပူမှာပေ့ါ။ မိန်းကလေး ဆိုတာ က ကိုယ်က အမှားမကျုးလွန်ပါပဲ နဲ့ လည်း သူတစ်ပါး မှားယွင်းမှု နဲ့ လည်း ဘဝ ပျက်နိုင်သေးတာကိုး။ ကိုယ်က လူကောင်းဖြစ်ပါလျက် နဲ့ မကောင်းတဲ့ သူတွေကြောင့်လည်းကိုယ်မှာ နစ်နာ နိုင်တာကိုး။ မိန်းကလေး ဆိုတာ အရွယ်မရွေး အန္တရာယ် ကိုကြုံတွေ့ နိုင်တာပဲ။ အသက်အရွယ်ငယ်သေးလေ ပိုလို့ စိတ်ပူရလေပဲလေ။ ဘာမှ မသိနားမလည်လို့ အန္တရာယ် ကို မရှောင်နိုင်တာမျိုး ၊ အန္တရာယ် ကို အန္တရာယ် မှန်း မသိတာ မျိုး ဖြစ်တတ်တော့ မိခင် က အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်အရွယ် သမီးတွေကို အမြဲလိုက်ပြီး မစောင့်ရှောက်နိုင်ရင် သမီးတွေကို ဟို မသွားရ ၊ ဒီမသွားရ တားဖြစ်တာကို ချုပ်ချယ် တယ် ထင်နေကြတာကိုး။ အရွယ်ရောက်လို့ အရာရာ ကို နားလည်သဘောပေါက်ပြီး အန္တရာယ် ကို အန္တရာယ် မှန်း သိလို့ ရှောင်နိုင် ၊ ကာကွယ်နိုင် တဲ့ အရွယ်ဆိုရင်တော့ မိခင် ကလည်း စိတ်ချမှာပေ့ါ။ ကျွန်မ လည်းအဲဒီအရွယ်တုန်းက မေမေ့ကို အထင် အမြင်လွဲခဲ့တာပဲလေ။



နောက်ပြီး မိန်းကလေး တစ်ချို့ တိုင်ပင်တတ်ကြတာရှိသေးတယ်။ အသည်းကွဲနေသည်ပေ့ါ။ မအိပ်နိုင်မစားနိုင် နဲ့ ကျန်းမာရေးပါ ထိခိုက်လာတယ်ပေ့ါ။ အဲသည်လို မိန်းကလေး မျိုး ကိုတော့ ကျွန်မ က ထားဝယ်ကြိမ် နဲ့ သာ နာနာ ရိုက်ချင်တော့တာပါပဲ။ လူရယ်လို့ ဖြစ်လာကတည်း က ရည်းစားထားဖို့ တစ်ခု တည်း အလုပ်ရှိတာမှ မဟုတ်ဘဲ။ လူ ရယ် လို့ဖြစ်လာကတည်းကို က ကျေးဇူးတင်ရမယ့်သူတွေ ၊ ကျေးဇူးဆပ်ရမယ့်သူတွေ ၊ ကျေးဇူးပြုရမယ့် သူတွေ အများကြီးပါ။ ကိုယ့်ပတ်ဝန်းကျင် အတွက်ရော လုပ်ပေးစရာ တွေ အများကြီးပါ။ ကိုယ့်ဘဝ ရှေ့ရေးအတွက်လည်း လုပ်စရာတွေအများကြီးပါ။ အသည်းကွဲနေတယ် ဆိုပြီး ထိုင်ငို နေလို့ ကုန်သွားတဲ့ အချိန်တွေ ၊ အင်အား တွေ ကို နှမြောဖို့ကောင်းပါတယ်။ ကိုယ့်ကို နှိပ်စက်နေတာက ကိုယ့်စိတ်ပဲ ဆိုတော့ ကိုယ့်စိတ်ကို ပျော်အောင်နေပြီး လုပ်စရာ ရှိတာတွေ လုပ်နေမှ မိန်းကလေး က စိတ်မလေ မှာပေါ့။ အားနေတဲ့ အချိန်တွေမှာလည်း ဖတ်စရာ စာအုပ်တွေလည်း အများကြီးရှိပါတယ်။ သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်း တွေ ဖတ်မလား။ ဘာသာရေး စာအုပ်တွေဖတ်မလား။ အတွေးအမြင် ဒဿန စာ တွေဖတ်မလား။ နောက်ဆုံး ဘာမှ မဖတ်ချင်ရင်တောင် အင်္ဂလိပ်စာ သင်ခန်းစာ စာအုပ်တွေ ဖတ်ပြီး လေ့လာရင်တောင် ကိုယ့်မှာ အကျိုးရှိတာပဲကို။ ဘဝ လက်တွဲဖော် ဆိုတာ မလိုအပ်ဘူး လို့ မပြောပါဘူး။ အချိန်တန်ရင် အရွယ်ရောက်ရင်

ကိုယ့် အတွက်ဖူးစာရှင် အစစ်အမှန်က ကိုယ့်ဆီရောက်လာမှာပါ။ ဘယ်ကို မှ လိုက်ရှာနေစရာ မှမလိုတာ။ ငယ်သေးတဲ့အချိန်မှာ ဖူးစာရှင် ရှာမိရင်လည်း ကိုယ်က မရင့်ကျက်သေးတော့ ဘာမှ အကောင်း ၊ အဆိုး ဝေဖန်ပိုင်းခြားနိုင်သေးမှာမဟုတ်ဘူး။ ရည်းစား ဘဝ မှာတော့ မိန်းကလေး တွေဟာ ကိုစိတ်ကောင်း၊ မောင်စိတ်ကောင်း လေးတွေကိုပဲတွေ့ကြမှာပါ။ ဘာလို့လည်းဆိုတော့ ရည်းစားဘဝ မှာက ဟန်ဆောင်နေကြတာကိုး။ မိန်းကလေး ရှေ့ မှာ ယောကျင်္ားလေး ကလည်း အကောင်းဆုံး ဖြစ်အောင် နေပြမှာပေ့ါ။ တွေ့တဲ့အချိန်ခဏလေးအတွင်းမှာ ဟန်ဆောင်ရတာ ပဲ။ အဲဒါကို အဟုတ်ထင်ပြီး ရူးရူးမိုက်မိုက် အားကိုး မိလိုက်ရင်ဖြင့် ဒုက္ခတွေ ပင်လယ်ဝေတော့မှာပေ့ါ။ အချိန်မတန်သေးချိန် ၊ အရွယ်မရောက်သေးချိန်မှာ ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်း ကို ပဲ စိတ်ဝင်တစားလုပ်နေပြီး အရာရာ ချင့်ချိန်စဉ်းစားနိုင်တဲ့ အရွယ်ကျမှ ဘဝ ဖော် ကို ရွေးချယ်တာ အသင့်တော်ဆုံးပါပဲ။



နောက်ပြီး အချစ်နဲ့ ပတ်သက်လို့ သူတို့လေးတွေခံစားရတာက သူတို့ ကို ချစ်မယ့်သူ မရှိဘူး။ ချစ်သူ က သူတို့ ချစ်သလောက်ပြန်မချစ်ဘူး။ ဆိုတာတွေပါပဲ။ ကျွန်မ ကတော့ ကျွန်မ ကို ချစ်တဲ့သူတွေ အများကြီးရှိတယ် လို့ထင်ပါတယ်။ ကျွန်မ နံနက်ခင်း အိပ်ရာ နိုးရင် ပြတင်းပေါက်က တဆင့်ဝင်လာတဲ့ နေရောင်ခြည်နွေးနွေးလေး တွေကို ခံစားရပါတယ်။ နေမင်းကြီး က ကျွန်မ ကိုချစ်လို့ သာ ကျွန်မ ကို အနွေးဓါတ်ပေးတာပေ့ါနော်။ ငှက်ကလေးတွေကရော ကျလိ ကျလိ နဲ့ ကျွန်မ ကို သီချင်းဆိုပြနေလိုက်တာ ကျွန်မ ကို ငှက်ကလေးတွေက ချစ်လို့ပေ့ါ။ မိုးဖွဲလေး တွေကြားထဲ ထီးမဆောင်းဘဲ လမ်းလျှောက်မိတဲ့အခါ အေးမြတဲံ မိုးစက် ၊ မိုးပေါက်လေး တွေရဲ့ အထိအတွေ့ ကို ကျွန်မ ခံစားရတာ မိုးစက်လေးတွေက ကျွန်မ ကိုချစ်လို့ပေ့ါနော်။ သူတို့တင်မကပါဘူး။ ပန်းလေးတွေကလည်း ကျွန်မ ကို ချစ်လို့ ကျွန်မ ကို မွှေးရန့ ံ တွေပေးပြန်ပါတယ်။ ကျွန်မ ချစ်တဲ့ စံပါယ် ဖြုဖြုဖွေးဖွေးလေး တွေရဲ့ ရနံ့တွေက နံနက်ခင်းဆို လေညှင်းနဲ့ အတူ ကျွန်မ ကို လန်းဆန်းစေတယ်လေ။ လေပြည်လေညှင်းလေး ကလည်း ကျွန်မ ကိုချစ်တာပဲလေ။ ညနေခင်း လမ်းလျှောက်ထွက်ရင် လေညှင်းလေးတွေက ကျွန်မ ကို ထိပြီး ကျီစယ်သွားကြတာလေ။ ညဘက်ဆို ရာသီဥတုကြည်လင်တဲ့အချိန်ဆိုရင် ကောင်းကင်မှာ ကြယ်လေးတွေက မှိတ်တုတ် မှိတ်တုတ် နဲ့ အနက်ရောင် ကတ္တီပါစပေါ်မှာ စိန်ပွင့်လေးတွေကျဲပက်ထားသလိုပဲ။ အင်မတန်ကြည့်လို့ကောင်းပြီးလှတာပဲ။ ကျွန်မ မျက်စိပသာဒ ဖြစ်စေဖို့ ကြယ်လေးတွေက လှပေးနေလိုက်တာ သူတို့ ကျွန်မ ကိုချစ်လို့ပေါ့နော်။



ကျွန်မ ကို ချစ်တဲ့သူတွေ ဒီလောကကြီးမျာ အများကြီးရှိတာ ကျွန်မ တော့ ဘယ်တော့ မှ ဝမ်းမနည်းပါဘူး။ ကျွန်မ ရဲ့ မိတ်ဆွေလေးတွေရော အဲဒီလို ကိုယ့်ကိုချစ်တဲ့ နေရာင်ခြည်လေးတွေ ၊ ငှက်ကလေးတွေ၊ ပန်းကလေးတွေ၊ မိုးစက် မိုးပေါက်လေးတွေ၊ လေညှင်းလေးတွေ ၊ ကြယ်လေးတွေကို မတွေ့မိဘူးလား။





(ဟနစံ)