Wednesday, 1 February 2017

စိတ်မညစ်ပါနဲ့

ဘဝဆိုတာ ပန်းခင်းလမ်း မဟုတ်ဘူးလို့ ပြောကြတာ ဘဝမှာ စိတ်ညစ်စရာတွေက အများသား။
ဒါပေမဲ့ ထိုင် စိတ်ညစ်နေလို့ ပြီးသွားရောလား။ ပြီးသွားမယ်ဆို ထိုင် စိတ်ညစ်လိုက်ပါတယ်။
ပြဿနာဆိုတာ ရင်ဆိုင်လိုက်မှ ဖြေရှင်းလိုက်မှ ပြီးသွားတဲ့အရာပေပဲ။ စိတ်ညစ်ညစ်နဲ့ ရင်ဆိုင်မလား...ခေါင်းအေးအေးနဲ့ ရင်ဆိုင်မလား...ကိုယ့်ရွေးချယ်ပိုင်ခွင့်ပဲ။ ရလဒ်ကို ကိုယ်ပဲ ခံစားရမှာ။

ပျော်တယ် မပျော်ဘူးဆိုတာက ကိုယ့်စိတ်နဲ့ပဲ ဆိုင်ပါတယ်။ ပျော်စရာလို့ မြင်ရင် ပျော်စရာကောင်းနေရော။ မနက်မိုးလင်းလာလို့ အိမ်တံခါးဖွင့်လိုက်လို့ ပြင်ပလောကကြီးနဲ့ နေအလင်းရောင်ကိုမြင်ရတဲ့ မြင်ကွင်းက ကိုယ့်အတွက် ပျော်စရာဖြစ်နေတယ်ဆို ပျော်စရာပေ့ါ။ မနက်မိုးလင်းလာပြီ...ဒီမနက်အလင်းရောင်ကို ငါ မြင်တွေ့ခွင့်ရတယ်...ငါ့အသက်နဲ့ ကိုယ် အတူတွဲလျက်ရှိနေသေးတယ်..ငါ့ခြေထောက်ပေါ်မှာ ငါ ရပ်နိုင်ပြီး ငါသွားလိုတဲ့နေရာကို သွားနိုင်တယ်...လမ်းလျှောက်နိုင်တယ်...ငါ စားချင်တာတွေ ချက်ပြုတ်နေနိုင်သေးတယ်...ငါ ဘုရားဝတ်ပြုနိုင်သေးတယ်...ငါ တရားမှတ်နေနိုင်သေးတယ်...လေပြေနဲ့အတူပါလာတဲ့ ပန်းရနံ့တွေ ရှုူနေနိုင်သေးတယ်...ငါ အတော် ကံကောင်းနေပါလားလို့ တွေးမိရင် ပျော်စရာကောင်းပါတယ်။

ကိုယ် အသက်ရှင်နေသရွေ့ ဘယ်ပြဿနာမဆိုက လူ့ဘဝနဲ့ နှိုင်းစာရင် သေးသေးလေးပါပဲ။ တစ်ခါခါမှာ လူတွေဟာ တကယ် ပြဿနာမဟုတ်တာတွေကို ပြဿနာဖြစ်နေတတ်ကြရော။ စိတ်ညစ်စရာတွေလား...ရှိတာပေ့ါ။ လူပဲဟာ။ ဘဝတစ်ခုကို ရထားတဲ့ လူပဲ...စိတ်ညစ်စရာတွေ ရှိတာပေ့ါ။ ဒါပေမဲ့ စိတ်ညစ်စရာဆိုတိုင်း စိတ်ညစ်လိုက်ရမှာလား။
ဒါဆို အဲဒီ စိတ်ညစ်စရာက ကိုယ့်ကို အနိုင်ရသွားမှာပေ့ါ။ မပေးပါဘူး..သူ့ကို အနိုင်။ အဲဒီ စိတ်ညစ်စရာတွေကို ကိုင်း..လာလေရော့လို့ ပျော်စရာတွေဖြစ်အောင် လုပ်ပစ်လိုက်မှာပေ့ါ။

မိဘတွေနဲ့ တစ်တိုင်းပြည်စီ အဝေးမှာ တစ်ယောက်တည်းနေ၊ ကြင်နာသူ မရှိ၊ တစ်ယောက်တည်း ဘဝကို ရင်ဆိုင်ခဲ့ဖုူးတာပဲ။ မနက်မိုးလင်းလာရင် ကျောင်းသွားဖို့ပြင်၊ အခန်းတံခါးသော့ခတ်၊ အလုပ်ရှိရာ ကျောင်းကိုသွား၊
ညနေစောင်း ကျောင်းကနေပြန်ရောက် ၊ အခန်းတံခါး သော့ဖွင့်ဝင်၊ ဘုံးဆို လွယ်ထားတဲ့အိတ်ကို ပစ်ချ၊ ထမင်းချက် ၊ ညစာရှာစား၊ ပြီးတော့ သီချင်းလေးဖွင့် စာဖတ်၊ ဘုရားရှိခိုး၊ အိပ်။ ကျောင်းပိတ်ရက်မှာ အခန်းရှင်း၊ တစ်ပတ်စာ အဝတ်တွေ လျှော်ဖွပ်၊ မီးပူတိုက်၊ စျေးသွားဝယ် ၊ စားချင်တာလေးတွေ ချက်ထား၊ ဖတ်ချင်တဲ့ စာအုပ်တွေ သွားဝယ်ဖတ်၊ စာအုပ်တွေထဲက ကူးချင်တာတွေကို ဗလာစာအုပ်ထဲချရေးကူး။
ငါ တစ်ယောက်တည်းပါလား လို့လည်း တစ်ခါမှ မတွေးမိသလို ၊ ငါ တစ်ယောက်တည်း အထီးကျန်နေရှာတယ် ကိုယ့်ကိုယ်ကို သနားစရာလို့လည်း မတွေးမိ။ အမြင်ကပ်စရာတောင ်ကောင်းသေးတော့။ တစ်ယောက်တည်း စိတ်ကြိုက် သီချင်းတွေဖွင့်၊ ကလေးတွေ လေ့ကျင့်ခန်းစာအုပ်တွေ အိမ်ယူလာတာတွေကို စစ်၊ အလုပ်လုပ်ချင်တာလေးတွေလုပ်၊ စာဖတ်ချင်တာလေးတွေဖတ်၊ တစ်ယောက်တည်းနဲ့တောင် အချိန်က မလောက်ဖြစ်နေခဲ့ရသေးတယ်။ နေမကောင်းဖြစ်ချိန်တော့ အားငယ်တာမျိုးတွေ ရှိတာပေ့ါ။ ကျောင်းဆေးခန်းက ဆရာဝန်မနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြင်နာမှုတွေက အားငယ်တာတွေကို မေ့ပြစ်လိုက်နိုင်တာပဲ။ ဘယ်မှာ အထီးကျန်ခဲ့လို့လဲ...စာအုပ်တွေရှိတယ်။ သီချင်းတွေရှိတယ်လေ။ သီချင်းတွေ လိုက်အော်ဆိုနေရင် ပိုတောင်မှ ပျော်ဖို့ ကောင်းသေးတာ။

စာအုပ်တွေနဲ့ အတူ ကမ္ဘာကြီးတစ်ပတ်ရောက်တယ်။ မရောက်ဖူးသေးတဲ့နေရာတွေကို ရောက်တယ်။ စာအုပ်တွေနဲ့အတူ စာရေးဆရာနဲ့ အတွေးအခေါ်ချင်း စကားပြောဖြစ်တယ်။ စာရေးဆရာနဲ့ စိတ်ချင်း စကားပြောကြတယ်။ စာအုပ်တွေနဲ့အတူ မသိသေးတာတွေ သိလာတယ်။ စာအုပ်တွေထဲက ချက်ပြုတ်နည်းလေးတွေ စမ်းချက်ကြည့်လိုက်တယ်။ ဖြစ်သွားရင် တယ်ဟုတ်တဲ့ ငါပါလား...ငါကွဆို ပျော်တောင်ပျော်သေး။ သီချင်းတွေနဲ့အတူ လှတဲ့ ကမ္ဘာလောကကြီးကို ခံစားမြင်ရတယ်။

ကိုယ့်အပေါ် မကောင်းတဲ့သူတွေလည်း ရှိတာပေ့ါ။ လူပဲ။ ကိုယ့်ကို ကြည့်မရတဲ့သူ၊ ကိုယ်က ကြည့်မရတဲ့သူတွေ ရှိတာပေ့ါ။ ပုထုဇဉ်ပီပီ ကိုယ် ကြည့်မရတဲ့သူ၊ ကိုယ့်အပေါ် မကောင်းတဲ့သူကို မကောင်းပြောမိတာရှိတာပေ့ါ။ ဒါပေမဲ့ ကိုယ့်စိတ်မှာ မကျေမနပ်ဖြစ်နေတဲ့ တစ်ခါပဲလေ...ပြောမိလိုက်တယ်။ ပြီးတော့ မေ့သွားရော။ ဟုတ်တယ်လေ...သတိရနေဖို့ လိုသလား။ ကိုယ့်အပေါ် မကောင်းတဲ့လူတွေပါ ဆိုနေမှ။
ကိုယ့်အပေါ် ကောင်းတဲ့သူ၊ ကိုယ်ချစ်တဲ့သူတွေကိုပဲ သတိရမှာပေ့ါ။

သူများတွေက အတင်းပြောတာတွေလား...ဘာမှ မဖြစ်ပါဘူး။ သူတို့ ပြောနိုင်လို့ ပြောတာပဲ။ ကိုယ်လည်း ကိုယ်ပြောနိုင်ရင်၊ ပြောဖို့ အချိန်ပေးနိုင်ရင် ပြောရင် ပြောမိမှာပေ့ါ။ ကိုယ်ကမှ သူတို့ အကြောင်းပြောဖို့ အချိန်မပေးနိုင်တာ။ သူတို့ပြောတာတွေကို ဘာ နာရမှာလဲ။ ကိုယ် မဟုတ်ရင် သြော်...သူတို့ ပြောနေကြတဲ့အတိုင်းမှ ငါက မဟုတ်တာ..သူတို့ ပြောနေတာ ငါမှ မဟုတ်ဘဲ ထားလိုက်ပါလို့။ ဟုတ်နေရင်ရော...သြော်...ဟုတ်သား...တော်သေး သူတို့သတိပေးပေလို့ နို့မို့ ငါ့ကိုယ်ငါ သိမှာ မဟုတ်ဘူးလို့ ကျေးဇူးတောင် တင်ရသေး။ မဟုတ်တာတွေ လျှောက်ပြောတဲ့သူတွေရှိရင် ပိုတောင် ပျော်ဖို့ ကောင်းသေး။ သူတို့ ပြောတဲ့အတိုင်း ကိုယ်ကမှ မဟုတ်တော့ ပြောသူတွေပဲ ဖောင်းတော့တာပေ့ါ။ သူများတွေကလည်း ဦးနှောက်နဲ့ ဆင်ခြင်နိုင်တဲ့လူတွေပဲဟာ။ အဲမှာ ကိုယ်က ပတ်ဝန်းကျင်မှာ အမှတ်တွေ တက်ရော။ လောကကြီးက ဒီလိုနေရာတွေမှာ တရားမျှတပါတယ်။

No comments:

Post a Comment