အလုပ်ဆိုတာ ပိုက်ဆံရမှသာ အလုပ်လို့ သတ်မှတ်ထားသူတွေအတွက်၊
ပိုက်ဆံမရတဲ့အလုပ်တွေဟာ အလုပ်လို့ မမည်ဘူးလို့ ခံယူထားသူတွေအတွက်
အလုပ်ဆိုတာ ဘာအတွက်လုပ်တယ်ဆိုတာကို ရှင်းပြနေဖို့မရှိပါဘူး။
ဘာအလုပ်ကိုမဆို
ပိုက်ဆံရဖို့အတွက် လုပ်တယ်လို့ ခံယူထားသူတွေအတွက် အလုပ်တစ်ခုကနေ ရရှိတဲ့
အတွေ့အကြုံ၊ ဝမ်းသာကြည်နူးမှုပီတိ၊ ကြည်နူးမှုကြောင့် ကျတဲ့မျက်ရည်တွေဟာ
ပိုက်ဆံ မီလျံနဲ့ချီကာ ဝယ်ယူလို့ မရနိုင်တဲ့အကြောင်း ရှင်းမပြချင်ပါဘူး။
လူတစ်ဦးချင်းစီဟာ သူ ဖြတ်သန်းလာတဲ့ဘဝ၊ နာယူလာခဲ့တဲ့ ဆိုဆုံးမစကားတွေ၊ သင်ယူလာခဲ့ရတဲ့ ဘဝသင်ခန်းစာတွေအပေါ်မူတည်ပြီး
ခံယူချက်၊
ရပ်တည်ချက်နဲ့ တန်ဖိုးထားတဲ့အရာတွေ ကွဲပြားခြားနားသွားနိုင်ပါတယ်။
ဒီကွဲပြားမှုတွေကို တူညီအောင် လိုက်ညှိနေဖို့ ကျွန်မ ဘယ်တော့မှ ကြိုးစားမှာ
မဟုတ်ပါဘူး။
ပိုက်ဆံမှ မရဘဲ...ဘာလို့လုပ်နေတာလဲ ဆိုတဲ့
မသိလို့ မေးတဲ့ မေးခွန်းတွေကိုလည်းကောင်း၊ အချိန်ကုန် စိတ်ပင်ပန်းပြီး
ပိုက်ဆံလည်း ရအောင် မလုပ်နိုင်ဘူးဆိုတဲ့ အပြစ်တင်စကားတွေကိုသော်လည်းကောင်း
ပြန်လည်ချေပဖို့ ကျွန်မမှာ တာဝန်မရှိပါဘူး။
ကျွန်မမှာ
တာဝန်ရှိတာကတော့ လူသားတစ်ဦးအဖြစ် မွေးဖွားကြီးပြင်းလာတဲ့အတွက်
လူသားတစ်ယောက်ရဲ့ သူ့ပတ်ဝန်းကျင်အပေါ်မှာ တင်ရှိတဲ့ တာဝန်တွေပါပဲ။
အဲဒီတာဝန်တွေကို ကျွန်မ အကုန် မကျေပွန်သေးပါဘူး။
လမ်းခရီးချင်းတူတဲ့သူတွေနဲ့ အတူတကွ လူသားတာဝန်တွေကို ထမ်းဆောင်နေဆဲပါ။
ရေးလိုက်တဲ့စာတစ်ကြောင်း၊
အလုပ်တစ်ခုဟာ အခြားလူသားတစ်ဦးတစ်ယောက်အတွက် တစ်စုံတစ်ရာ
သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း
အကျိုးဖြစ်ထွန်းသွားမယ်၊ စိတ်ကြည်နူးသွားမယ်၊ ပေါ့ပေါ့ပါးပါး
ရယ်မောလိုက်မိမယ်ဆိုရင် ကျွန်မ အတွက်တော့ အဲဒါ ကျွန်မ အလုပ်လုပ်နေတာပါပဲ။
ကျွန်မ
သွားနေတဲ့ ဘဝပုံစံဟာ အခြားသူများရဲ့ ဘဝပုံစံနဲ့တူအောင် ကျွန်မ တကူးတက
လိုက်ညှိနေဖို့ မလိုပါဘူး။ သွားတဲ့ခရီးလမ်းနဲ့ ပန်းတိုင် တူတဲ့သူတွေနဲ့
ကျွန်မတို့ အတူတကွ ခရီးသွားကြပါတယ်။ တခြား ခရီးလမ်းကို မလိုက်လို့လည်း
ကျွန်မကို အပြစ်ဆိုလို့လည်း ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ကျွန်မ
နှလုံးသားနဲ့ ကျွန်မ အသက်ရှင်နေထိုင်ပါတယ်။
No comments:
Post a Comment