Wednesday, 1 February 2017

မမလှလှ

  အမျိုးသမီးတစ်ယောက် ကြည့်လို့ကောင်းတယ်၊ ကြည့်မကောင်းဘူး၊ လှတယ် ၊ မလှဘူးဆိုတာ အဝတ်အစား၊ ဆံပင်ပုံစံ အပြင်အဆင်အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဆံပင်ပုံစံပြောင်းသွားတာနဲ့ ရုပ်လည်း တခြားစီဖြစ်အောင် ပြောင်းသွားတတ်တယ်။ အဝတ်အစားလည်း ဘယ်လောက်ပဲ နှစ်သက်တဲ့ ဒီဇိုင်းပုံစံမျိုးဖြစ်နေပါစေ…ကိုယ်နဲ့ မလိုက်ဖက်ဘူး ကိုယ့် ကိုယ်အချိုးအစားနဲ့ မလိုက်ဖက်ဘူးဆိုရင် မဝတ်တာ အကောင်းဆုံးပါပဲ။ မကြိုက်ပေမယ့်လည်း ကိုယ်နဲ့ လိုက်ဖက်တာတွေလည်း ရှိတတ်ပါတယ်။

              မျက်နှာဝိုင်းပြည့်တဲ့သူက မျက်ခုံးအတိ ရှေ့ဆံပင်ချထားတဲ့ပုံနဲ့ မလိုက်ဖက်ဘဲ နဖူးအပြောင်သိမ်းတဲ့ ဆံပင်ပုံစံနဲ့ လှပါတယ်။ မျက်နှာ သွယ်ပြီး ရှည်တဲ့သူက နဖူးအပြောင် ဆံပင်သိမ်းရင် ရှည်မျောမျောမျက်နှာက ရှည်တာ ထင်ရှားသွားပါတယ်။ မျက်နှာရှည်တဲ့သူက ဆံပင်နဖူးပေါ်ချတာနဲ့ လိုက်ဖက်ပါတယ်။ မျက်နှာဖောင်းလို့ ကြီးလို့ဆိုပြီး မျက်နှာကို ဆံပင်နဲ့ ဖုံးပြီး ကွယ်ထားတာက ပိုဆိုးပါတယ်။ မျက်နှာဖောင်းတဲ့သူက ဆံပင်ကိုအပြောင်သိမ်းတဲ့ခါ မျက်နှာရှင်းလင်းပြီး မျက်နှာဖောင်းတာလည်း မသိသာတော့ပါဘူး။ ဆံပင်နဲ့ ဖုံးမှ ဆံပင်က မျက်နှာကို အနားသတ်ပေးသလို ဘောင်ခတ်ပေးသလို အမြင်မျိုးဖြစ်သွားတာကြောင့် မျက်နှာကြီးတာ ဖောင်းတာ ပိုသိသာ ထင်ရှားသွားတတ်ပါတယ်။

               ပိန်သွယ်ပြီး တင်ပါးပြား၊ တင်ပါး မရှိသူက ခါးရှုံ့အင်္ကျီမျိုး ၊ မို့မို့မြင့်အောင်၊ ဟေမာနေဝင်းတို့ဝတ်တဲ့ ခါးမှာ ရှုံ့ထားတဲ့ ခေတ်က အင်္ကျီနဲ့ လိုက်ဖက်ပါတယ်။ တင်ကားတဲ့သူ၊ တင်ကြီးတဲ့သူတွေကတော့ အဲဒီလို ခါးရှုံ့တွေနဲ့ဆို ခါးနဲ့တင် အကြီးကြီး လေးထောင့်ကြီးလို အမြင်မျိုး ဖြစ်သွားပါတယ်။ တင်ကြီးတဲ့သူက ခါးသိမ်၊ ကိုယ်အတိ အင်္ကျီမျိုးနဲ့ လိုက်ဖက်ပါတယ်။ ၀တဲ့သူ၊ အရပ်ပုတဲ့သူတွေက ဒေါင်လိုက်အစင်း အဆင်တွေ ဝတ်ရင် ပန်းချီ သဘောအရ အမြင်အရ သွယ်ပြီး ရှည်သွားစေပါတယ်။ ပိန်တဲ့သူတွေကတော့ ဒေါင်လိုက်အစင်းနဲ့ဆို ပို ရှည်ပိန်သွားပါတယ်။ ကန့်လန့်စင်းဝတ်ရင် အမြင်မှာ ဘေးကားပြီး အနည်းငယ် ၀လာတယ်လို့ မြင်ရပါတယ်။ ၀တဲ့သူက အနက်ရောင်၊ နက်ပြာရောင် စတဲ့ အရောင်ရင့်ရင့်တွေကို ဝတ်ရင် ပန်းချီသဘောအရ ကျုံ့စုသွားတဲ့အရောင်တွေဖြစ်တာကြောင့် ပိန်သွယ်သွားတယ်လို့ မြင်ရပါတယ်။ အဖြူရောင်၊ အရောင်ဖျော့ အရောင်နုတွေက အမြင်မှာ ပြန့်ကားသွားတဲ့အတွက် ၀တဲ့သူတွေကို ပိုဝသွားတယ်လို့ မြင်ရပါတယ်။ ပိန်တဲ့သူတွေကတော့ အရောင်ဖျော့တွေ ဝတ်ရင် ပြည့်လာ ၀လာတယ်လို့ မြင်ရပါတယ်။

              ဇာအင်္ကျီမျိုးနဲ့ ၀တဲ့သူတွေ မလိုက်ဖက်ပါဘူး။ ဇာက အခံအထူတစ်ထပ် ခံပြီး ချုပ်ရတာကြောင့် ပိန်သွယ်တဲ့သူတွေက ဇာနဲ့ လိုက်ဖက်ပေမယ့် ၀တဲ့သူတွေက ဇာနဲ့ မလိုက်ဖက်ပါဘူး။ ၀တဲ့သူတွေ ဗြောင်အရောင်ရင့်ရင့်ကို ဝမ်းဆက်ဝတ်ရင် ပိန်သွယ်သွားတယ်လို့ မြင်ရပါတယ်။ ချိတ်ထဘီ ချိတ်အဆင် ကန့်လန့် အပြည့်က ၀ တဲ့သူတွေကို ပိုဝသွားစေပါတယ်။ ၀တဲ့သူတွေက ချိတ်ထဘီဆိုရင် ဒူးနားချိတ်၊ အောက်အနားချိတ်တွေနဲ့ဆို လှပါတယ်။ ပိန်တဲ့သူတွေကတော့ ချိတ်အဆင် အပြည့်နဲ့ လှပါတယ်။
တင်ပြားပါးတဲ့သူတွေက မြန်မာဝတ်စုံဝတ်ရင် ခါးအတိုအတိနဲ့ မလိုက်ဖက်ပါဘူး။ ခါးတင်ဖြစ်ဖြစ် ၊ ခါးရှုံ့လေးဖြစ်ဖြစ်၊ ခါးနားမှာ လယ်လယ်လေး ဖြစ်နေတဲ့ အင်္ကျီတွေနဲ့ လိုက်ဖက်ပါတယ်။ ပခုံး လက်မောင်း ပြည့်တဲ့သူတွေက အင်္ကျီလက်ပြတ်တွေနဲ့ လိုက်ဖက်ပါတယ်။ ပိန်တဲ့သူတွေ လက်ပြတ်ဝတ်ရင် လက်မောင်းပိန်တာကို ပို အသားပေး ဖော်ပြပေးလိုက်သလိုပါပဲ။ ပိန်တဲ့သူတွေကတော့ လက်ဖောင်းအင်္ကျီတွေနဲ့ လိုက်ဖက်ပါတယ်။ လက်ရှည်လက်အတိဆိုရင် ပိန်တာကို ပိုပေါ်လွင်သွားပါတယ်။ ကော်လာပါတဲ့အင်္ကျီမျိုးတွေ၊ လည်ပင်းရင်ဘတ်မှာ အတွန့် အထပ်တွေပါတဲ့ အင်္ကျီမျိုးတွေက ၀တဲ့သူတွေနဲ့ လုံးဝ မလိုက်ဖက်ပါဘူး။ ၀တဲ့သူတွေက လည်ပင်း ရင်ဘတ် ရှင်းရှင်း ဗြောင်အင်္ကျီမျိုးတွေ ကိုယ်လုံးအတိ ဝတ်ရင် ၀တာ လျော့သွားတယ်လို့မြင်ရပါတယ်။

           ၀တာကို ဖုံးဖို့ အင်္ကျီပွပွဝတ်ရင် ပို အမြင်ဝ စေပါတယ်။ အရပ်ရှည်တဲ့ သူတွေက ထဘီတိုတိုဝတ်ရင် အရပ် သိပ် မရှည်သလို မြင်ရပါတယ်။ အရပ်ပုတဲ့သူတွေက ထဘီကို ရှည်ရှည်ဝတ်ပြီး ဒေါက်ဖိနပ် စီးရင် အရပ်ပိုရှည်လာတယ်လို့ မြင်ရပါတယ်။ ကလေးဘဝကတည်းကနေ ခုထိ မြင်ဖူးသမျှ မိန်းမတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေကို ကိုယ့်အမြင်တွေကို ရေးထားတာပါ။

                                                                                                           ဟနစံ
                                                                                                       ၂၈ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၄ ။ 

No comments:

Post a Comment