အင်ဒိုနီးရှားနိုင်ငံ ၊ ယော့ယာကာတာမြို့မှာ ဆေးကျောင်းတက်နေစဉ် ကာလ ၊
အငယ်တန်း စာသင်နှစ်တွေမှာ စာသင်ခန်းထဲမှာပဲ ကျွန်တော်
အချိန်ကုန်နေတာများပါတယ်။ အဲဒီအချိန်တွေတုန်းက ပြင်ပမှ တကယ့် လူနာများနဲ့
စကားပြောဆိုခြင်း လည်း မရှိခဲ့ပါဘူး။ နောက်ဆုံးနှစ်အရောက်မှာတော့
ကျွန်တော်တို့
ဆရာဝန်လောင်းတွေ အကုန်လုံး ဆေးရုံများကို လက်တွေ့ဆင်းရပါတော့တယ်။
ဒေါက်တာဆာဂျီတို ဆေးရုံက ဦးနှောက်နှင့်အာရုံကြောဝါ့ဒ်ကို ကျွန်တော် လက်တွေ့
လေ့လာကွင်းဆင်းရပါတယ်။
ကျွန်တော့်ရဲ့ ဘွဲ့ယူစာတမ်းအတွက် ischemic stroke ဝေဒနာသည် များနဲ့
သောက်ဆေးများကို လေ့လာရပါတယ်။ ဒီရောဂါမျိုးက ဦးနှောက်ကို သွေးပို့တဲ့
သွေးကြောတွေထဲမှာ ပိတ်ဆို့ခြင်းမျိုး ဖြစ်ပြီး လူအတော်များများ
အဖြစ်မျုားတတ်ပါတယ်။ ဆေးရုံမှာ ကျွန်တော်က အသစ်ရောက်လာတဲ့ ဒီရောဂါ
ဝေဒနာသည်တွေကို သူတို့ရဲ့ သောက်ဆေးနဲ့ သူတို့ရောဂါဝေဒနာ ခံစားရမှုတွေ ကို
အင်တာဗျူးလုပ် ၊ မေးမြန်းပြီး မှတ်တမ်းလုပ်ထားရပါတယ်။ ဒီအလုပ်က
အင်မတန်မှကို နှေးကွေးပြီးစိတ်ဝင်စားစရာလည်း မကောင်းလှပါဘူး။
မိုးတွေစိမ့်အေးနေတဲ့ အောက်တိုဘာ တစ်ညနေခင်းမှာ ကျွန်တော် တစ်ယောက်တည်း
ဦးနှောက်နှင့် အာရုံကြောကုသဆောင်မှာ ကျွန်တော့်ရဲ့ ဘွဲ့ယူစာတမ်းကို
အပြီးသတ်ဖို့ ကျွန်တော်က ဒီကုသဆောင်မှာ တွေ့ရတဲ့ လူနာ ၃ယောက်ကို
နောက်ဆုံးတွေ့ဆုံမေးမြန်းရမှာဖြစ်ပါတယ်။
လူနာမှတ်တမ်းအရ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ သူ့ကို ကျွန်တော်က မကကြီး လို့
နာမည်တစ်ခုပေးထား လိုက်တဲ့ အမျိုးသမီးနဲ့ ကျွန်တော် တွေ့ဆုံရပါတယ်။
လူနာကိုမေးမြန်းမယ့် မေးခွန်းများရေးထားတဲ့ စာရွက်များကို ကိုင်ဆောင်ကာ
ကျွန်တော် တစ်ယောက်တည်း သူနာပြုများ ၊ ဆရာဝန်များ တစ်ဦးတစ်ယောက်ကိုမျှ
မတွေ့ရဘဲ တိတ်ဆိတ်နေတဲ့ အဲဒီကုသဆောင်ကို လမ်းလျှောက်သွားပါတယ်။
မကကြီး ရှိနေတဲ့လူနာအခန်းမှာ စုစုပေါင်း လူနာကုတင် ၈ ကုတင် ရှိပါတယ်။
ပြတင်းပေါက်မှတဆင့် မိုးသားမဲမဲများ၊ မိုးရေစက်များကို ကျွန်တော်
မြင်တွေ့ရပါတယ်။ စိမ့်အေးနေတဲ့လေထုထဲမှာ ယဉ်ပါးနေပြီဖြစ်တဲ့ ဆေးရုံနံ့ကို
ရရှိနေပါတယ်။
မကြာသေးခင်ကမှ ဝေဒနာသက်သာလာတဲ့၊ ဖြူဖျော့ အားနည်းနေတဲ့ မကကြီးက လူနာကုတင် ၄
ခု မြောက်မှာ လဲလျောင်းနေပါတယ်။ မကကြီးနံဘေးမှာ သူ့မိသားစု ၊
ဆွေမျိုးသားချင်း၊ မိတ်ဆွေ သူငယ်ချင်း တစ်ဦးတစ်ယောက်မျှ ရှိမနေဘဲ
သူ့ကုတင်ဘေးက ကုတင်ကလည်း အလွတ်ဖြစ်နေပါတယ်။ မကကြီးရဲ့ကုတင်နံဘေးက
ကုလားထိုင်မှာ ကျွန်တော်က ဝင်ထိုင်လိုက်ရင်း လေသံတိုးတိုးဖြင့်
ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ကာ သူ့ကို နေထိုင်ကောင်းလားလို့
မေးလိုက်ပါတယ်။ မကကြီးက ဖျော့တေ့ာ အားနည်း နေတဲ့လေသံနဲ့ သူ နေရထိုင်ရ
သက်သာလာပြီဖြစ်ကြောင်း ၊ ဒါပေမယ့်လည်း သူ့ရဲ့ ကိုယ် ဘယ်ဘက် အခြမ်းက
နာကျင်နေကြောင်း ပြောပါတယ်။ကျွန်တော်က သူ့ကို မေးခွန်းများအနည်းငယ်
မေးလိုကြောင်းပြောတော့ သူက သဘောတူပါတယ်။
ကျွန်တော့်ရဲ့မေးခွန်းများဟာ ဟုတ်တယ် ..မဟုတ်ဘူး ( yes or no )
မေးခွန်းများသာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့မေးခွန်းများ အပြီးမှာ ကျွန်တော်က
သူ့ကိုကျေးဇူးတင်ကြောင်းပြောပြီး ထထွက်လာဖို့ပါပဲ။ကျွန်တော် ထိုင်ခုံက
အထမှာ မကကြီးက ကျွန်တော့်ကို သူ့ရဲ့ အားနည်းနေတဲ့ အသံဖြင့်
"ကျွန်မ ဒေါက်တာ့ကို အရင်က တစ်ခါမှ မမြင်ဖူးဘူး...ဒေါက်တာက အသစ်လား"
လို့မေးပါတယ်။
“မဟုတ်ပါဘူး..အစ်မ။ ကျွန်တော်က ဒီဆေးရုံကို နေ့တိုင်းမလာလို့ ကျွန်တော့်ကို မမြင်ဖူးခဲ့တာပါ”
လို့ ကျွန်တော်က သူ့အမေးကို ပြန်ဖြေလိုက်ပါတယ်။
သူက ကျွန်တော့်ကို ဘယ်မြို့ဇာတိလဲ..ဘာလို့ ဒီလိုညနေစောင်းမျိုးမှာ
အလုပ်လုပ်နေတာလဲ စသည်ဖြင့် မေးတော့ ဒီလို ရောဂါဝေဒနာ ခံစားနေရတဲ့
အခြေအနေမျိုးမှာ စကားပြောချင်တဲ့ လူနာကို ကျွန်တော် အံ့အားသင့်သွားရပါတယ်။
မကကြီးက ဆက်ပြီး
“ဒေါက်တာ…ကျွန်မ နေပြန်ကောင်းလာမယ်လို့ ဒေါက်တာ ထင်လားဟင်"
လို့မေးပါတယ်။ ကျွန်တော့်ရဲ့စိတ်ထဲမှာတော့
“ဘုရားသခင်…ကယ်တော်မူပါ။ မကကြီးရေ… ကျွန်တော်သာ ခင်ဗျားကိုကုတဲ့
ဆရာဝန်ဖြစ်ခဲ့ရင် ခင်ဗျားမေးတဲ့ မေးခွန်းကို ကျွန်တော်
ပြန်ဖြေနိုင်မှာပေ့ါ” လို့ရေရွတ်လိုက်မိပါတယ်။
ကျွန်တော်က သူ့ကို လူနာမှတ်တမ်းအရသာသိကြောင်း၊ သူ့ရောဂါ အကြောင်း
သေချာမသိကြောင်းနဲ့ ဒီရောဂါအကြောင်း ကျွန်တော် လေ့လာထားသမျှအကြောင်းတွေကို
ပြန်ပြောပြပါတယ်။ကျွန်တော်က
ဆရာဝန်မဖြစ်သေးတဲ့ ဆေးကျောင်းသား တစ်ဦးသာ ဖြစ်တာကြောင့် မကကြီးကို
ဒီရောဂါအကြောင်း ခရေစေ့တွင်းကျ သေချာပြောပြဖို့ကို တွန့်ဆုတ်နေမိပါတယ်။
မကကြီးက သူ့အကြောင်းတွေ စလို့ပြောပြပါတယ်။ သူ့မှာ ကလေး ၃ယောက် ရှိကြောင်း ၊
ကလေးများအားလုံး မူလတန်းကျောင်းမှာ တက်နေကြောင်း၊ သူ့ခင်ပွန်း
ကွယ်လွန်သွားတာ တစ်နှစ် ရှိပြီ ဖြစ်ကြောင်း ၊ သန့်ရှင်းရေး အလုပ်သမ
တစ်ယောက်အနေဖြင့် သူနဲ့ သူ့ကလေးတွေ ဘဝကိုရပ်တည်နေကြောင်း ပြောပြပါတယ်။
“ကျွန်မရဲ့ သန့့််ရှင်းရေးအလုပ်ဝင်ငွေက ကျွန်မနဲ့ ကလေးတွေအတွက် လောက်ငရုံလေးပါပဲ”
လို့ မကကြီးကပြောတော့ ကျွန်တော် ရုတ်တရက် ဘာပြန်ပြောရမှန်း မသိပါဘူး။
သူ့မရဲ့မျက်လုံးတွေကို စိုက်ကြည့်ရင်း ပြီးခဲ့တဲ့စာသင်နှစ်တွေက စာသင်ခန်း
မှာ သင်ယူခဲ့ရတဲ့ လူမှုဆက်ဆံရေးသင်ခန်းစာတွေကို ခေါင်းထဲမှာ အပြေးအလွှား
စဉ်းစားနေပေမယ့် ကျွန်တော့် ခေါင်းထဲကနေ ဘာမှ ထွက်မလာပါဘူး။
ကျွန်တော့်ကိုယ် ကျွန်တော် ကျိန်ဆဲမိပါတယ်။
ကျွန်တော့်ကိုယ် ကျွန်တော် သတိမထားမိခင်မှာပဲ ကျွန်တော်က မကကြီးရဲ့ လက်ကို
ဆုပ်ကိုင်မိနေလျက်သား ဖြစ်နေပါတယ်။ ကျွန်တော့်မှာ ပြောစရာ ဘာစကားမှ
ထွက်မလာနိုင်တဲ့အတွက် မကကြီးနံဘေးမှာထိုင်ပြီး မကကြီး ပြောတာတွေသာ
နားထောင်နေမိပါတယ်။
သူ့ခင်ပွန်းက ကားမှောက်ပြီး ကွယ်လွန်သွားကြောင်း ၊ သူဘဝကို
ဘယ်လိုရုန်းကန်ခဲ့ရကြောင်း ၊ သူ့ကျန်းမာရေး တစ်ခုခု ဖြစ်သွားခဲ့ရင် သူ့ကလေး
၃ယောက်အတွက် စိုးရိမ်ကြောင်း စတာတွေကို မိနစ် ၂၀ ခန့်ကျွန်တော့် ကို
ပြောပါတယ်။ သူစကားပြောနေစဉ်မှာ ကျွန်တော်ကတော့ ခေါင်းကို ညိတ်လို့သာ
ကျွန်တော့်ရဲ့သူ့အပေါ်မှာထားတဲ့ ဂရုဏာတရားကို ပြနိုင်ပါတယ်။
မကကြီးက သူ ကျွန်တော့်ကို ဝေမျှချင်တဲ့ သူရဲ့ ခံစားချက်တွေကို ပြောလို့အပြီးမှာတော့
“ဒေါက်တာ့ကို ဒီမှာ ကျွန်မစကားတွေကို နားထောင်ပေးဖို့ ခေါ်ထားရသလိုဖြစ်တာ
ကျွန်မ အားနာပါတယ်…ဒါပေမယ့် ကျွန်မ အခု အတော်လေး စိတ်သက်သာရာ
ရသွားပါတယ်…ကျွန်မမှာ ကျွန်မရဲ့ အခက်အခဲတွေ ၊ ကျွန်မရဲ့ ကြောက်စိတ်တွေကို
ပြောပြစရာ တစ်ယောက်မှ မရှိလို့ပါ”
လို့ပြောပါတယ်။
သူ့ရဲ့ မျက်လုံးထောင့်စွန်းလေးကနေ မျက်ရည်တစ်ပေါက် ကျလာတာကို
ကျွန်တော်မြင်ရပါတယ်။ သူ့ဆံပင်တွေကို သပ်ပေးနေမိပြီး သူ့လက်ကို
ဆုပ်ကိုင်ရင်း ကျွန်တော် ဘာစကားပြောရမယ်ဆိုတာ သိလာပါတယ်။
“ရပါတယ်…အစ်မ။ ဒါ ကျွန်တော့်ရဲ့ တာဝန် တစ်စိတ်တစ်ပိုင်းပါ” လို့ပြန်ပြောလိုက်မိပါတယ်။
“ကျေးဇူးတင်ပါတယ် ..ဒေါက်တာရယ်။ ကျေးဇူးအများကြီးတင်ပါတယ်” လို့ မကကြီးက ပြောပါတယ်။
ကျွန်တော့်ရဲ့ လက်ကို သူက လွှတ်လိုက်တဲ့အခါမှာတော့ ကျွန်တော် မတ်တပ်
ထရပ်လိုက်ပြီး သူ့ကို စောင်ခြုံပေးလိုက်ပါတယ်။ သူ့ကို လက်ပြ နှုတ်ဆက်ပြီး
ကျွန်တော် ထွက်လာခဲ့ပါတော့တယ်။
နောက်ရက်အနည်းငယ်အကြာမှာ အဲဒီကုသဆောင်ကို ကျွန်တော်
ပြန်လည်ရောက်ရှိသွားချိန်မှာတော့ မကကြီးက ဝေဒနာသက်သာလာပြီး
ဆေးရုံကဆင်းသွားပြီ ဖြစ်ကြောင်း သိရပါတယ်။
မကကြီးက ဆရာဝန်တစ်ယောက် လေ့လာသင်ယူရမယ့် အရေးအကြီးဆုံး သင်ခန်းစာကို
ကျွန်တော့်ကို သင်ပြပေးသွားခဲ့တာပါ။ တစ်ခါတစ်ရံမှာ လူနာတွေဟာ
တန်ဖိုးကြီးလွန်းတဲ့ ဆေးဝါးတွေကို မလိုချင်ပါဘူး။ ခေတ်မီ စက်ကိရိယာတွေနဲ့
ကုသခံရဖို့ မလိုချင်ဘဲ သူတို့ကို စိတ်လိုလက်ရ သည်းခံနားထောင်ပေးမယ့်
တစ်စုံတစ်ယောက် နဲ့ အချိန်အနည်းကိုသာ အလိုရှိတယ်ဆိုတာကို မကကြီးထံမှ
ကျွန်တော် လေ့လာ သင်ယူ လိုက်ခဲ့ရပါတယ်။
ကျွန်တော့် အတွက်ကတော့ ဆရာဝန်တစ်ယောက်အနေနဲ့ လူနာကို အကောင်းဆုံး လုပ်ပေးနိုင်ခြင်း တစ်ခုပဲ ဖြစ်ပါတော့တယ်။
( ၂၀၀၈ ခုနှစ် ၊ အောက်တိုဘာလထုတ် Reader’s Digest မဂ္ဂဇင်းမှ Muhammad
Fairuz Bin Abdullah ၏ My Unexpected Teacher ကို ဘာသာပြန်ဆိုပါသည်။ )
ဟနစံ
၁ရက်၊ နိုဝင်ဘာလာ၊ ၂၀၀၈ ခုနှစ်။
No comments:
Post a Comment