Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Wednesday, 1 February 2017

ကံဆိုးတာလား ကံကောင်းတာလား

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်တဲ့။ ဘုရင်ကြီးက ခြေသန်းလေး ပြတ်နေတယ်တဲ့။ ဒါကို ဘယ်သူမှ မသိဘူးပေါ့။ ဘုရင်ကြီးကတော့ ရှက်လို့ ဘယ်သူမှ မသိအောင် ဖုံးထားတာ။

တစ်နေ့ကျတော့ ဘုရင်ကြီးရယ် သူ့ သက်တော်စောင့်ရယ် တောကစားထွက်ရင်း တောထဲမှာ လမ်းပျောက်ပြီးတော့

လူရိုင်းတွေက ဖမ်းမိသွားရော။

လူရိုင်းတွေက ယဇ်ပူဇော်တဲ့လူရိုင်းတွေဆိုတော့ သူတို့ကို သတ်မှာပဲလေ။

အဲမှာ လူရိုင်းတွေက ယဇ်ပူဇော်ဖို့ဆို သတ်မယ်ပြင်တော့ ဘုရင်ကြီးရဲ့ ခြေထောက်ကိုတွေ့သွားရော။

အင်္ဂါမစုံလို့ ယဇ်ပူဇော်လို့ မရလို့ဆို ဘုရင်ကြီးကိုတော့ မသတ်ဘဲနဲ့ လွှတ်ပေးလိုက်တယ်။ သက်တော်စောင့်ကတော့ ခြေ၊လက်၊ အင်္ဂါ စုံလို့ဆို ယဇ်ပူဇော်ဖို့ အသတ်ခံလိုက်ရတယ် တဲ့။



ခြေသန်းပြတ်နေလို့ ရှက်စရာကောင်းလှချေလို့ တစ်သက်လုံး သူ့ကိုယ်သူ ထင်ထားခဲ့တဲ့ ဘုရင်ကြီးဟာ သူ့ ခြေသန်းလေးပြတ်နေတာကြောင့် သူ အင်မတန် ကံကောင်းမှန်း သိသွားတယ်လေ။



အဲဒီလိုပဲပေ့ါ...ဘဝမှာ ဆုံးရှုံးခဲ့ရတာတွေအတွက် ပူဆွေးသောကတွေဖြစ်နေပေမယ့် အဲဒီ ဆုံးရှုံးမှုဟာ အနာဂတ်မှာ ကောင်းဖို့အတွက် ဖြစ်လာတာတွေပဲ။

တစ်စုံ တစ်ဦးကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်း စိတ်မကောင်းဖြစ်နေတာဟာ တကယ်တော့ ပိုကောင်းဖို့အတွက် ၊ ကိုယ့်ဘဝထဲကနေ ကိုယ့်အတွက် မကောင်းတဲ့သူကို ကံကြမ္မာက ဖယ်ရှားပေးလိုက်တာလည်း ဖြစ်နိုင်တာပဲ။



ဘာကိုမှ ဝမ်းနည်းဖို့ မရှိပါဘူးနော်။ တစ်ခုကို ဆုံးရှုံးသွားခဲ့ရင် ပြန်လည် တည်ဆောက်နိုင်တဲ့ အရာတွေ အများကြီးရှိတာပဲ။

ထိုင်နေချင်ရင်

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။

တောအုပ်တစ်ခုက သစ်ပင်တစ်ပင်ပေါ်မှာသိမ်းငှက်တစ်ကောင် ထိုင်နေတယ်တဲ့။ တစ်နေကုန် ဘာမှ မလုပ်ဘဲ သစ်ကိုင်းပေါ်မှာ ထိုင်နေတယ်တဲ့။

အဲဒီလို သိမ်းငှက် ထိုင်နေတုန်းမှာ သစ်ပင်အောက်ကို ယုန်ကလေးတစ်ကောင်ရောက်လာတယ်တဲ့။

ယုန်ကလေးက သစ်ပင်ပေါ်ကို မော့ကြည့်ပြီး သိမ်းငှက်ကြီးကို လှမ်းမေးလိုက်တယ်တဲ့။

ဗျိုး...ကိုသိမ်းငှက်...ခင်ဗျားဗျာ တစ်နေကုန် အဲဒီသစ်ပင်ပေါ် ထိုင်နေတာ...ကျွန်တော်ရော ခင်ဗျားလိုပဲ ဘာမှ မလုပ်ဘဲ ထိုင်နေလို့ ရမလား

လို့ မေးလိုက်တယ်တဲ့။

သိမ်းငှက်က ယုန်ကလေးကို ငုံ့ကြည့်ပြီးတော့

ရတာပေ့ါကွာ လို့ ပြန်ဖြေလိုက်သတဲ့။

အဲဒီမှာ ယုန်ကလေးက ဘာမှမလုပ်ဘဲ မြေပြင်မှာ ထိုင်နေသတဲ့ကွယ်။

အဲဒီလို ယုန်ကလေးထိုင်နေတာကို မြင်သွားတဲ့မြေခွေးတစ်ကောင်က ယုန်ကလေးဆီလာပြီးတော့ ဖမ်းဆီး စားသောက်လိုက်သတဲ့။



ကိုင်း ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ဒီပုံပြင်လေးက ပေးတဲ့ သင်ခန်းစာကတော့ကွယ်

ဘာအလုပ်မှ မလုပ်ဘဲ ထိုင်နေချင်ရင် အမြင့်မှာ ထိုင်နေတာဖြစ်ဖို့ အရေးကြီးသတဲ့။



(အီးမေးလ်မှ ရရှိသော ပုံပြင်အား နားလည်သလို ဘာသာပြန်ဆိုပါသည်။)

Honesty is the best policy

အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဟာ အသက်အရွယ်ကြီးရင့်လာတော့ သူ့နေရာမှာဆက်ခံမယ့်သူတစ်ယောက်ကို ရွေးချယ်ဖို့ စဉ်းစားမိပါတယ်။ သူ့ရဲ့ သား သမီးများနဲ့ လက်ရှိသူ့လုပ်ငန်းက ဒါရိုက်တာများထဲက ရွေးချယ်ဖို့ထက် တခြားနည်းလမ်းတစ်မျိုးနဲ့ ရွေးချယ်ဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။



သူ့ကုမ္ပဏီမှာရှိတဲ့ လူရွယ်အရာရှိများအားလုံးကို အစည်းအဝေးခေါ်လိုက်ပါတယ်။



"ခုဆိုရင် ငါဟာ အသက်အရွယ်ကြီးလာပြီဖြစ်လို့ ကုမ္ပဏီရဲ့ CEO အသစ်ကို ငါ့နေရာမှာ ဆက်ခံဖို့ ရွေးချယ်ရတော့မှာပါ။ မင်းတို့ထဲက တစ်ယောက်ကို နောက် ဖြစ်မယ့် CEO အဖြစ်ရွေးချယ်ချင်တယ်"

လို့ သူကအစည်းအဝေးမှာပြောလိုက်တဲ့ခါ အရာရှိငယ်တွေအားလုံး အံ့အားသင့်သွားကြပါတယ်။



သူက ဆက်ပြောပါတယ်။



"ငါ မင်းတို့ကို မျိုးစေ့ တစ်စေ့စီ ဒီနေ့ ပေးပါမယ်။ မင်းတို့ အဲဒီမျိုးစေ့ကို စိုက်ပါ။ ရေလောင်းပါ။ ဒီနေ့ကနေ စလို့တစ်နှစ်ကြာတဲ့ခါမှာ မင်းတို့ စိုက်တဲ့မျိုးစေ့ကနေ ဘာအပင်ပေါက်လာတယ်။ ဘာတွေပွင့်လာတယ် သီးလာတယ်ဆိုတာကို ယူလာပြရပါမယ်။ မင်းတို့ ယူလာပြတဲ့ အပင်တွေအပေါ်မူတည်ပြီးတော့ ငါ့နေရာကို ဆက်ခံမယ့် CEOကို ငါရွေးချယ်ပါမယ်"



အဲဒီလိုပြောပြီးနောက် သူက အရာရှိငယ်တွေအားလုံးကို မျိုးစေ့တစ်စေ့စီပေးပါတယ်။ အဲဒီထဲမှာ Jim ဆိုတဲ့ အရာရှိငယ်တစ်ယောက်လည်း မျိုးစေ့ကို လက်ခံယူပြီး အိမ်ပြန်ပြီးနောက် သူ့ ဇနီးကို စိတ်လှုပ်ရှားစွာနဲ့ ပြောပြပါတယ်။ Jim ရဲ့ ဇနီးသည်က မျိုးစေ့ကို ပန်းအိုးတစ်အိုးထဲမှာ မြေဩဇာပြည့်နေတဲ့ မြေကြီးထည့်စိုက်ဖို ့ကူညီပေးပါတယ်။ ဇနီးသည်ရဲ့ အကူအညီနဲ့ Jim ဟာမျိုးစေ့ကို စိုက်ပျိုးလိုက်ပါတယ်။



နေ့စဉ်နေ့တိုင်းပဲ Jim ဟာရေလောင်းပြီး ဘာပင်ထွက်လာမလဲဆိုတာကို စောင့်ကြည့်ပါတယ်။ ရက်သတ္တပတ် ၃ ပတ်ကြာတဲ့အခါမှာတော့ အခြား အရာရှိငယ်များက သူတို့စိုက်ပျိုးထားတဲ့ မျိုးစေ့မှ အပင်ပေါက်လာကြောင်းကို ပြောကြပါတယ်။ Jim က သူ့ မျိုးစေ့ကို နေ့တိုင်း စောင့်ကြည့်ပေမဲ့ ဘာပင်မှ ပေါက်လာတာကို မတွေ့ရပါဘူး။

 ၄ ပတ်၊ ၅ ပတ် ကြာလာတဲ့ထိ ဘာပင်မှ ပေါက်မလာပါဘူး။ ရုံးမှာ အခြား အရာရှိငယ်များက သူတို့စိုက်ပျိုးထားတဲ့ မျိုးစေ့မှ ပေါက်လာတဲ့အပင်အကြောင်းကို ပြောကြပေမဲ့ Jim ကတော့ သူ့မှာ ဘာအပင်မှ ပေါက်မလာတဲ့အတွက် စိတ်ဓာတ်ကျကာ အရှုံးကို ရင်ဆိုင်ခံစားနေရပါတယ်။



၆လ ကြာပြီးသွားတဲ့ထိတိုင် Jim ရဲ့ ပန်းအိုးထဲမှာ ဘာအပင်မှ ပေါက်မလာပါဘူး။ Jim သိလိုက်ပါပြီ။ သူ့ မျိုးစေ့ဟာ အပင်ပေါက်မလာဘဲ သေသွားတယ်ဆိုတာ။ တခြားအရာရှိငယ်များမှာတော့ သန်စွမ်းတဲ့အပင်များရှိနေကြပြီး သူ့မှာတော့ ဘာအပင်မှ ရမလာပါဘူး။ Jim က သူ စိုက်ပျိုးတဲ့ မျိုးစေ့မှ ဘာအပင်မှ ပေါက်မလာကြောင်း ဘယ်သူကိုမှ မပြောပြဖြစ်ပါဘူး။



ဒါပေမဲ့လည်း သူဟာ မျိုးစေ့မှ အပင်ပေါက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မြေဩဇာဖြည့်ခြင်း၊ ရေလောင်းခြင်းတို့ကိုတော့ နေ့စဉ်မှန်မှန် ဆက်လုပ်ပါတယ်။



အဲဒီလိုန့ဲ တစ်နှစ်ကြာတဲ့အခါမှာတော့ အရာရှိငယ်များအားလုံးက သူတို ့စိုက်ပျိုးထားတဲ့ အပင်များကို ယူလာပြကြရပါတယ်။ Jimက သူ့ဇနီးကို သူ ဒီ ဘာအပင်မှမရှိတဲ့ ပန်းအိုးကို ယူသွားမပြချင်ကြောင်းပြောတဲ့အခါ သူ့ဇနီးက ဘာပဲဖြစ်ဖြစ် အမှန်အတိုင်းသာ ပြောဖို့ တိုက်တွန်းပါတယ်။



Jimက ဒီအဖြ်အပေါ်မှာ အင်မတန် အရှက်ရပါတယ်။ သူ့ဘဝမှာ ရှက်စရာအကောင်းဆုံးအဖြစ်ပါပဲ။ ဒါပေမဲ့လည်း သူ့ဇနီးပြောတာ မှန်တယ် ..သူ့ဇနီးပြောသလိုပဲ အမှန်အတိုင်း ရိုးရိုးသားသားပဲ ဘာအပင်မှ မပေါက်လာတဲ့အကြောင်းပြောဖို့ ဆုံးဖြတ်ပြီး အစည်းအဝေးခန်းမထဲကို မျိုးစေ့ထည့်စိုက်ပျိုးထားတဲ့ ပန်းအိုးကို ယူဆောင်သွားပါတယ်။



အစည်းအဝေးခန်းမထဲ Jimရောက်ရှိသွားတဲ့ခါ အခြား အရာရှိငယ်များရဲ့ သန်စွမ်းလှပတဲ့အပင်များကို မြင်ရကာ အံ့အားသင့်သွားရပါတယ်။ Jim က သူ့ပန်းအိုးကို ကြမ်းပြင်ပေါ်ကို ချလိုက်တယ်ဆိုရင် ဘာအပင်မှ မရှိတဲ့ ပန်းအိုးကို ကြည့်ပြီး အခြားအရာရှိငယ်အချို့က ဟားတိုက်ရယ်မောကြပါတယ်။ အချို့ကတော့ Jim အတွက် စိတ်မကောင်းဖြစ်ကြပါတယ်။



အစည်းအဝေးခန်းမထဲကို CEO ရောက်ရှိလာတဲ့အခါမှာတော့ အရာရှိငယ်များကို နှုတ်ဆက်ပြီး အပင်များကို ကြည့်ရှုပါတယ်။  Jimကတော့ ရှက်လှတဲ့အတွက် အနောက်ဘက်မှာ ပုန်းနေလိုက်ပါတယ်။  CEO က

" အင်မတန် လှပ သန်စွမ်းတဲ့အပင်တွေကို မင်းတို့ စိုက်ခဲ့ကြတာပဲ။ ဒီနေ့တော့ ငါ့နေရာကို ဆက်ခံမယ့် CEOကိုရွေးချယ်ခန့်ထားရတော့မှာပေါ့"  လို့

ပြောပါတယ်။



ချက်ချင်းဆိုသလိုပဲ CEOက Jimကို ဘာအပင်မှ မရှိတဲ့ ပန်းအိုးန့ဲ အတူတွေ့သွားပြီး စီးပွားရေးဌာနဒါရိုက်တာကို Jim ကိုအရှေ့ကို ခေါ်ထုတ်ပေးဖို့ ညွှန်ကြားလိုက်ပါတယ်။ Jim က စိတ်ထဲမှာ အလန့်တကြားဖြစ်သွားပါတယ်။ CEO က သူ့ကို အလုပ်ဖြုတ်တော့မှာပဲလို့ စိုးထိတ်သွားပါတယ်။



Jim အရှေ့ကိုရောက်တယ်ဆိုရင်ပဲ CEOက Jim ရဲ့မျိုးစေ့ ဘာဖြစ်တာလဲလို့ မေးပါတယ်။ Jimက အကြောင်းစုံ ပြောပြလိုက်ပါတယ်။

အဲဒီအခါ CEOက အခြားအရာရှိငယ်များကို ထိုင်ခိုင်းလိုက်ပြီးနောက်

" ဒီမှာ မင်းတို့ရဲ့ အရာရှိချုပ်ကို ရွေးချယ်လိုက်ပါပြီ။ သူ့နာမည်က Jim ဖြစ်ပါတယ် " လို့ ကြေညာလိုက်ပါတယ်။



Jimက သူ့ကိုယ်သူ မယုံကြည်နိုင်ပါဘူး။ အခြား အရာရှိများကလည်း အံ့အားသင့်ပြီး Jim က ဘာပင်မှ ပေါက်လာအောင် မစိုက်နိုင်ဘဲ ဘယ်လိုလုပ် အရာရှိချုပ်အဖြစ် CEOရဲ့နေရာကို ဆက်ခံမှာလဲလို့တီးတိုးပြောဆိုကြပါတယ်။



CEOက အရာရှိငယ်များအားလုံးကို

" မင်းတို့ကို လွန်ခဲ့တဲ့တစ်နှစ်က မျိုးစေ့တစ်စေ့စီပေးပြီး အပင်စိုက်လို့ နောင်တစ်နှစ်အကြာမှာ ယူလာပြဖို့ ငါ ပြောခဲ့ပါတယ်။

Jimကလွဲလို့ မင်းတို့ အားလုံး သန်စွမ်းလှပတဲ့အပင်တွေကို ဒီနေ့ ယူဆောင်လာပြကြတယ်။ တကယ်တော့ မနှစ်တုန်းက မင်းတို့ကို ငါ ပေးလိုက်တဲ့ မျိုးစေ့တွေဟာ ပြုတ်ထားပြီးသား အစေ့တွေဖြစ်တဲ့အတွက် သေပြီးသားမျိုးစေ့တွေဖြစ်လို့ ဘယ်လိုမှ အပင်ပေါက်လာမှာ မဟုတ်ပါဘူး။ မင်းတို့က ဒီမျိုးမအောင်တဲ့ မျိုးစေ့တွေကို စိုက်ပြီး ဘာအပင်မှ ပေါက်မလာတဲ့အခါ တခြား အပင်နဲ့ အစားထိုးပြီး ယူလာ ပြကြတယ်။ Jim ကတော့ ဘာအပင်မှ မရှိတဲ့ ပန်းအိုးန့ဲအတူ သူ့ရဲ့ ရိုးသားမှုနဲ့ သတ္တိကို ငါ့ဆီ ယူလာ ပြပါတယ်။ သူဟာ ငါပေးတဲ့မျိုးစေ့ကို ရိုးသားမှုနဲ့သတ္တိအဖြစ် စိုက်ပျိုးနိုင်ခဲ့တယ်။ ဒါကြောင့် Jim ဟာ ငါ့နေရာမှာ ဆက်ခံမယ့် CEO အသစ်အဖြစ် ရွေးချယ်ခြင်းခံရပါတယ်" လို့

ပြောလိုက်ပါတယ်။



တကယ်လို့ သင်ဟာ ရိုးသားမှုကို စိုက်ပျိုးမယ်ဆိုရင် ယုံကြည်မှုကို ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ ကောင်းမြတ်ကြင်နာခြင်းကို စိုက်ပျိုးမယ်ဆိုရင် မိတ်ဆွေကောင်းတွေကို ရရှိမှာဖြစ်ပါတယ်။

တကယ်လို့ သင်ဟာနှိမ်ချရိုကျိုးခြင်းကို စိုက်ပျိုးမယ်ဆိုရင် ကြီးမြတ်ခြင်းကို ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ ဇွဲ၊ လုံ့လကို စိုက်ပျိုးမယ်ဆိုရင် ကျေနပ်ရောင့်ရဲခြင်းကို ရိတ်သိမ်းရမှာဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ အလုပ်ကြိုးစားမှုကို စိုက်ပျိုးမယ်ဆိုရင် အောင်မြင်မှုကို ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ နားလည်ခွင့်လွှတ်ခြင်းကို စိုက်ပျိုးမယ်ဆိုရင် သင့်မြတ်ပြေလည်ခြင်းကို ရိတ်သိမ်းရမှာဖြစ်ပါတယ်။



Prashanth Reddy ၏ “Honesty is the best policy" ပုံပြင်ကို နားလည်သလို ဘာသာပြန်ဆိုပါသည်။

အီးပုံထဲမှာ ငြိမ်ငြိမ်နေ

ဟိုးရှေးရှေးတုန်းက ငှက်ကလေးတစ်ကောင်ရှိသတဲ့။
ဆောင်းရာသီမှာ ငှက်ကလေးဟာ တောင်ဘက်အရပ်ကို ဆောင်းခိုဖို့ပျံသန်းသွားတာပေ့ါကွယ်။
ရာသီဥတုက အရမ်းကိုအေးလွန်းတော့ ငှက်ကလေးက အေးခဲမတတ်ခံစားရပြီး ဆက်လက်မပျံနိုင်တော့ဘဲ မြေပြင်ပေါ်ကို ပြုတ်ကျသွားသတဲ့။
အဲဒီလို ငှက်ကလေး မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး မြေပြင်ပေါ်ကနေ ပြန်မထနိုင်ဘဲ လဲလျောင်းနေစဉ်မှာ
နွားတစ်ကောင်က ငှက်ကလေးပေါ် အီးအီးပါချသတဲ့ကွယ်။

နွားပါချတဲ့ အီးအီးတွေဟာ ပူနွေးတော့ ငှက်ကလေးက နေလို့ ကောင်းလာသတဲ့။ အေးခဲမတတ် အအေးဒဏ် ခံစားနေရတဲ့ ငှက်ကလေးက သူဟာနွားအီးပုံထဲမှာ နွေးထွေးနေတာ သူ့ကိုယ်သူ သတိပြုမိလိုက်တယ်တဲ့။ အဲဒီမှာ ငှက်ကလေးဟာ နေထိုင်ကောင်းလာလို့ ပျော်ရွှင်ပြီး နွားအီးပုံထဲမှာ လဲလျောင်းရင်းနဲ့ သီချင်းအော်ဆိုလိုက်သတဲ့။

ငှက်ကလေးရဲ့ သီချင်းသံကို ကြားတော့ အနားက ဖြတ်သွားတဲ့ ကြောင်ကြီးတစ်ကောင်က ဘယ်က ငှက်သံလဲဆိုတာ စူးစမ်းပြီး ရှာသတဲ့။
အဲဒီမှာ နွားအီးပုံထဲက ငှက်ကလေးကိုလည်း တွေ့သွားရင်ပဲ ကြောင်ကြီးက ငှက်ကလေးကို အီးပုံထဲက ဆွဲထုတ်ပြီး စားလိုက်သတဲ့ကွယ်။
ငှက်ကလေးလည်း သေဆုံးသွားတယ်။

ကိုင်း...ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
Morals of the story:

1. Not everyone who shits on you is your enemy.

2. Not everyone who gets you out of shit is your friend.

3. And when you're in deep shit, it's best to keep your mouth shut!


အီးမေးလ်မှ ရရှိသော ပုံပြင်အား ဘာသာပြန်ဆိုပါသည်။

ဆေးမှားခြင်း

ဆေးကျောင်းတစ်ခု၏ စာသင်ခန်းတစ်ခုတွင် ဆရာက ဆေးကျောင်းသားများကို ရောဂါလက္ခဏာတစ်ခုကို ပြောပြလေသည်။
ထို့နောက် ထိုရောဂါမှာ ဘာဖြစ်နိုင်သလဲ ၊ ဘယ်လို treatment ပေးမလဲဟု ကျောင်းသားတစ်ဦးအား စာမေးရာ
ကျောင်းသားက ဆေးတစ်မျိုးအမည်ကို ဖြေလေသည်။
ဆရာက ဘာမျှ မပြောဘဲ ဆက်လက် စာသင်လေသည် ။ ကျောင်းသားက သူ ဖြေတာ မှန်မှ မှန်ရဲ့လားဟု အပြင်းအထန် စဉ်းစားကာ
သူ ဖြေတာ မှားမှန်းသိပြီးနောက် အဖြေမှန်ကို စဉ်းစားမိလေသည်။

ကျောင်းသားက လက်ထောင်ပြသောအခါ ဆရာက
"ဘာများလဲ အမောင်ကျောင်းသား" ဟုမေးသောအခါ
ကျောင်းသားက "ကျွန်တော်ခုနက ဖြေတာကို ပြန်ပြင်ချင်ပါတယ်။ လူနာကို ဒီဆေးပေးရပါမယ်ဆရာ" ဟု အဖြေမှန်ကိုပြောလေသည်။

ဆရာက လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက်
"ဝမ်းနည်းပါတယ် ...အမောင်ကျောင်းသား။ လူနာ သေဆုံးသွားတာ နာရီဝက်ရှိပါပြီ"
ဟု ပြောလိုက်လေသည်။
.......................................