မနှစ်က နှစ်ဦးပိုင်းမှာ ကျွန်မ အိမ်ကို ရှင်းလင်း၊ သန့်ရှင်းရေးလုပ်ခဲ့စဉ်က
ကျွန်မရဲ့ ရင်သွေး နှစ်ဦးကလည်း ကျွန်မက ကူညီကာ အိမ်ကို
ရှင်းလင်းပေးခဲ့ကြပါတယ်။
ကျွန်မရဲ့ သားဖြစ်သူက သေတ္တာများ၊
ကတ္တူပုံးများကို မွှေနှောက်ပြီးတဲ့အခါမှာ ကျွန်မဆီကို
လက်ကိုင်ပုဝါတစ်ထည်နဲ့ ထုပ်ပိုးထားတဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အညိုရောင်
အကြွေစေ့လေးကို ကိုင်ဆောင်ပြီး လာမေးပါတယ်။
“မေမေ…သား ဒီ အကြွေစေ့လေးကို ယူလို့ရမလား…သား…ဒီ အကြွေစေ့နဲ့ ဆော့လို့ ရမလား”
ကျွန်မက တစ်ချက်ကြည့်လိုက်ပြီးနောက် ကျွန်မရဲ့ စိတ်တွေဟာ လက်ရှိ အချိန်ကနေ အတိတ်ကာလ တစ်ခုဆီ ချက်ချင်း ရောက်ရှိသွားပြီးနောက
“သား ဆော့ချင်ရင် တခြား အကြွေတွေကို ယူဆော့လို့ရတယ်… ဒီ အကြွေစေ့ကိုတော့ ယူ မဆော့ပါနဲ့” လို့ ပြောလိုက်ပါတယ်။
“ဒီ
အကြွေစေ့က တခြား အကြွေစေ့တွေနဲ့ မတူဘဲ ထူးခြားတဲ့
အကြွေစေ့ပေါ့…ဒီအကြွေစေ့ကို မေမေ့ကိုပေးသွားတဲ့ အမျိုးသမီးကြီးကို မေမေ
နောက်ထပ် မြင်တွေ့နိုင်မှာ မဟုတ်တော့ဘူး”
ကျွန်မက သားကို ပြောရင်းနဲ့ အကြွေစေ့လေးကို သားဖြစ်သူရဲ့ လက်ထဲမှ ညင်သာစွာ ယူလိုက်ပါတယ်။
“ဒီ အကြွေစေ့က သူ့ ကာလတန်ဖိုးထက် ပိုပြီးတော့ တန်ဖိုးရှိတဲ့ အကြွေစေ့ပဲ”
ကျွန်မရဲ့
စကားကို ကြားတော့ သားဖြစ်သူက ကျွန်မကို နားမလည်နိုင်စွာပဲ အံအားသင့်တဲ့
အကြည့်နဲ့ ကြည့်ပါတယ်။ ကျွန်မက သား နားလည်အောင် ရှင်းပြရပါတော့တယ်။
၁၉၉၁
ခုနှစ်တုန်းက ကျွန်မက Niger ဆိုတဲ့ သဲမုန်တိုင်းထန်တတ်တဲ့၊
အလွန်ပူပြင်းတဲ့ အာဖရိက တိုင်းပြည်တစ်ခုမှာ ၅ လကြာမျှ ရောက်ရှိနေခဲ့ပါတယ်။
ရာသီဥတု ဆိုးရွားမှုကြောင့် ကောက်ပဲသီးနှံ မဖြစ်ထွန်းမှုကြောင့်
တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေက မကောင်းလှဘဲ တောင်းစားသူ ဦးရေများတဲ့
တိုင်းပြည်တစ်ခုပဲ ဖြစ်ပါတယ်။ လမ်းတွေပေါ်မှာ တောင်းတဲ့သူတွေ
များပြားလှတာကြောင့် ကျွန်မ အဲဒီနေရာမှာ အတော်လေးကို စိတ် မသက်မသာ
ဖြစ်ခဲ့ပါတယ်။
“ကာဒို…ကာဒို”
ပြင်သစ်ဘာသာဖြင့်
လက်ဆောင် …လက်ဆောင် ဟုအော်ကာ တောင်းနေကြတဲ့ အသံတွေ လမ်းတွေပေါ်မှာ
ကြားနေရပါတယ်။ (တစ်ချိန်က ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့တဲ့ အဲဒီ တိုင်းပြည်မှာ
ပြင်သစ်ဘာသာစကားကို သုံးစွဲကြပါတယ်။)
ကျွန်မရဲ့
သူနာပြုအလုပ်တာဝန် ထမ်းဆောင်အပြီးမှာ ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အတူ
ကျန်းမာရေးဆေးခန်းတစ်ခုကို အကူအညီ ပေးဖို့ အတွက် အနီးအနားက Burkina Faso
ကို ရောက်ရှိ လာခဲ့ကြပါတယ်။ အဲဒီနေရာက ပိုပြီး စိမ်းလန်းတယ်။
ကိုကာကိုလာကလည်း ပိုပြီး အရသာရှိတယ် လို့ ဒေသခံဝန်ထမ်းတွေရဲ့
ထောက်ခံစကားတွေ ကြားရပြီး အဲဒီနေရာလေးကို ကျွန်မတို့
ရောက်ရှိလာကြခြင်းဖြစ်ပါတယ်။
ကျွန်မတို့ရဲ့
ဦးတည်ရာဖြစ်တဲ့ Burkina ကို အငှားကားဖြင့် ရောက်ရှိလာကြတဲ့ အချိန်မှာ
ညမှောင်နေပါပြီ။ ကျွန်မတို့ရဲ့ ခရီးဆောင် အဝတ်သေတ္တာများ၊ အဝတ်အိတ်များကို
အငှားကားပေါ်မှ ချပါတယ်။ ကျွန်မမှာ ကျောပိုးအိတ် တစ်လုံး၊ လက်ပွေ့အိတ်
တစ်လုံး၊ အဝတ်သေတ္တာ အကြီး တစ်လုံး ပါ ပါတယ်။ ကျွန်မရဲ့ လက်ဆွဲအိတ်ကို
ခြေထောက် နှစ်ချောင်းကြား ညှပ်ထားပြီးနောက် ကျွန်မရဲ့ အဝတ် သေတ္တာ ကို
လှမ်းယူ နေစဉ်မှာ အမှောင်ထဲမှ လူနှစ်ဦး မော်တော်ဆိုင်ကယ်နဲ့ ဖြေးညှင်းစွာ
ကျွန်မရဲ့ အနားကိုကပ်လာပြီးနောက် ကျွန်မရဲ့ လက်ပွေ့အိတ်ကို ဆွဲယူ
မောင်းပြေးသွားပါတယ်။ စက္ကန့် အနည်းငယ်အတွင်းမှာပဲ အဲဒီ မော်တော်ဆိုင်ကယ်က
ညအမှောင်ထဲမှာ ပျောက်ကွယ်သွားပါတယ်။
အဲဒီ ကျွန်မရဲ့
လက်ပွေ့အိတ်ထဲမှာ ကျွန်မရဲ့ နိုင်ငံကူးလက်မှတ်၊ ပိုက်ဆံနဲ့ ခရီးသွား
ချက်လက်မှတ်၊ ကင်မရာ၊ လေယာဉ်လက်မှတ် နဲ့ တခြား ကျွန်မအတွက် အရေးပါတဲ့
စာရွက်စာတမ်းများ ၊ ပစ္စည်းများ ပါသွားပါတယ်။ ကျွန်မ အကြီးအကျယ်ကို
ဒုက္ခရောက်တော့တာပါပဲ။ ကျွန်မတိုင်းပြည်ရဲ့ သံရုံးဖြစ်တဲ့ သြစတေးလျ
သံရုံးကလည်း ကျွန်မရောက်နေတဲ့နေရာနဲ့ အနီးဆုံးဆိုလို့ အီသီယိုပီးယားမှာပဲ
ရှိပါတယ်။
အဲဒီနောက်မှာတော့ ကျွန်မက ကျွန်မမှာ
ကျန်ရှိနေတဲ့ ပစ္စည်းတွေကို သေချာစွာ စောင့်ကြပ်နေပြီး ဒေသခံလူတွေကိုလည်း
အမြဲ သံသယ မျက်လုံး ဖြင့်သာ ကြည့်နေပါတော့တယ်။ တာဝန်ရှိသူများက
မေးမြန်းတာတွေကို လည်း ကျွန်မက စိတ်ရှုပ်ခြင်းများ ၊ စိတ်မရှည်ခြင်းများ
နဲ့သာ ပြန်ဖြေခဲ့ ပါတယ်။ ကျွန်မစိတ်မှာ ဖြစ်နေတာက အဲဒီနေရာကနေ အမြန်ဆုံး
ထွက်သွားချင်တာပါပဲ။
အဲဒီ နေရာကိုလည်း ငရဲပြည်လို့ပဲ
စိတ်ထဲမှာ ထင်နေတော့တယ်။ တစ်နေ့မှာတော့ Burkina ကလမ်းတွေပေါ်မှာ ကျွန်မ
သွားလာနေရင်းနဲ့ လမ်းပေါ်က တောင်းစားနေတဲ့ မိန်းမကြီးတစ်ဦးက သူ့လက်ဖဝါးကို
ကျွန်မရဲ့ မျက်နှာရှေ့ ကိုဖြန့်ကာ
“ကာဒို…ကာဒို”
ဆိုပြီး ပိုက်ဆံတောင်းပါတယ်။
ကျွန်မက
အဲဒီတိုင်းပြည်ရဲ့ လာဘ်ပေး လာဘ်ယူမှု၊ ဆင်းရဲမှု၊ ငတ်မွတ် ခေါင်းပါးမှု၊
သူခိုးပေါများမှု၊ ရာသီဥတုပူပြင်းမှု၊ ဖုန်ထူမှု၊ မပြည့်စုံ
မလုံလောက်မှုနဲ့ မလိုအပ်ဘဲ အချိန်ဆွဲသော ရုံးလုပ်ငန်း တွေကို အတော်လေးကို
စိတ်အချဉ်ပေါက်နေခဲ့တာနဲ့ စိတ်အတော်တိုသွားပြီး အဲဒီ အမျိုးသမီးကြီးကို
ပြင်သစ်ဘာသာနဲ့ပဲ
“ကျွန်မဆီမှာ ဘာမှ မရှိတော့ဘူး…လွန်ခဲ့တဲ့
၂ပတ်ကပဲ ကျွန်မ ဒီကိုရောက်ရောက်ချင်း သူခိုး ခိုးလို့
ကျွန်မပိုက်ဆံတွေလည်း ကုန်ပြီ… ကျွန်မ ဒီတိုင်းပြည်ကနေတောင် ထွက်လို့
မရတော့ဘူး… ကျွန်မမှာ ပိုက်ဆံမရှိတော့ဘူး …ရှင့်ကိုလည်း ဘာမှ ပေးစရာ
မရှိဘူး”
လို့ အော်ပြောလိုက်မိပါတယ်။ အဲဒီ
အမျိုးသမီးကြီးက ကျွန်မ ပြောတာတွေကို သေချာကို ဂရုပြု နားထောင်ပါတယ်။
ပြီးနောက် သူမရဲ့ အရေးအကြောင်းတွေထင်နေတဲ့ မျက်နှာနဲ့ သွားတွေမရှိတဲ့
အပြုံးနဲ့ ကျွန်မကို လှိုက်လှိုက်လှဲလှဲ ဖော်ဖော်ရွေရွေ ပြံုးပြပါတယ်။
သူမရဲ့ ဂါဝန် အိတ်ကပ်ထဲကို လက်နှိုက်လိုက်ပြီးနောက်
“ဒါဆိုလည်း မင်းကို ငါက ကာဒို ပေးပါတယ်”
ဟုဆိုကာ ညိုညစ်နေသော အကြွေစေ့ တစ်စေ့ကို ကျွန်မရဲ့လက်ဖဝါးထဲကို ထည့်ပေးပါတယ်။
ကျွန်မ
သူမကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်မိပါတယ်။ ဒီ အကြွေစေ့ ဟာ
တကယ့်ကို သေးနုပ်လွန်းတဲ့ ငွေကြေးပမာဏပါ။ ဒါပေမဲ့ ဒီ
အမျိုးသမီးကြီးအတွက်ကတော့ အစားအစာ တစ်နပ်စာ ဖြစ်နိုင်ပါတယ်။
အဲဒီ
အခိုက်အတန့်မှာပဲ ကျွန်မကိုယ်ကျွန်မ ရှက်ရွံ့ခြင်းကို ခံစားလိုက်ရ ပါတယ်။
ကျွန်မ အရင်က လှုဒါန်းခဲ့တယ် ဆိုပေမယ့် ကျွန်မဟာ လူသားချင်း စာနာစိတ်နဲ့
လှုဒါန်းမှုတွေ လုပ်ခဲ့တာ မဟုတ်ဘူး။ တောင်းစားသူ အမျိုးသမီးကြီးက ကျွန်မ
လှုဒါန်းခဲ့တဲ့ ငွေပမဏနဲ့ ဘယ်လိုမှ မယှဉ်နိုင်လောက်တဲ့ အကြွေစေ့ကို
ကျွန်မကို ပေးပေမယ့် ဒါဟာ သူ့ ဆင်းရဲငတ်မွတ်မှုအတွင်းကနေ သူ့အတွက် တန်ဖိုး
တစ်ခုခု ဖြစ်စေနိုင်တဲ့ ငွေကို ကျွန်မကို ပေးနိုင်၊ လှုဒါန်းနိုင်တဲ့ စိတ်
သူ့မှာရှိတယ်။
အဲဒီ အချိန်မှာပဲ ကျွန်မ အရင်က
ထင်မှတ်မထားတဲ့ Burkina Faso က လူတွေရဲ့ အလှတရားကို ကျွန်မ မြင်လိုက်ရတယ်။
အဲဒီ အခိုက်အတန့်လေး က ကျွန်မရဲ့ အမြင်တွေအားလုံးကို ပြောင်းလဲ
သွားစေခဲ့တယ်။ အဲဒီ အကြွေစေ့လေးကို ကျွန်မ အမြဲ သိမ်းထားမှာဖြစ်ပြီး
သေးနုပ်လွန်းတဲ့ အရာလေးပင် ဖြစ်လင့်ကစား ကျွန်မရဲ့ ဘဝ ခံယူချက်၊
အတွေးအခေါ်တွေကို ပြောင်းလဲပေးစေတဲ့ အရာလေးပဲ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် Reader’s Digest မှ Cathy Watson ၏ The Other Side of the Coin ကို ဘာသာပြန်ဆိုပါသည်။
No comments:
Post a Comment