Wednesday, 1 February 2017

တကယ်ဆိုရင် အတူတူ


ကျွန်မတို့အားလုံး ဘဝဆိုတဲ့ ခရီးကို သွားနေကြတဲ့ ခရီးသည်ချင်းအတူတူ လမ်းခရီးမှာ ကြုံကြိုက်လို့ ဆုံတွေ့ကြသူတွေပါပဲ။ အမြင်တူတာတွေ ရှိမယ်။ ကွဲလွဲတာတွေရှိမယ်။ ကိုယ့်နဲ့ကိုယ်တောင် အချိန်ကာလ၊ ဆည်းပူးလိုက်တဲ့ ပညာကြောင့် အတွေးတွေ တစ်နေ့နဲ့ တစ်နေ့ မတူတတ်တာမျိုးတွေ၊ ပြောင်းလဲသွားတဲ့ အတွေးအခေါ်တွေရှိတတ်တာပဲ။ မတူညီတဲ့ ကွဲပြားမှုတွေ ကိုလက်မခံနိုင်ဘူးဆိုရင် လူသားဆန်ခြင်းအနုပညာကိုတတ်မြောက် သူတစ်ဦး ဘယ်ဖြစ်တော့မလဲ။ ဥယျာဉ်ထဲမှာ ပန်းတွေ အစုံစိုက်ထားမှ ပန်းရောင်စုံတွေပွင့်ပြီး ရနံ့ မျိုးစုံ သင်းပျံ့နေတော့မှာပေ့ါ။


ကျွန်မ မကြိုက်တဲ့ အီတာလျံမုန့်တီ စပက်ဂတီကို ကြိုက်တဲ့သူတွေလည်း ဒီကမ္ဘာကြီးမှာ အများကြီးပဲ။ တခြားသူ မကြိုက်တဲ့ ပုန်းရည်ကြီးသုပ်ကို ကျွန်မက နှစ်နှစ်သက်သက်မက်မော နေမိနေတာပဲ။ ပန်းသီးကြိုက်တဲ့ သူက ပန်းသီးစားမှာပါ။ လိမ္မော်သီးကြိုက်တဲ့သူက လိမ္မော်သီးစားမှာပေ့ါ။ ကျွန်မကတော့ ဟန်းနီးဂျူး ကြိုက်တော့ ဟန်းနီးဂျူး စားမှာပေ့ါ။


ဘဝခရီးမှာ ခဏလေးတွေ့ကြတာပါ။ သူလည်း သူ့ခရီးသူသွား၊ ကိုယ်လည်း ကိုယ့်ခရီးကိုယ်သွား။ တွေ့တဲ့ခဏလေးကို နောင်တစ်ချိန်မှာ ပြန်လည် လိုချင် ပါတယ်ဆိုရင်တောင် ဖြစ်နိုင်မှာ မဟုတ်တော့ဘူးလေ။ လူဆိုတာ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာ။ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်ကို ခုနေ ပြန်တွေ့ချင်ပါတယ်ဆိုတာ မဖြစ်နိုင်တော့ပြန်ဘူး။ ဘာလို့များတွေ့တဲ့အခိုက်ကလေးမှာ ကိုယ့်သဘောကိုယ်ဆောင်၊ သူ့သဘော သူဆောင်တာတွေကို ရောထွေးပစ်ကြဖို့ မလိုအပ်ပါဘူးလို့ ထင်ပါတယ်။ ကိုယ့်သဘောကိုယ်ဆောင်ပြီး ကိုယ့် ဘဝနဲ့ကိုယ်နေတာမှာ သူ့သဘော သူဆောင်တဲ့သူ့ဘဝနဲ့သူ နေသူကို ကိုယ်နဲ့ မတူရကောင်းလားလို့ စိတ်ဆိုးစရာ လိုအပ်ပါသလားလို့လည်း တွေးမိပြန်တယ်။


တွေ့ဆုံတဲ့အခိုက်ကလေးမှာ ဂရုတစိုက်ရှိမယ်၊ ကြင်နာမယ်၊ မေတ္တာစကား တွေပဲပြောမယ်ဆိုရင် မတွေ့တော့တဲ့ခါ တွေ့ဆုံခိုက်လေးမှာ ကိုယ့်မိတ်ဆွေ အပေါ် မကြင်နာခဲ့မိတာကို နောင်တ ရစရာ မရှိတော့ဘူးပေ့ါ။ ဆုံခိုက်မှာ ကိုယ့်ဘက်က မိတ်ဆွေကောင်းအနေနဲ့ ကိုယ် ရှိခဲ့တာအတွက် ကိုယ့်ဘာကိုယ် ကျေနပ်မိမှာပါ။


တကယ်တော့ လူတွေအားလုံးဟာ ဆေးပညာအရဆို လူတွေအားလုံး အရေပြားအောက်က ဖွဲ့စည်းပုံတွေ အားလုံးတူတူပါပဲ။ နေရာဒေသကို လိုက်ပြီး အသားအရောင်ကွဲပြားသွားတာတွေ ဖြစ်လာတယ်။ ကိုးကွယ်တဲ့ ဘာသာ ကွဲပြားသွားတာတွေ ဖြစ်လာတယ်။ anatomy အရ ယောကျ်ားဆို လည်း ယောကျ်ား ၊ မိန်းမဆိုလည်း မိန်းမ အတူတူမှာ နေရာဒေသ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ဆည်းပူးလေ့လာတဲ့ ပညာရပ်တွေ အပေါ်မူတည် လို့မှ စိတ်နေစိတ်ထား၊ သဘောထားနဲ့ ကိုးကွယ်တဲ့ဘာသာတွေ မတူညီကြ တော့တာပါ။ ကိုးကွယ်သည့်ဘာသာ၊ အတွေးအခေါ်၊ ပစ္စည်းဥစ္စာ၊ တတ်မြောက်တဲ့ပညာရပ်ဆိုတာတွေက လုပ်ယူထားရတာတွေပါ။ ဒီလို လုပ်ယူထားရတဲ့အရာတွေအပေါ်မှာ မူတည်ပြီး ဘာကြောင့် လူအချင်းချင်း ခွဲခြားဖို့ လိုအပ်ပါမလဲ။


မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ လူတွေဟာ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေကြတာမှာ အချိန်တွေက ခဏလေး ကုန်သွားပါတယ်။ အခိုက်အတန့် ခဏလေးမှာ ဘာဖြစ်လို့များ ကိုယ်နဲသူနဲ့ ခွဲခြားပြီးတော့ မုန်းစတွေကို ရှည်ချင်နေမလဲနော်။ မခွဲခွာမီလေးမှာ အားလုံး ပျော်ပျော်ပါးပါးဆို မိတ်ဆွေတစ်ဦးချင်းစီမှာ ပျော်စရာနေ့တွေ တစ်နေ့ပြီး တစ်နေ့ရနေမှာပဲပေ့ါ။
 
                                                                                                                       ဟနစံ
                                                                                                      ၈ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်။ 
No comments:

No comments:

Post a Comment