ဒီလိုမျိုး
ဆန့်ကျင်ဘက်လို့ ယူဆရတဲ့လူနှစ်ယောက်ဟာ အိမ်ထောင်သာယာနေတာဟာ
အချစ်မြေပုံကြောင့်ပါလို့ Johns Hopkins University မှ ပါမောက္ခ John Money
ကရှင်းလင်းပြောကြားခဲ့ပါတယ်။ လူသားတွေရဲ့ ဦးနှောက်ထဲမှာ ရှိတဲ့
ကြိုက်နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း တို့ဟာ ငယ်စဉ်ကလေးဘဝကတည်းက
ရှိလာပြီးသားဖြစ်ပါတယ်။ ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အသံ၊ ကိုယ်သင်းရနံ့၊
ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ ကိုယ်နေဟန်ထား စတာတွေအပြင် သနားကြင်နာတတ်ခြင်း၊
ဖော်ရွေ ခင်မင်တတ်ခြင်း၊ စကားများများပြောတတ်ခြင်း၊ တိတ်ဆိတ်အေးဆေးခြင်း
စတဲ့ အမူအကျင့်စတာတွေကိုပါ ကြိုက်နှစ်သက်ခြင်း ၊ မနှစ်သက်ခြင်းဆိုတာ
လူတစ်ဦးတစ်ယောက်နဲ့ ဖူးစာမဆုံမိခင်ကတည်းက ဦးနှောက်ထဲမှာ
ရှိနေနှင့်ပြီးသားပါ။
မိမိစိတ်မှာ
ဒီလူကို ချစ်တယ်ဆိုတာက ဦးနှောက်ထဲမှာ ရှိနေနှင့်ပြီးသား အချစ်မြေပုံနဲ့
ဒီလူနဲ့က တိုက်ဆိုင် တူညီနေလို့ပါပဲ။ ငယ်စဉ်ကလေးဘဝကတည်းက ဦးနှောက်ထဲမှာ
အချစ်မြေပုံ ပုံဖော်ရေးဆွဲထားပြီးသား ဖြစ်ပြီး အသက် ၈ နှစ်အရွယ်မှာတော့
မိမိဘဝအတွက် အသင်ေ့တာ်ဆုံး ဖူးစာဖက်ကို အလိုလို ပုံပေါ်
သတ်မှတ်ပြီးဖြစ်နေပါပြီ။ မိမိရဲ့ချစ်သူ၊ မိမိရဲ့ အိမ်ထောင်ဖက်ကို
ဘာကြောင့်ချစ်တာလဲလို့ မေးခွန်းမေး လိုက်မယ်ဆိုရင် သူ့ အသံကို ကြိုက်တာ၊
သူ့ရဲ့ ကြင်နာသနားတတ်တဲ့ စိတ်ကိုချစ်တာ၊ သူ ဟာသပြောတတ် တာလေးတွေကို ချစ်တာ
စသည်ဖြင့် အမျိုးမျိုးဖြေကြပါလိမ့်မယ်။ ဒါ တကယ် ဟုတ်ပါတယ်။ တကယ်လို့များ
အဲဒီလူတွေကို သူတို့ရဲ့ မိခင်တွေအကြောင်း ပုံဖော်ခိုင်းကြည့်မယ်ဆိုရင်
မိခင်နဲ့ ချစ်သူဟာ ရုပ်ဆင်းအသွင်အပြင်၊ အမူအကျင့် ၊ စိတ်နေသဘောထား၊
လုပ်ငန်းသဘာဝမှာ တစ်ခုခုမှာတော့ အတော်များများတူနေတတ်တာကို
တွေ့ရပါလိမ့်မယ်။
ကျွန်မတို့ရဲ့ဘဝမှာ
ပထမဦးဆုံး အချစ်စစ်ဖြစ်တဲ့ မိခင်ကို ချစ်တဲ့အချစ်ဟာ ငယ်စဉ်ကလေးဘဝမှာ
ကတည်းက ဦးနှောက်မှာ အလိုလို အချစ်မြေပုံရေးဆွဲပုံဖော်ပြီး ဖြစ်လို့ပါပဲ။
ကလေးဘဝမှာ မိခင်သာ ပဓာန၊ မိခင်သည်သာ မိမိရဲ့ လုံခြုံနွေးထွေးရာဖြစ်တဲ့
စိတ်ခံစားမှုကြောင့် မိခင်ကို မိမိရဲ့ မသိစိတ်ကနေ အထင်ကြီး ခင်တွယ်
ချစ်ခင်နေပြီး အရွယ်ရောက်လာတဲ့ခါမှာာ မိခင်နဲ့
ရုပ်ဆင်းသွင်ပြင်သော်လည်းကောင်း၊ အမူအကျင့် သော်လည်းကောင်း၊
လုပ်ငန်းသော်လည်းကောင်း အတော်လေးကို ဆင်တူတဲ့ မိန်းကလေးမျိုးကို
ချစ်နှစ်သက်တတ်ကြပါတယ်။ မိခင်ဖြစ်သူက ဟာသဉာဏ်ရှိသူ၊
ရယ်မောပျော်ရွှင်တတ်သူဆိုရင် သားဖြစ်သူ ကိုလည်း ဟာသဉာဏ်ရှိတဲ့မိန်းကလေးကသာ
ဆွဲဆောင်နိုင်ပါတယ်။ မိခင်ဖြစ်သူက သနား ကြင်နာတတ် တယ်ဆိုရင်
သနားကြင်နာတတ်တဲ့ မိန်းကလေးမျိုးကသာ ချစ်စရာကောင်းတယ်လို့ သားဖြစ်သူက
ထင်တတ်ပါတယ်။ မိခင်ဖြစ်သူက နွေးထွေးဖော်ရွေပြီး
တာဝန်ယူတတ်တဲ့မိခင်မျိုးဆိုရင် သားဖြစ်သူက လည်း အဲဒီလို မိန်းမမျိုးကသာ
မိန်းမ ဖြစ်တယ်လို့ သူ့စိတ်ထဲမှာ စွဲထင်ပြီး ထိုသို့သောမိန်းကလေးမျိုးကိုသာ
နှစ်သက်တတ်ပါတယ်။ မိခင်ဖြစ်သူက စိတ်တိုတတ်ပြီး
အေးစက်စွာပြုမူဆက်ဆံတတ်တယ်ဆိုရင် သားဖြစ်သူကလည်း မိခင်ဖြစ်သူရဲ့ တစ်ခါနဲ့
တစ်ခါ မတူညီတဲ့ ပြုမူဆက်ဆံပုံတွေကို ကလေးဘဝကတည်း က မသိစိတ်မှာ
ကြောက်ရွံ့နေတတ်ခဲ့ပြီးနောက် ချစ်သူမိန်းကလေးအပေါ်မှာလည်း ထို့အတူ
အေးစက်ပြီး လက်ထပ်ဖို့အတွက် ကြောက်ရွံ့ နှောင့်နှေးနေတတ်ပါတယ်။
မိခင်ကို
ချစ်တဲ့သားတွေရဲ့ ချစ်သူမိန်းကလေးကလည်း မိခင်နဲ့ အတော်လေးကို
တူညီတတ်တာကိုတွေ့ရ ပါတယ်။ မိခင်ဟာ မိမိဘဝမှာ ပထမဦးဆုံးချစ်မိတဲ့
အမျိုးသမီးဖြစ်သလို ဖခင်ဖြစ်သူကလည်း ဘဝမှာ ပထမဦးဆုံးချစ်မိ ၊ အထင်ကြီးမိတဲ့
ယောကျ်ားဖြစ်ပါတယ်။ သားဖြစ်သူရဲ့ အချစ်မြေပုံမှာ မိခင်ဖြစ်သူက
လွှမ်းမိုးပုံဖော်သလို မိန်းကလေးများအတွက်လည်း ဖခင်ဖြစ်သူရဲ့ပုံရိပ်က
အချစ်မြေပုံမှာ လွှမ်းမိုးပါတယ်။
ဖခင်ဖြစ်သူက သား
၊ သမီးများအပေါ်မှာ ချစ်ကြင်နာတယ်ဆိုရင် သမီးဖြစ်သူဟာ အမျိုးသားများနဲ့
ပတ်သက်ရာမှာလည်း သူ့ကိုယ်သူ ယုံကြည်တတ်ပြီး ဖခင်ဖြစ်သူက အေးစက်ကာ
သားသမီးအများအပေါ် ဖခင်ဝတ္တရားမကျေသူ၊ မေတ္တာမပြတတ်သူ၊
ဖခင်ကောင်းမပီသသူဆိုရင် သမီးဖြစ်သူကလည်း ဆန့်ကျင်ဘက် ယောကျ်ားများရဲ့
မေတ္တာကို ယုံကြည်မှု နည်းပါးတတ်ပါတယ်။
ကျွန်မတို့ရဲ့
နေ့စဉ်ပတ်ဝန်းကျင်မှာ ပညာအရည်အချင်းတန်းတူဖြစ်သူ၊ အတွေးအခေါ်တူညီသူ၊၊
အလုပ်အကိုင် လုပ်ငန်းသဘာဝတူညီသူများနဲ့ ပြောဆိုဆက်ဆံရတာ
ပိုမိုအဆင်ပြေပါတယ်။ အဲဒီ အခြေအနေမျိုးအတိုင်းပါပဲ။ ကျွန်မတို့ရဲ့
မသိစိတ်မှာက ကိုယ့်မိသားစုနဲ့ တူညီတတ်သူကို နှစ်သက်တတ်တဲ့
စိတ်ပိုင်းဆိုင်ရာ ကွင်းဆက်မှာရှိနေခြင်းကြောင့် မိမိနှစ်သက်တဲ့
မိသားစုဝင်တစ်ဦးဦးနဲ့ ရုပ်ဆင်းသွင်ပြင် သော်လည်းကောင်း၊
စိတ်နေသဘောထားသော်လည်းကောင်း တူညီတဲ့ လူတစ်ဦးတစ်ယောက်ကို ချစ်တယ်
ဆိုတာမျိုး ဖြစ်လာတာပါ။
ဖူးစာဖက်ဖြစ်လာမယ့် လူ၂ယောက် ပထမဦးဆုံး ဆုံမိတဲ့အခိုက်၊ ပထမဦးဆုံး
တစ်ယောက်နဲ့ တစ်ယောက် တွေ့တဲ့ခိုက်မှာပဲ ဒီလူဟာ မိမိရဲ့ ဖူးစာဖက်၊ မိမိရဲ့
အိမ်ထောင်ဘက်ဖြစ်မယ့်လူလို့ အလိုလိုသိနေတတ် တာတွေကလည်း မိမိစိတ်ထဲမှာ
ရှိနှင့်နေပြီးသားအချစ်လမ်းညွှန်မြေပုံကြောင့်ပါပဲ။
ကိုးကား။ ။ Dr. Joyce Brothers ၏ Why We Love Who We Love
ဟနစံ
၂၄ ရက်၊ မတ်လ၊ ၂၀၁၁ ခုနှစ်။
No comments:
Post a Comment