Wednesday, 1 February 2017

အဘွား

ကျွန်မ ငယ်စဉ်ကာလမှာ ကျောင်းဆရာ ၊ ဆရာမများဖြစ်ကြတဲ့ ကျွန်မရဲ့ မိဘနှစ်ပါးက ဝေးလံလှတဲ့ နယ်မြို့လေးတစ်မြို့မှာ တာဝန်ထမ်းဆောင်ဖို့ ရွှေ့ပြောင်းရတဲ့အခါမှာ ကျွန်မတို့ရဲ့အဘိုး ၊ အဘွား ရှိရာ မြို့ကို သွားရောက်ကာ ကျွန်မရယ် ၊ ကျွန်မရဲ့ညီမလေးရယ် ၊ မောင်လေး ၂ ယောက်ရယ်ကို  အဖိုး ၊ အဖွား ထံမှာ အပ်နှံထားခဲ့ပါတယ်။ 


      အဘွားက ကလေးများကို ဘယ်သောအခါမှ ပွေ့ဖက်နမ်းရှုံ့ ခြင်းမရှိသလို အဖွားပြောတဲ့စကားများက အင်မတန် ပြတ်တောင်းပြီး တစ်ခါတစ်ရံမှာ အဘွားစကားများက နှလုံးသွေး ထွက်စေနိုင်လောက်အောင် ပြင်းထန်လွန်းလှပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ဆိုးလျှင် ကျွန်မတို့ကို ရိုက်နှက်တတ်ပါသေးတယ်။ ကျွန်မတို့မောင်နှမများဟာ မိဘများကို တစ်နှစ်လျှင် ခဏတဖြုတ်သာ တွေ့ရပြီး အဘွားနဲ့သာ နေခဲ့ရပါတယ်။ ကျွန်မ မှတ်မိသလောက် အဘွားက ကျွန်မတို့ရဲ့ ဘဝ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေပါတယ်။ ဟုတ်ပါတယ်…အဘွားများဟာ အမြဲတန်း ရှိနေပါတယ်။        အဘွားက ကျွန်မကို အများကြီး သင်ပြခဲ့ပါတယ်။ များသောအားဖြင့်တော့ အဘွားသင်ပေးသမျှတွေကို ကျွန်မက ဂရုမစိုက်ဘဲ ထားတတ်တာများပါတယ်။ “ညည်း အိမ်ထောင်ပြုရင် အိမ်ထောင်ပရိဘောကတွေကို ဘယ်တော့မှ ဆိုင်တွေက မဝယ်နဲ့…အော်ဒါမှာအပ်” ဆိုတာမျိုး အဖွားက ဆိုတတ်ပါတယ်။အသက် ၉ နှစ်အရွယ်ကလေး တစ်ယောက်အနေနဲ့ အဘွားရဲ့ ဆိုဆုံးမစကားက အဓိပ္ပါယ် မရှိလှသလိုပါပဲ။


       အဘွားက ကျွန်မကို ဘယ်တော့မှ ဒုတိယ နေရာမယူဖို့ပြောပါတယ်။ သင့်တော်ရုံဆိုတာက ဘယ်တော့မှ မကောင်းဘူးလို့လည်း ပြောပြီး ကျွန်မကို အကောင်းဆုံးဖြစ်ဖို့ အမြဲပြောပါတယ်။ ကျောင်းစာမေးပွဲများမှာလည်း အမြဲပဲ ပထမ ရရှိရမယ်လို့ ဆိုဆုံးမပါတယ်။အဘွားက ကျွန်မကို အမြဲပျော်အောင်နေရမယ်လို့ ပြောပါတယ်။ တကယ်လို့ ကျွန်မက တစ်ယောက်တည်းဖြစ်နေပြီး မပျော်ရွှင်တဲ့အခါမှာ သေဆုံးသွားခဲ့ရင် မပျော်ရွှင်ဘဲ သေဆုံးသွားရခြင်းကို အပြစ်တင်ဖို့အတွက်က ကျွန်မကိုယ်တိုင်ကိုသာ ဖြစ်တယ်လို့ ပြောပါတယ်။ 


    အဘွားက လမ်းဘေးက ပိုင်ရှင်မရှိတဲ့ ကြောင်များကို အိမ်မှာ ခေါ်ယူမွေးထားပါသေးတယ်။ အဲဒီကြောင်တွေက ဆိုဖာ ပေါ်မှာတက်အိပ်ပြီး ကြောင်မွေးများ ဆိုဖာပေါ်မှာ ကျန်ရစ်နေတတ်ပါတယ်။ ကျွန်မက ကြောင်မွေးများကြောင့် နှာခြေခြင်း ဖြစ်တတ်ပါတယ်။ အဲဒီကြောင်တွေက တစ်အိမ်လုံးကို ပွအောင် မွှေနှောက်ကြပေမယ့် အဘွားကတော့ သူမွေးစားထားတဲ့ကြောင်တွေကို အပြစ်တစ်စုံတစ်ရာ မဆိုပါဘူး။အဘွားရဲ ့ မြေးများဖြစ်တဲ့ ကျွန်မတို့ကိုတော့ သူ့ စိတ်မကျေနပ်စရာ တစ်ခုခု ပြုမူမိလျှင် အပြစ်ပေးတတ်တဲ့ အဘွားက ကြောင်တွေကိုတော့ အင်မတန် အလိုလိုက်ထားပါတယ်။ အဘိုးက အင်မတန် စကားနည်းသူ ၊ အေးဆေးသူဖြစ်ပြီး အဘွားက ကျွန်မတို့ကို မတရားနှိပ်စက်နေလျှင်တောင်မှ ဘာတစ်ခွန်းမှ ပြောခြင်းမရှိပါဘူး။အဘွားနှင့်အတူနေထိုင်ခြင်း အကျိူးဆက် အနေနဲ့ ကျွန်မတို့ဟာ မမြင်ရတဲ့ သရဲ ၊ တစ္ဆေများကို မကြောက်ရွ ံ့ တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ကလေး ၄ ဦးနှင့် အဖိုးအိုတစ်ဦးကို နှိပ်စက်နေတဲ့ အဘွားဆိုတဲ့ မျက်မြင်ထင်ရှား သက်ရှိအရာကြောင့်ပါပဲ။


         ကျွန်မ အသက် ၁၃ နှစ်အရွယ်ရောက်တဲ့အခါမှာတော့  ကျွန်မကို အထက်တန်းကျောင်းတက်ဖို့အတွက် အဖွားက ကျွန်မကို မြို့တော်ကို စေလွှတ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်မ အထက်တန်းကျောင်းတက်ပြီး တက္ကသိုလ်ပါတက်ရောက် နေထိုင်ခဲ့ရပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တိုင်းမှာ အဖွားရှိရာကို ကျွန်မ ပြန်လာခဲ့ပေမယ့် လက်ထပ်အပြီးမှာတော့ အဖွားဆီ ပြန်လည် လည်ပတ်ခြင်းက နည်းပါးသွားပါတယ်။ အဖွားရဲ့ အိမ်ကနေ အဖွားရဲ့ မြေးများက ပညာရေးအတွက် တစ်ယောက်ပြီး တစ်ယောက် ပြောင်းရွှေ့ သွားကြပါတော့တယ်။ အဖိုးကွယ်လွန်ပြီးနောက်မှာတော့ အဖွား တစ်ယောက်တည်းသာ ကျန်ရှိနေပါတော့တယ်။ အဖွားက ကျွန်မထံရေးတဲ့ စာများမှာ အဖွား ဘယ်လောက် အထီးကျန်ဆန်နေကြောင်း ပြောပြထားပေမယ့် ကျွန်မက တစ်ခါမှ အဖွားဆီ သွားရောက်ကာ အဖွားနဲ့ အတူ အဖော်လုပ်ပေးခြင်း မရှိခဲ့ပါဘူး။  


        အဘွားက မနှစ်က လေဖြတ်ပြီးတော ကွယ်လွန်သွားခဲ့ပါတယ်။ အဘွားကွယ်လွန်တော့ အဖွားက ၈၃ နှစ်ရှိပါပြီ။  အသုဘ အပြီးမှာတော့ ကျွန်မက အဘွားရဲ့ အိမ်လေးဆီကို အဘွားပိုင်ဆိုင်တဲ့ ပစ္စည်များကို သိမ်းဆည်းဖို့ ရောက်ခဲ့ပါတယ်။ အဘွားက ကျွန်မငယ်စဉ်က ပစ္စည်းများကို သိမ်းဆည်းထားတာ အများကြီးပါပဲ။ ကျွန်မ အထက်တန်းကျောင်းတုန်းက ကျောင်းပရောဂျက်ဖြစ်တဲ့ ကျွန်မကိုယ်တိုင် ချုပ်ရပြီး ၊ အလွန်ကြပ်နေတဲ့အတွက် ကျွန်မ တစ်ခါမှ မဝတ်ခဲ့ရတဲ့ ဘောင်းဘီတိုကို အဖွားက သိမ်းဆည်းထားခဲ့ပါတယ်။ Home Sweet Home ဆိုတဲ့ cross stitch ပန်းချီကားလေးက ကျွန်မ ငါးတန်းတုန်းက ကျောင်းပရောဂျက်ဖြစ်ပြီး အဖွားက ဘောင်ကွပ်ပြီး သိမ်းထားပေးပါတယ်။ကျွန်မ အထက်တန်းကျောင်းတက်နေစဉ်က ဆန်ပိုပြီး ပို့ပေးဖို့နဲ့ သစ်သီးများ ပို့လိုက်တဲ့အတွက် ကျေးဇူးတင်ကြောင်း အဘွားဆီကို ကျွန်မရေးခဲ့တဲ့ စာများကို အဖွားက သိမ်းထားပါတယ်။ အိမ်ရှေ့ ဧည့်ခန်းမှာ အဘွားရဲ့ မြေးများဖြစ်ကြတဲ့ ကျွန်မတို့မောင်နှမများရဲ့ ဓာတ်ပုံများကို စားပွဲပေါ်မှာ ၊ စင်လေးတွေပေါ်မှာထားရှိထားပါတယ်။


        

      ဧည့်ခန်း ပြတင်းပေါက်ကျယ်မှာ ဟိုးအရင်က တပ်ဆင်ထားလေ့ရှိတဲ့ အဘွားရဲ့ လက်ရာ ဇာပန်းတစ်ချောင်းထိုး ခန်းဆီးရှည်ကိုလည်း သိမ်းထားတာတွေ့ရပါတယ်။ခေတ်မီတဲ့ ရွှေဝါရောင် ဇာခန်းဆီးကို အော်ဒါမှာချုပ်ပြီး အလှဆင်ထားတည်းက အဲဒီ အဖွားရဲ့ တစ်ချောင်းထိုးလက်ရာ ခန်းဆီးကို မတွေ့ရတော့တာ အဘွားက တယုတယ သိမ်းဆည်းထားမှန်း ခုမှ သိရပါတယ်။ ကျွန်မက ခက်ခဲတဲ့ လက်မှုအထည်များကို နှစ်သက်တတ်သူပီပီ အဘွားရဲ့ ဇာပန်းတစ်ချောင်းထိုး လက်ရာကို ငယ်စဉ်တည်းက နှစ်သက်ပါတယ်။ ဇာထိုး ပန်းထိုး ပညာကို အဘွားသင်ပေးထားလို့ တတ်မြောက်နေတဲ့ ကျွန်မ အဲဒီ အဘွားရဲ့ ခန်းဆီးကို စားပွဲခင်းအဖြစ် ပြောင်းလဲပြီး ပြုပြင်ဖို့ စဉ်းစားမိပါတယ်။  


       အဖွားရဲ ့ အုတ်ဂူဆီကို ကျွန်မ သွားကန်တော့စဉ်မှာ ကျွန်မ အတော်လေး ဝမ်းနည်းမိပါတယ်။ ကျွန်မတို့ကို အဖွားမပြောပြဖြစ်တဲ့ သူ့ဘဝ အကြောင်း၊ ငယ်စဉ်ကလေးဘဝကအကြောင်း၊ အဖွားရဲ့ ဇာတိမြို့လေးအကြောင်း ပုံပြင်တွေကို ကျွန်မ တွေးနေမိပါတယ်။ အဖွားက ကျွန်မကို ဘယ်လို ဘယ်ကစ ပြောပြရမယ်ဆိုတာ မသိတာ ဖြစ်ကောင်းဖြစ်နိုင်သလို ကျွန်မကလည်း ဘယ်လို မေးရမယ်ဆိုတာ မသိခဲ့တာ ဖြစ်ပါတယ်။အဖွားသာ ခုနေ ရှိနေမယ်ဆိုရင် ကျွန်မ မေးမှာပါပဲ။ အဖွားငယ်စဉ်ကလေးဘဝ ကနေ အပျိုအရွယ်အကြောင်း၊ အဖိုးနဲ့ ဘယ်လို စတွေ့ ချစ်ကျွမ်းဝင်ခဲ့တဲ့အကြောင်း ၊ အဖွားရဲ့ သူငယ်ချင်းတွေအကြောင်း …ခုမှ ကျွန်မ အဖွားကို မေးဖို့ ၊ အဖွားပြောပြမှာတွေကို နားထောင်ဖို့ သတိရမိပါတယ်။ 


    အဘွားကို ကျွန်မ ငယ်စဉ်အခါက မနှစ်သက်ခဲ့ပေမယ့် ကျွန်မကလည်း အေးဆေးပြီး စကားနည်းတဲ့ ၊ ရန်ဖြစ်ရမှာကို မနှစ်သက်တဲ့ ယောကျာ်းကို လက်ထပ်ထားခဲ့မိတာပါပဲ။ကျွန်မရဲ့ ၇ နှစ်အရွယ် သမီးလေးက ကျွန်မ တစ်ချက်ကြည့်လိုက်တာနဲ့တင်ပဲ အမေးအမြန်းထူနေရာကနေ ဇက်ကလေးပု ၊ တိတ်ဆိတ်သွားတတ်လောက်အောင် ကျွန်မကို ကြောက်တတ်နေပါတယ်။  


    ကျွန်မရဲ့ သမီးလေးက သူ့အဘွားဖြစ်သူ ကျွန်မရဲ့ ယောက္ခမကိုတော့ အင်မတန် ချစ်ခင်တွယ်တာပြီး အဘွားနားပဲ အမြဲကပ်ပြီး မေးခွန်းတွေ မေးနေတာပါပဲ။ သမီးလေးက သူ့ အဖွားနဲ့ဆိုရင် အင်မတန် စပ်စု စကားများလှပါတယ်။ သူ့ အဘွားကလည်း သမီးလေးရဲ့ မေးခွန်းတိုင်းကို စိတ်ရှည် လက်ရှည်ဖြေနေတော့တာပါပဲ။ သမီးလေးရဲ့ ဆံပင်ကို သူ့အဖွားက ညှပ်ပေးတတ်ပါတယ်။ သမီးလေးကိုလည်း သဲပုံတွေမှာ ဆော့ချင်ရင်လည်း ခွင့်ပြုတတ်ပြန်ပါသေးသလို အရုပ်အသစ်လေးဝယ်ဖို့ မုန့်ဖိုးပိုက်ဆံတွေကို ဘယ်လိုစုရမယ်ဆိုတာကို သမီးလေးကို သင်ပေးပါတယ်။ ဒါတွေဟာ အဘွားများကသာလျှင် မြေးမ များကို သင်ပေးနိုင်တဲ့ အရာများဖြစ်ပါတယ်။       ကျွန်မအဘွားရဲ့ အမွေ ဖြစ်တဲ့ ဇာပန်းတစ်ချောင်းထိုး ခန်းဆီးကို စားပွဲခင်း အဖြစ် ပြောင်းလဲ ထိုးလို့ ပြီးရင် ကျွန်မ တခြားအရာများကို ကြိုးစားလုပ်ကြည့်ပါဦးမယ်။ ဥပမာ ကောက်ညှင်းဆန်ကို အချိုချက်တာမျိုးဖြစ်ဖြစ်၊ အဝတ်စသေးသေးလေး အပိုင်းအစလေးတွေကို စောင်အဖြစ် ဆက်စပ်ချုပ်မှာမျိုး ပေ့ါ။ အဘွား သင်ပေးခဲ့တာတွေ ကျွန်မ မှတ်မိသလောက်ပေါ့။ 

    အဘွားဆိုတာက  အမြဲ ရှင်သန်နေပါတယ်။ တကယ်ပဲပေ့ါ။ အဘွားတွေက မြေးမတွေရဲ့ နှလုံးသားထဲမှာ အမြဲရှင်သန်နေသူတွေပါပဲ ဆိုတာ…. 





၂၀၀၈ ခုနှစ် ၊ နိုဝင်ဘာလထုတ်  Reader’s Digest မှ Rhen C. Tayangona ၏ The Grand in Grandmother ကိုဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

No comments:

Post a Comment