ကျွန်တော် ဟာ ငွေကြေးများစွာ ကိုပိုင်ဆိုင်လိုတဲ့အတွက် ကြိုးစား
ရှာဖွေခဲ့တယ်။ နောက်ကျမှသိရတာက ငွေကြေး ပိုက်ဆံတွေ ကို ကျွန်တော်
ကပိုင်ဆိုင်တာ မဟုတ်ဘဲ ငွေတွေက သာ ကျွန်တော့် ကို ပိုင်ဆိုင် သွားကြ တယ်
ဆိုတာပါပဲ ။ ပန်းပွင့်လေး လိုနူးညံ့တဲ့အသွင်အပြင်လေး နဲ့
သူမကိုပိုင်ဆိုင်ဖို့
ကြိုး စားတော့
“ ရှင်
...ကျွန်မ ကို ပိုင်ဆိုင်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ရှင့်ကိုရှင်တောင်
မပိုင်တာ။ ကျွန်မ လည်း ကျွန်မ ကို ကျွန်မ မပိုင်ဘူး။ ဘယ်အရာကို မှ ကျွန်မ
တို့တွေ မပိုင်ဆိုင်ဘူး။ ပိုင်ဆိုင်ချင်လိုစိတ်ပြင်းပြနေမယ် ဆိုရင် ရှင်
မှားသွားမယ်”
လို့ ချယ်ရီသွေးရောင် နှုတ်ခမ်းလေးက ပြောစကားတွေဟာ မိုးချုန်းသံလိုပါပဲ ။
သူမလေးရဲ့
တယောသံ ကိုပိုင်ဆိုင်ဖို့ကြိုးစားတော့လည်း သူမ ဖန်တီးတဲ့ ဂီတ တယောသံကသာ
ကျွန်တော့်ကို ပိုင်ဆိုင်သွားပြန်ပါတယ်။ သူမ ရဲ့ ကဗျာ တွေကို
ပိုင်ဆိုင်လိုတော့လည်း သူမ ကဗျာရေးထားတဲ့ စာရွက် စက္ကူ တွေကိုသာ နောက်ဆုံး
ကျွန်တော်ပိုင်ဆိုင်ခဲ့ပြီး သူမရင်ထဲ က ကဗျာ ကိုတော့
ပိုင်ဆိုင်ခွင့်မရခဲ့ပါဘူး။ သူမ ရဲ့ ပုံတူ တစ်ခုလောက်တော့ အနည်းဆုံး
ပိုင်ဆိုင်လိုစိတ်နဲ့ ကျွန်တော့် နှလုံးသားဖလင်ကော်ပြားထက်မှာ အမြဲ စွဲထင်
နေတဲ့ သူမ ရဲ့ ရုပ်ပုံလွှာလေးကို ပန်းချီ ဆွဲမိပြန်တော့ ပန်းပွင့်လေး လို
နူးညံ့တဲ့ သူမ ရဲ့ ရုပ်ပုံကို မရရှိဘဲ ဘီဘူးမ တစ်ကောင်ရဲ့ ပုံသာ
ဖြစ်နေပါတယ်။
ကျွန်တော် ဘာလုပ်ရမှာလဲ။ သူမ
ကိုပိုင်ဆိုင်ဖို့ ငွေကြေး ဘယ်လောက်ပေး ရမလဲ။ သူမ ရဲ့ တယောသံတွေကို
ပိုင်ဆိုင်ဖို့ ဘယ်လိုငွေကြေးမျိုးပေးရမလဲ။ ယူအက်စ်ဒေါ်လာ လား။ ပေါင်စတာလင်
လား။ ဖရန့် ငွေလား။ ယူရို လား။ သူမ ရဲ့ ကဗျာတွေကို ပိုင်ဆိုင်ဖို့
ရွှေဘယ်လောက်သား နဲ့ လဲလှယ်ပေးရမလဲ။ တစ်ခုခု ကိုပိုင်ဆိုင်ဖို့ တစ်ခုခု
ကိုစွန့်လွှတ်ရမယ် ဆိုတဲ့ သူငယ်ချင်း တစ်ယောက် ရဲ့ အဆိုအတိုင်းဆိုရင်
ကျွန်တော် သူမ ကို ပိုင်ဆိုင်ဖို့ ဘာတွေကို စွန့်လွှတ် ရမလဲ။ သူမ ကိုသာ
ပိုင်ဆိုင်ရမည်ဆို လျှင် ဘယ်အရာမဆို ကျွန်တော် စွန့်လွှတ်လိုက်နိုင်သည်။
ကျွန်တော့် ရဲ့ ကြွယ်ဝချမ်းသာမှုတွေကိုလား။ နာမည်ကျော်ကြားမှု ကိုလား။
အရာအားလုံးကို စွန့်လွှတ်ဖို့ အဆင်သင့်ပင်ဖြစ် သည်။
စစ်နှင့်ငြိမ်းချမ်းရေး
စာအုပ်ကိုရေးသားခဲ့သည့် ရုရှ စာရေးဆရာ လီယိုတော်စတွိုင်း ကတော့ အမှန်တရား
အတွက် သူပိုင်ဆိုင်တဲ့ အရာ မှန်သမျှ ကို စွန့်လွှတ်ကာ ဆင်းရဲသား
တစ်ယောက်ရဲ့ ဘဝ မျိုးဖြင့် ဘူတာရုံလေးထဲမှာ အဆုတ်အအေးမိရောဂါ ဖြင့်
ကွယ်လွန်သွားခဲ့သည်။ ကျွန်တော်ကရော ကျွန်တော့်ရဲ့ အမှန်တရားဖြစ်တဲ့ သူမ
အတွက် ဘာကိုစွန့်လွှတ်ပေးရမည်လဲ။ တကယ်လို့ ဘာကိုမဆို
ကျွန်တော်စွန့်လွှတ်မည် ဆိုလျှင်တောင် သူမကို ပိုင်ဆိုင် ခွင့်ရဖို့
မသေချာလှပါ။
သူမ သည်နားလည်ရခက်သော
မိန်းမတစ်ယောက်ဖြစ်နေခြင်းက ကျွန်တော့် စိတ်တွေကို ပိုမိုရှုပ်ထွေးစေသည်။
သူမ ကတော့ ပန်းပွင့်လေးတွေနဲ့ စာအုပ်တွေ အကြားမှာသာပျော်မွေ့နေတတ်သူ
ဖြစ်ပြီး
“ကျွန်မ က စာအုပ်တွေကို ပိုင်ဆိုင်လိုလို့ စာအုပ်တွေကိုဝယ်ခဲ့တယ်။ နောက်တော့ စာအုပ်တွေက သာ ကျွန်မ ကို ပိုင်ဆိုင်သွားကြတယ်။ ကျွန်မ
ရဲ့အချိန်တွေကို လည်း သူတို့ ပိုင်ဆိုင်သွားကြတယ်”
လို့ ပြောတုန်းက သူမ ရူးများရူးသွားပြီလားလို့ တောင်ထင်ခဲ့မိရသည်။
တကယ်ပါပဲ
သူမ ကိုပိုင်ဆိုင်တဲ့စာအုပ်တွေကို ကျွန်တော်အလွန်မနာလို မုန်းတီးမိသည်။
သူမ ချစ်သော ပန်းပွင့်တွေကိုမုန်းသည်။ သူမ ဘယ်ဘက် ပါးလေးဖြင့်ညှပ်ထားကာ
မျက်လုံးလေးမှေးစင်း ပြီး တီးတတ်သော သူမရဲ့ တယောလေး ကိုမုန်းသည်။ သူမ ရဲ့
နူးညံ့တဲ့ ပါးလေးကို ထိတွေ့ခွင့်ရနေသော ထိုတယော ကို
ကျွန်တော်အမုန်းဆုံးဖြစ်သည်။ သူမ မကြာခဏ သွားရောက် လည်ပတ်လေ့ရှိသော မိဘ
မဲ့ဂေဟာ မှ ကလေးများကို ကျွန်တော်မုန်းသည်။ သူမ ချီပိုးတတ်သော
ကလေးငယ်များသည် သူမ ကိုမြင်လျှင်ဝမ်းသာ ပျော်ရွှင် ်သွားကြသည်မှာ ကျွန်တော်
သူမ ကို မြင်တွေ့လျှင်ဝမ်းသာ သွားသလို မျိုး မို့ ထိုကလေး များကို
ကျွန်တော် မုန်းသည်။ ကျွန်တော်မုန်းသမျှအရာ အားလုံးကို သူမ က ချစ်နေသည်မှာ
ဘယ်လို ကံကြမ္မာ မှန်းမသိပါ။
ကျွန်တော်ကရော ကမ္ဘာပေါ်တွင်
မိန်းမလှပေါင်းများစွာရှိနေသည်ကို သူမ လိုမျိုးထူးထူးခြားခြားမလှပသည့်
မိန်းမ တစ်ယောက်ကို ဘာလို့ ပိုင်ဆိုင် နေချင် မှန်းမသိပါ။ ကျွန်တော့်
ကြွယ်ဝ မှု များနှင့်ဆိုလျှင် မယ်စကြဝဋ္ဌာ ကိုပင်ဝယ် လို့ရသည်ပဲ။
ကမ္ဘာပေါ်ရှိအလှပဂေးများ ကြိုက်ရာ ကိုရွေးဝယ်နိုင်လောက် သည်ပဲ။ သူမလိုမျိုး
သာမန်ရုပ်ရည် နဲ့ မိန်းမတစ်ယောက် ကိုကျွန်တော်ဘာလို့
မပိုင်ဆိုင်နိုင်ရတာလဲ။ သူမ ကိုဗြောင်ပင်ဖွင့်မေးမှဖြစ်တော့မည် ဟု
ဆုံးဖြတ်ခဲ့ သည်။
“ မင်းကို ကိုယ်ပိုင်ဆိုင်ချင်တယ်။
ဘယ်လိုအရာမျိုးနဲ့ မင်းကိုလဲလှယ်ယူရမှာလဲ။ မင်း ပြောပါ။ မင်းကို
ပိုင်ဆိုင်ဖို့ဆိုရင် အရာအားလုံးနဲ့လဲလှယ်မယ်”
ဆိုတဲ့ ကျွန်တော့်စကားအဆုံးမှာ သူမက ကျွန်တော့်ကို နူးညံ့တဲ့
မျက်ဝန်းတွေနဲ့ သနားသလိုကြည့်ပြီး
“
ကျွန်မ အကြိမ်ပေါင်းများစွာပြောခဲ့ပြီးပါပြီ။ ကျွန်မ ကို
ပိုင်ဆိုင်ဖို့ဘယ်တော့မှမကြိုးစားပါနဲ့။ ဘယ်တော့မှ ပိုင်ဆိုင်မှာ မဟုတ်ဘူး
လို့ ။ ဘာလို့ မိုက်မဲနေချင်သေးတာလဲ။ အချိန်ကုန်မခံပါနဲ့”
လို့ သူမ ပြောနေကျစကားတွေကိုပဲ ထပ်ပြောပါတယ်။
“အိုကွာ.....ကိုယ်ဆက်သည်းမခံနိုင်တော့ဘူး။
နောက်ဆုံးပြောမယ်။ မင်းကို ကိုယ်ပိုင်ဆိုင်ချင်တယ်။ မင်းကို မှ
ပိုင်ဆိုင်ခွင့်မရှိဘူး ဆိုရင် ခုလက်ရှိကိုယ့်ဘဝ ကိုလည်း
ကိုယ်မပိုင်ဆိုင်တော့ဘူး။ ကိုယ် ခုဘဝ ကို အဆုံးသတ်မယ်။ မင်း...ပြောပါ။
မင်းကိုရဖို့ ကိုယ်ဘာနဲ့လဲရမလဲ”
သူမ သက်ပြင်းခိုးရှိုက်လိုက်တာ မြင်ပါတယ်။ ပြီးတော့မှ ကျွန်တော့်မျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်ပြီး
“ကျွန်မ
ကို ရဖို့ ဘာပေးရမလဲ ဆိုတော့ ကျွန်မ လိုချင်တဲ့အရာ ရှင့်ဆီမှာ မရှိပါဘူး။
ကျွန်မ ကိုပိုင်ဆိုင်ဖို့ လဲလှယ်နိုင်တဲ့အရာ ရှင့်မှာ မရှိပါဘူး”
ကျွန်တော်အံ့သြသွားတယ်။
ကျွန်တော့်မှာ မရှိတဲ့အရာ ဘာများရှိသေးလို့လဲ။ နောက်ဆုံးပေါ်ဆိုတဲ့အရာများ
ကျွန်တော် အကုန်ဝယ်ထားပြီးပြီ။ သူမ ကိုပေးဖို့ရည်ရွယ်ပြီး
သန်းပေါင်းများစွာတန်တဲ့ စိန်လက်စွပ် ကိုလည်းဝယ် ထားပြီးပြီ။ သူမ ကတော့
ကျွန်တော့်ထံမှ ဘာလက်ဆောင်ကိုမှ လက်မခံခဲ့တာ ခုထိ ဘာမှပေးလို့မရပါဘူး။
ခုတော့ သူမ လိုချင်တဲ့အရာက ကျွန်တော့်ဆီမှာ မရှိဘူးတဲ့လား။ကျွန်တော်
အနည်းစိတ်လောသွားပြီး
“ပြောစမ်းပါ။ ဘာလဲ။ ဘာက ကိုယ့်ဆီမှာမရှိလို့ မင်းကို ကိုယ်မပိုင်ဆိုင်နိုင်ရမှာလဲ”
လို့ အလောတကြီးမေးတော့သူမ က အေးအေးဆေးဆေးလေးပဲ ပြန်ပြောပါတယ်။
“ရိုးသားမှု" တဲ့။
ဟနစံ
၂၀၀၆၊ ဇွန်
No comments:
Post a Comment