Wednesday, 1 February 2017

နင်နဲ့ငါနဲ့ သူငယ်ချင်း

အိမ်ထဲကို ဝင်လိုက်သည်နှင့် ဧည့်ခန်းစားပွဲပေါ်မှာ သောက်ပြီးသား ကော်ဖီပန်းကန်များနှင့် မုန့်ပန်းကန်များကို တွေ့လိုက်ရသည်။ ဧည့်သည်တွေ လာသွားသည် ထင်ပါရဲ့။ ထမင်းစားခန်းဘက်မှ မေမေက ထွက်လာပြီး
"သမီးတောင် ပြန်လာပြီပဲ...ဒီနေ့ စောသားပဲ"
ဟု ဆိုလေသည်။

"ဟုတ်တယ်...မေမေ ...ဒီနေ့ အတန်းတွေပြီးတာနဲ့ ပြန်လာလိုက်တယ်...ခေါင်းနည်းနည်းနောက်နေတာနဲ့...ဒါနဲ့ ဧည့်သည်တွေ လာသွားတာလား...ဘယ်သူတွေလဲ"

သူ့အနားကို မေမေ ရောက်လာပြီး သူ့ မေးဖျားကို ဆွဲယူကာ ပါးချင်းအပ်ပြီး မွှေးလိုက်သဖြင့် သူ အနည်းငယ် အံ့သြသွားသည်။

"မြတ်တို့ လင်မယားပါကွယ်...မောင်နိုင်အောင်ရော"

မေမေ့မျက်နှာက တစ်မျိုးလေးဖြစ်နေသည်ဟု သူ့စိတ်ထဲ ထင်လိုက်သည်။
"ထိုင်ပါဦး...သမီးရဲ့"
မေမေက သူ့ကို နှစ်ယောက်ထိုင်ဆိုဖာပေါ်မှာ ထိုင်စေသဖြင့် သူ ဝင်ထိုင်လိုက်သည်။ မေမေက သူ့နံဘေး ဝင်ထိုင်လိုက်သည်။


" မြတ်နဲ့ ကိုသော်က မောင်နိုင်အောင်နဲ့ သမီးကို နေရာချထားပေးချင်တယ်လို့ ဒီနေ့ လာပြောတယ်။ မေမေ သိသလောက်က မောင်နိုင်အောင်နဲ့ သမီးက ရိုးရိုးခင်တဲ့ သူငယ်ချင်းတွေပဲ မလား...မေမေ့သမီး မေမေ မသိအောင်များ အကြောင်းကိစ္စတွေ ရှိသေးလားလို့"
မေမေ့စကားကို သူ အံ့အားသင့်သွားရသည်။
"တောက်တီးတောက်တဲ့   မေမေရယ်...နိုင်အောင်က သူ့ရည်းစားတွေ ဘယ်ရောက်သွားလို့လဲ"

"အင်း...မေမေလည်း မောင်နိုင်အောင်မျက်နှာများတာ သိထားပါတယ်။ ဒါပေမဲ့ မြတ်တို့လင်မယားက ဒီနေ့ ဒီလိုပြောလာတော့ မေမေလည်း သမီးကို မေးပါရစေဦးပဲ ပြောထားတယ်။ အဖေကြီးကတော့ သူတို့ ပြန်သွားပြီးကတည်းက တရှုးရှုးတရှားရှား ဒေါသဖြစ်နေလို့ မေမေ မနည်းချော့ထားရတယ်...သမီး သိပုံမပေါ်ပါဘူး...သမီးကို မေးပါရစေဦးလို့ဆို"

"နိုင်အောင်နဲ့ သမီး အရင်တစ်ပတ်က တွေ့တာပဲ...သူလည်း ဘာမှမပြောဘူး...ခုကျမှ ဘာစိတ်ကူးပေါက်လို့လဲ ...ပြီးတော့ ဒီဟာက နောက်ပြောင်ရမယ့် ကိစ္စမှ မဟုတ်တာ...သမီးဘာသာ နိုင်အောင်နဲ့ ပြောဦးမယ် မေမေ...သမီး ခေါင်းကိုက်လာတာ သွားနားတော့မယ်"

သူ့အိပ်ခန်းထဲရောက်တော့ စလင်းဘက်အိတ်နှင့် ဆွဲခြင်းတောင်းကို စာကြည့်စားပွဲပေါ် တင်လိုက်ပြီး အိပ်ရာထဲမှာ လှဲချလိုက်မိသည်။
နိုင်အောင် ဘာစိတ်ကူးပေါက်လို့ပါလိမ့်....
အထက်တန်းကျောင်းကတည်းက ခင်မင်လာကြသော သူငယ်ချင်းများထဲမှာ သူ၊ နိုင်အောင်နှင့် အခြား သူငယ်ချင်း ၄ ယောက်လောက်သာ အိမ်ထောင်မပြုဖြစ်ကြသေး။ တခြား သူငယ်ချင်းများကတော့ ယခုဆိုလျှင် သားတွေ၊ သမီးတွေနှင့်။
သူငယ်ချင်းများ၏ မင်္ဂလာဆောင်ပွဲများကို တက်တိုင်း နင့်အလှည့် ဘယ်တော့လဲ ၊ ငါတို့ ဘယ်တော့ စားရမှာလဲ ၊ ဘယ်တော့ ဖိတ်စာရမှာလဲ ဆိုတဲ့ သူငယ်ချင်းများ နောက်ပြောင်စကားတွေကို မစွံကြသေးသည့် သူတို့သူငယ်ချင်းများက အောင့်သက်သက်နှင့်တဟဲဟဲရယ်ရင်း
သာ တုံ့ပြန်ဖြစ်ခဲ့ကြသည်။
အရင်တစ်ပတ်က သူငယ်ချင်း သရဖီနှင့် အောင်ကျော်တို့ မင်္ဂလာဆောင်တွင် နိုင်အောင်နှင့် တစ်စားပွဲတည်းထိုင်ကာ နိုင်အောင်က ကားမပါလာဘူးဆိုသဖြင့် အပြန်တွင် သူ နိုင်အောင့်ကို လိုက်ပို့ခဲ့သည်။ အဲဒီတုန်းက ကားရပ်ရာနေရာကို အတူလျှောက်လာကြရင်း နိုင်အောင့်ရဲ့ နောက်ဆုံးပေါ်ရည်းစားအသစ်လေး အကြောင်းကို နိုင်အောင် ကြွားသမျှ နားထောင်ပေးခဲ့ရသေးသည်။

ကားတံခါးဖွင့်တော့
"နင်ဖယ်...ငါမောင်းမယ် "ဟု သူ့ကို ဒရိုင်ဘာဘက်ခြမ်းမှ ဖယ်ခိုင်းကာ သူ့ကားကို မောင်းသော နိုင်အောင့်ကို
"ကောင်းလိုက်တာ...ခုမှပဲ ဇိမ်ကျကျ သူများ မောင်းတာ လိုက်စီးရတော့မယ်" ဟု သူက ဆိုမိလေသေးသည်။

"အဲဒါ..နင် ညံ့တာ...အပါးတော်မြဲ ကားလေးမောင်းပို့ဖို့ လူတစ်ယောက်တောင် နင့်မှာ မရနိုင်ရှာသေးဘူး"
ဟု အနိုင်စကားဆိုလေသည်။
"အောင်မာ...ငါ့ဘာသာငါ အေးအေးဆေးဆေးနေတာ...နင်တို့ ယောကျ်ားတွေက ခုတစ်မျိုး တော်ကြာ တစ်မျိုးရယ်...ဘယ်သကောင့်သားမှ ငါ မယုံပေါင်"
သူ ပြန်လည်ချေပတာကို နိုင်အောင်က
"ဟုတ်တယ်ဟ...ယောကျ်ားတွေကို မယုံနဲ့...ငါ့ကိုပဲ ကြည့်" ဟု ရယ်ရင်း ဆိုလေသည်။

အထက်တန်းကျောင်းမှာကတည်းက အတူတူ ကျောင်းတက်လာကြရင်း တက္ကသိုလ်တက်တော့လည်း သူနှင့်နိုင်အောင်က စက်မှုတက္ကသိုလ်ကို အတူရောက်ခဲ့ကြသည်။ ဒုတိယနှစ်အပြီး အထူးပြုဘာသာတွေ ခွဲတော့လည်း သူနှင့်နိုင်အောင်က လျှပ်စစ်အင်ဂျင်နီယာလိုင်းကို အတူတူ ရောက်ခဲ့ကြသည်။ ကျောင်းမှာကတည်းက အတွက်အချက် စာတော်သော နိုင်အောင့်ကို သူက အတွက်ပုစ္ဆာများ ကူတွက်ပေးဖို့ မေးခဲ့ရသည်။ ဘွဲ့ယူ ပရောဂျက်စာတမ်းမှာတွင်မူ သူက နိုင်အောင့်ထက် အမှတ်ပိုများတော့ နိုင်အောင်က "မိန်းကလေးတွေကို အကျောပေးတာ ..ကြည့်နေ...လုပ်ငန်းခွင်ထဲကျရင် ဆရာနိုင်အောင့် ကို လာမခေါ်နဲ့" ဟု ရယ်ဟဟ ဆိုခဲ့လေသည်။
တကယ်တမ်းတွင်မူတော့ သူက ကျောင်းဆက်တက်ပြီး နည်းပညာတက္ကသိုလ်မှာသာ ဆရာမ ပြန်လုပ်ခဲ့သည်။ နိုင်အောင်ကတော့ နိုင်ငံခြားဖက်စပ် မိုက်ကရိုချိ(ပ်) စက်ရုံတွင် မန်နေဂျာရာထူးဖြင့် ဒေါ်လာစား အင်ဂျင်နီယာကြီးဖြစ်လေသည်။ မိန်းကလေးများ ဝိုင်းဝိုင်းလည်နေသော နိုင်အောင်က ကျောင်းကတည်းက မျက်နှာများသူပင်။ ကျောင်းမှာတုန်းကတော့ နိုင်အောင့် ရည်းစားတွေကို သူ သိနေသေးသည်။ ကျောင်းပြီးသွားကတည်းက နိုင်အောင်၏ အသစ် အသစ်သော ရည်းစားများကို သူ မသိတော့။ ဒါတောင် နိုင်အောင်က မကြာ မကြာ ကြုံတိုင်းကြွားတတ်သည့် သူ့ရည်းစားတွေထဲမှာ ဆရာဝန်မ၊ ရုပ်ရှင်မင်းသမီးပေါက်စ၊ မိုဒယ်လ်ဂဲလ် စသည်ဖြင့် သူ သိရသည်။ တစ်ခါတစ်ခါတွင် အလုပ်ထဲမှ ပြဿနာများနှင့်ပတ်သက်၍ သူ့ဆီ နိုင်အောင် ရောက်လာတတ်သည်။ သူကတော့ သီအိုရီပိုင်းနှင့် ပြဿနာဖြေရှင်းသည့် consulting အပိုင်းကို ကျွမ်းကျင်ခဲ့ပြီး နိုင်အောင်က လက်တွေ့လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူဖြစ်လေသည်။

နိုင်အောင်တို့ company အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများတွင် သူ့ကျောင်းက ဆရာ၊ ဆရာမများကလည်း ပါဝင်အားဖြည့် ကူညီတတ်ကြသဖြင့် နိုင်အောင်နှင့် သူနှင့်က ကျောင်းပြီးသွားကြပြီး တခြားသူငယ်ချင်းများလို အဆက်အသွယ်ပြတ်ခြင်း မရှိခဲ့ကြ။ သူ့ကို သူငယ်ချင်းတစ်ယောက်ထက် ပိုလို့ သံယောဇဉ်ရှိဟန်လည်း မပြခဲ့သော နိုင်အောင့်ကယခုလို သူ့မိဘများထံ လာရောက် တောင်းတယ်ဆိုတော့ သူ နိုင်အောင့်ကို နားမလည်နိုင်အောင် ဖြစ်မိရသည်။ ဒီလိုပါပဲလေ...ယောကျ်ားတွေဟာ နားလည်ရခက်တဲ့သူတွေပဲ မဟုတ်လား။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်အောင် သူ့ကို ဘာမှမပြောမချင်း သူ ဘာမှ မပြောဖို့ ဆုံးဖြတ်လိုက်မိသည်။

.................................................................................

တွေ့ချင်တယ်...စကားပြောချင်တယ် ဟု နိုင်အောင်က ဆိုလာတော့ ကျောင်းပိတ်ရက် စနေနေ့ညနေမှာ ချိန်းမိသည်။ အေးအေးဆေးဆေး စကားပြောချင်သည်ဆိုတော့လည်း နိုင်အောင် ခေါ်ဆောင်ရာ ပုလဲ ကွန်ဒို မြေညီထပ်က  ကော်ဖီဆိုင်ကို ရောက်ခဲ့သည်။

သူကြိုက်သည့် cappuccino ကော်ဖီနှင့် cheesecake ကို သူ့ကို မမေးဘဲမှာပေးသော နိုင်အောင့်ကို တစ်ချက် မျက်ခုံးပင့်ကြည့်မိသည်။
"ပန်း...ငါ နင့်မိဘတွေဆီကို ပြောထားတဲ့ ကိစ္စ..နင် မသိသေးတာလား"
နိုင်အောင့်အမေးကို သူ ပြန်ဖြေဖို့ သောက်လက်စ ကော်ဖီခွက်ကို အသာချထားလိုက်သည်။
"ငါ ...သိပြီးပါပြီ။ နင်တို့ လာသွားတဲ့ညနေကပဲ မေမေ ငါ့ကိုပြောတယ်"
"ဒါဆို နင် ဘာလို့ ဘာမှ ပြန်မပြောတာလဲ"
နိုင်အောင့် စိတ်လောကြီးဟန် မေးခွန်းကို သူ ပြုံးလိုက်မိသည်။
"နင် ငါ့ကို ဘာမှ မပြောဘူးလေ"
နိုင်အောင်က သူ့မျက်နှာကို တည့်တည့်ကြည့်ကာ
"နင့်ကို ငါ လက်ထပ်ချင်တယ်လို့ ဦးနဲ့အန်တီနဲ့ဆီ ငါ့အမေနဲ့ အဖေနဲ့ တူတူ ရောက်ခဲ့တယ်လေ" ဟုဆိုလေသည်။
"အင်းလေ...အဲဒါ ငါ့ကို ငါ့မိဘတွေဆီကနေ လာတောင်းတာမျိုးကြီးပဲ...အရာဝထ္ထုပစ္စည်းတစ်ခုကို တောင်းသလိုမျိုး...ငါက လူပဲဟာ..."
"ပန်း...နင် စကားမကပ်ပါနဲ့...ငါတို့အရွယ်တွေက ကွေ့ဝိုက်ပြီး ပြောနေဖို့လည်း မလိုဘူး...ဗျူဟာတွေ မာယာတွေနဲ့ ကြွေလာအောင်ဆို စကားတွေ ခင်းနေဖို့လည်း မလိုဘူး...နင်ရော ငါရော အိမ်ထောင်ပြုသင့်တဲ့အရွယ်တွေ လွန်နေကြပြီ...နင် သိရဲ့လား...နင့်ဘဝရှေ့ရေးရော နင်ဘယ်လို ဆုံးဖြတ်စီစဉ်ထားလဲ"

နိုင်အောင့် စကားကို သူ တစ်ချက် ဟက်ကနဲ ရယ်လိုက်မိသည်။
"ငါ့ဘဝရှေ့ရေးလား..ဒီလိုပဲပေ့ါ...ကျောင်းသွားမယ် ကျောင်းပိတ်ရက်တွေမှာ အိမ်မှာရယ်၊ လူမှုရေးအလုပ်လေးတွေရယ်နဲ့ မအားပါဘူး...စာတမ်းတင်ဖို့တွေရှိရင်လည်း စာတမ်းရေးနဲ့ ငါ့ဘာငါတောင် အချိန်ကို ဘယ်လိုလောက်အောင် နေရမှန်းတောင် မသိဘူး"

"ပန်း...နင်ဟာလေ...အရာရာကို ပေါ့ပေါ့လေး တွေးတုန်းပဲ...ဒီထက် ပိုကြာသွားကြရင် မကောင်းတော့ဘူးလေ...ငါတို့ အိမ်ထောင်ပြုပြီး ငါတို့ရဲ့ ရင်သွေးလေးတွေနဲ့ မိသားစုဘဝလေး ရှိသင့်နေပြီ"

နိုင်အောင့်စကားကြောင့် သူ့မျက်နှာနွေးကနဲဖြစ်သွားမိကာ ရှက်မိသဖြင့် ခေါင်းငုံ့ကာ စားပွဲကိုသာ စိတ်မှတ်မဲ့စွာ ကြည့်နေမိသည်။
"ပန်း...နင် တစ်ခုခု ဆုံးဖြတ်ဟာ"
ပေါင်ပေါ်တင်ထားသော သူ့လက်နှစ်ဖက်ကို အုပ်မိုးဆုပ်ကိုင်လိုက်တာကြောင့် သူ ဆတ်ကနဲ ဖြစ်သွားရကာ...
"လွှတ်ပါ" ဟု တိုးတိုးဆိုမိသည်။

"ဆောရီး...နင်က မတုန်မလှုပ်နဲ့ ...ငါ အသည်းယားလာလို့"
ခပ်ဖွဖွရယ်ရင်း နိုင်အောင် ဆိုသည်။

"နင့်ရည်းစားတွေ ဘယ်ရောက်သွားလို့ ငါ့ကို လက်ထပ်ချင်ရတာလဲ"
သူအမေးချင်ဆုံး မေးခွန်းကို မေးလိုက်မိသည်။

"ကျွတ်...ငါ သူတို့ကို လက်ထပ်ဖို့ ရည်းစားထားတာမှ မဟုတ်ဘဲ...ပြီးတော့ သူတို့က တစိမ်းတွေ...ငါ သူတို့ ဆွေမျိုးတွေ၊ သူတို့ နောက်ကြောင်းတွေ ၊သူတို ့ဗီဇတွေကို ငါ သေချာမသိနိုင်ဘူး..နင်နဲ့ငါက ငယ်ငယ်လေးတည်းက သူငယ်ချင်းတွေ ...မိဘဆွေမျိုးတွေ ဘယ်သူဘယ်ဝါတွေဆိုတာလည်း သိပြီးသား။ နင့်ဗီဇ၊ နင့်စရိုက်ကိုလည်း သိပြီးသား။ တခြားမိန်းကလေးဆိုရင် ငါရှာသမျှကို အကုန် လက်ဝါးကြီးအုပ်ချင်တာလား...သူ့ မိဘဆွေမျိုးတွေကရော ဘယ်လို ရှိမလဲ...ငါမှ မသိနိုင်ဘဲ"

"သြော်...နင်က အိမ်ထောင်ပြုတာတောင်မှ တွက်တဲ့ကိစ္စက မပြီးသေးဘူးလား။ ကျောင်းမှာတင် အတွက်အချက်တွေကို ထားခဲ့တယ် မှတ်တာ"
သူက ရယ်လိုက်ရင်း ခနဲ့တဲ့တဲ့ စကားဆိုလိုက်မိသည်။

"ဒါတွေ ထားပါတော့ဟာ...နင့်မှာ တခြား ရည်ရွယ်သူ ရှိနေလို့လား...ငါ သိသလောက် နင် ကိုမင်းမော်နဲ့ ပြတ်သွားပြီးကတည်းက နင့်မှာ ချစ်သူရည်းစားမှ မရှိတာပဲ...နှစ်တွေလည်း ကြာခဲ့ပြီ...နင် သူ့ကို မေ့ပြီ မဟုတ်လား"

အဟက်ဟက်...
ခုမှပင် သူတကယ့်ကို ရယ်ချင်စိတ်ပေါက်လာကာ ရယ်မိလိုက်သည်။
လှောင်ရယ်တစ်ခုဖြစ်မှန်း နိုင်အောင်လည်း သိမည်ထင်ပါသည်။

"ယောကျ်ားတွေက နားလည်ရ အတော်ခက်သား...ကိုမင်းမော်ကကျတော့ ငါ့ကို ချစ်ပါတယ်ဆိုပြီး တခြားမိန်းကလေးတွေနဲ့ ပတ်သက်ရှုပ်ပွေနေလို့ ငါ နဲ့ ဇာတ်လမ်းပြတ်ခဲ့တယ်...ခု နင်ကျတော့ တခြားမိန်းကလေးတွေနဲ့ ရှုပ်ပွေနေလျက်နဲ့ ငါ့ကို လက်ထပ်ချင်ပါတယ်တဲ့"

"အေးလေ...နင့် ကိုမင်းမော်က ငတုံးပဲ"

"ဘာရယ္..."
နိုင်အောင့်စကားကို သူ အနည်းငယ် စိတ်ဆိုးမိသွားရကာ လေသံ နည်းနည်းမာသွားသည်။

"ဆောရီးကွာ...စကားတွေက ဦးတည်ရာတွေ ပြောင်းကုန်ပြီ...ခု..နင်နဲ့ငါ လက်ထပ်ဖို့ ကိစ္စ နင့်ဘက်က ဘယ်လိုသဘောရလဲ ဒါပဲ အရေးကြီးတာ"

"နိုင်အောင်...နင့်ကို ငါ့ သူငယ်ချင်းအဖြစ်နဲ့ ဘယ်တော့မှ မုန်းမှာ မဟုတ်သလို နင်ဟာ ငါ့ရဲ့ တစ်သက်လုံးအတွက် သူငယ်ချင်းပဲ ဖြစ်နေမှာပါ"

သူ့စကားအဆုံးမှာ နိုင်အောင်တွေသွားပြီး နှစ်ဦးသား အတော်ကြာကြာ စကားမပြောဖြစ်ကြ။
“ပြန်ကြရအောင်  ၆ နာရီခွဲနေပြီ...အပြင်မှာ မှောင်နေပြီလေ"

သူ့ ကားရပ်ထားရာသို့ နှစ်ဦးသားလျှောက်လာစဉ်မှာ
"နင့်ကို ငါ တကယ် နားမလည်ဘူး ပန်း" ဟု နိုင်အောင်က ဆိုသည်။

သူ ပြုံးရုံသာ ပြုံးပြီး ကားမောင်းထွက်လာခဲ့သည်။ ရပ်ကျန်ရစ်ခဲ့သော နိုင်အောင့်ကို ကားနောက်ကြည့်မှန်မှ မြင်လိုက်ရသည်။ ကမ္ဘာအေးဘုရားလမ်းပေါ်ကို ထွက်လိုက်ပြီးနောက် တင်းထားသော သူ့စိတ်ကို လျှော့ချလိုက်မိတော့ သူ့ မျက်ဝန်းမှ မျက်ရည်များ စီးကျလာတော့သည်။

"နိုင်အောင်...နင် ငါ့ကို ချစ်မြတ်နိုးတယ်ဆိုတဲ့ စကားတစ်ခွန်းမှ မပြောဘဲ ငါ့ကို လက်ထပ်ချင်တယ်ပဲ ပြောခဲ့တယ်...မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ပြုဖို့အတွက် အလိုအပ်ဆုံးအရာက သူ့ကို ချစ်မြတ်နိုးတယ်ဆိုတဲ့ စကားတစ်ခွန်းပဲ။ မိန်းမတစ်ယောက်ဟာ ယောကျ်ားတစ်ယောက်ရဲ့ ချစ်မြတ်နိုးခြင်း ခံရတယ်လို့ စိတ်ထဲမှာ သူ့ကိုယ်သူ စိတ်ချယုံကြည်နေမှ သူဟာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ မိန်းမတစ်ယောက် ဖြစ်မှာဆိုတာကို နင် နားမလည်သရွေ့ နင်နဲ့ ငါနဲ့ သူငယ်ချင်းပဲ နိုင်အောင်ရယ်"

သူ့ကားဖြူဖြူလေးက ကမ္ဘာအေးဘုရားလမ်းမှသည် ညာဘက်ကို ချိုးကွေ့လိုက်ပြီး ပြည်လမ်းမပေါ်ကနေ သူ့ အိမ်ရှိရာ ကိုးမိုင်ဆီသို့...

                                                                                                             ဟနစံ
                                                                                           ၁၃ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၁ ခုနှစ်။

No comments:

Post a Comment