အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့
ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ်
ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ မကြာခဏ
ကြားနေရမှာပါပဲ။သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို အပြည့်အဝ
နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ ထားဦးတော့
ကိုယ့်စိတ်ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ် တွေကရှိလာပြန်ပါတယ်။
မိန်းမသားတွေ နဲ့ ယောကျ်ားတွေရဲ့ အတွင်းစိတ်မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။
မိန်းမသားတွေက
ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ တိုက်ရိုက်
မပြောတတ်ပါဘူး။မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့
မိန်းမတစ်ယောက်ကို သူ့ချစ်သူက “ဘာဖြစ်နေတာလ”ဲ လို့ မေးရင် “ဘာမှမဖြစ်ဘူး”
လို့ပဲ ပြန်ဖြေမှာပါပဲ။သည်းထန်စွာ ငိုကြွေးနေဦးတော့၊ ငိုရှိုက်နေတဲ့
ကြားကပဲ “အီး..ဟီး..ဟီး…ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး ဆို” လို့
ပြန်ဖြေမှာပါပဲ။
ယောကျ်ားတစ်ယောက်ကျတော့ အဲလို
မဟုတ်ပြန်ပါဘူး။“ဘာဖြစ်နေတာလဲ။ ဘာပြဿနာရှိလဲ” လို့ ယောကျ်ားတစ်ယောက်ကို
သူ့ချစ်သူ အမျိုးသမီးက မေးရင် “အေး…ပြဿနာကတော့ မင်း”ပဲ ဆိုပြီး တဲ့တိုး
ပြန်ဖြေမှာပါ။
မိန်းမတွေကို သူ့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊
ဘာတွေရှိနေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ပါဘူး။ဒါပေမယ့် မိန်းမတွေ အားလုံး
တူညီတဲ့ လိုအင်ကတော့ သူတို့ ဝမ်းနည်း ငိုကြွေးရင် မှီတွယ်စရာ ပခုံးတစ်ဖက်
ကို အလိုရှိတာပါပဲ။
မိန်းမတွေဟာ သူတို့ကိုယ်သူတို့
ချစ်မြတ်နိုးခြင်းခံရတယ်လို့ ခံစားရရင် စိတ်ပိုင်းဆိုင်ရာ
လုံခြုံမှုရပါတယ်။ မိန်းမတွေဟာ သူတို့စိတ်ထဲမှာ သူတို့ကိုယ် သူတို့
လုံခြံုမှုရှိတယ် ယောကျ်ားတစ်ယောက ်ကြောင့် လုံခြံုမှုရတယ်လို့ စိတ်ထဲမှာ
ခံစားရတယ်ဆိုရင် အဲဒီ မိန်းမဟာ ဘဝမှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့
ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ ယောကျ်ားတစ်ယောက်ကြောင့်
မိန်းမတစ်ယောက်ရဲ့စိတ်မှာ လုံခြံုမှုရတယ် ဆိုရင် ဒီအချစ်ဟာ ဘယ်တော့မှ
ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။
ယောကျ်ားတစ်ယောက်ကျတော့
သူ့စိတ်မှာ သူဟာ မိန်းမတစ်ယောက်ရဲ့ လိုအပ်ခြင်းကို ခံရတယ်လို့ ခံစားရရင်
အဲဒီယောကျ်ားဟာ ဘဝမှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘဝ ကိုဦးဆောင်တဲ့
ယောကျ်ားတစ်ယောက်ဖြစ်လာပါတယ်။
ယောကျ်ားတွေ
အချစ်သစ်ရှာကြတယ်ဆိုတာမှာ များသောအားဖြင့်က လက်ရှိချစ်သူက မိမိကို
အားကိုးခြင်းမရှိဘူး။ လက်ရှိချစ်သူ အမျိုးသမီးက သူ့
ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး ဘဝမှာ ချစ်သူ အမျိုးသား မပါဘဲ
အောင်မြင်နိုင်တဲ့ အမျိုးသမီးဖြစ်နေတတ်တာမျိုးဆိုရင် ချစ်သူ အမျိုးသားက
အချစ်သစ်ရှာတတ်ပါတယ်။ အဲဒီ အချစ်သစ်ဟာ သူ့ကို အားကိုးတဲ့ ၊ အစစ အရာရာ
အမျိုးသားထက် နိမ့်ပါးသူ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း
ယောကျ်ားတစ်ယောက်ရဲ့စိတ်သဘာဝပါပဲ။ အချစ်စစ် ဆိုတာ ရင်ထဲမှာ
ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့ ယောကျ်ား တစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့
ဘဝမှာ သူ့ကို မလိုအပ်ဘဲ အောင်မြင်နိုင်တယ်လို့ ယူဆသွားရင် အဲဒီယောကျာ်းဟာ
တခြားတစ်ယောက်ကို ပြောင်းချစ်မှာ အသေအချာပါပဲ။
မိန်းမတစ်ယောက်
အနေနဲ့ကျတော့လည်း သူမ ကို မြတ်နိုးစုံမက်တဲ့ ၊ သူ့စိတ်မှာ အားကိုးရာလို့
ထင်မြင်နိုင်မယ့် ယောကျ်ားတစ်ယောက်ကို သာအလိုရှိပါတယ်။ ရုပ်ဝထ္ထုပစ္စည်း
ကြွယ်ဝချမ်းသာမှု နဲ့ မဆိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှု
ပေးနိုင်မယ့် ယောကျ်ားတစ်ယောက်ကို ဘဝမှာလက်တွဲလိုပါတယ်။
မိန်းမတစ်ယောက်ကို
စည်းစိမ် ဥစ္စာ ပြည့်စုံအောင် ထားပေးနိုင်တာနဲ့ အဲဒီ မိန်းမကို
စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်တယ်လို့ မဆိုနိုင်ပါဘူး။
မိန်းမတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံခြံုမှု ရှိဖို့ ဆိုတာက သူမ
တစ်ယောက်တည်းကိုသာ ချစ်သူအမျိုးသားက မြတ်နိုးတယ် ဆိုတာ သူမစိတ်မှာ သိထားရင်
လုံလောက်ပါပြီ။
ချစ်သူ အမျိုးသားရဲ့ ချစ်တယ် ဆိုတဲ့
စကားတစ်ခွန်းဟာ သူမ အတွက် ဘဝမှာ ခွန်အားပါပဲ။ဒါပေမဲ့ အမျိုးသားတွေကကျတော့
ချစ်သူ အမျိုးသမီးကို ချစ်တယ် ဆိုတာ ဘဝမှာ တစ်ခါ ပြောပြီးရုံနဲ့
လုံလောက်ပြီ ထင်တတ်ကြပါတယ်။မိန်းမတစ်ယောက်အတွက် ချစ်သူ အမျိုးသား
ရဲ့သိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်းဟာ နေ့စဉ်လိုအပ်ပါတယ်။ သူမရဲ့ကြောက်ရွံ့ မှုတွေ၊ သူမရဲ့
၀မ်းနည်းအားငယ်မှုတွေကို ချစ်သူအမျိုးသားကို ပြောပြဝေမျှ ပါတယ်။ သူမငိုချင်ရင် အချိန်မရွေး သူမ ငိုနိုင်ပါတယ်။
ယောကျ်ားတွေကျတော့ အဲလို မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက်
၀မ်းနည်းအားငယ်မှု
၊ ကြောက်ရွံ့ မှု ၊ ထိတ်လန့်မှုတွေကိုလည်း အမျိုးသားများ အနည်းနဲ့ အများ
ဆိုသလို ခံစားရပေမယ့် ချစ်သူ အမျိုးသမီးကို ဝေမျှ ပြောပြလေ့မရှိပါဘူး။
ငိုတယ်ဆိုတာ ယောကျာ်းအလုပ် မဟုတ်ဘူး။ ယောကျ်ားတွေဟာ ဘယ်တော့မှ
မငိုဘူးဆိုတဲ့ တလွဲအတွေးနဲ့ သူတို့ဟာ ခံစားချက်တွေကို ဝေမျှဖို့ အလွန်
ကပ်စေးနှဲသူများ ဖြစ်တတ်ကြပါတယ်။ တကယ်လို့ ခံစားချက်တွေကို ဝေမျှ လိုက်ရင်
ပြေလည်သွားမယ့် ဆက်ဆံရေးတစ်ခုမှာ ယောကျ်ားတွေရဲ့ အဲလို တလွဲမာနကြောင့်
အက်ရာ ထင်ခဲ့ရတဲ့ ဆက်ဆံရေးတွေ၊ ပြိုပျက်ခဲ့ရတဲ့ ဆက်ဆံရေးတွေ အနည်းနဲ့
အများရှိပါတယ်။
ပညာတတ် ၊ ရာထူး နဲ့ မိန်းမတွေဟာ အချစ်ရေး၊
အိမ်ထောင်ရေးမှာ မအောင်မြင်တတ်ဘူး။ ချစ်သူ ယောကျ်ားရဲ့ စွန့်ပစ်ခြင်းကို
ခံရတယ်ဆိုတဲ့ ကြားနေရတဲ့ လူမှုဆက်ဆံရေးနယ်ပယ်က စကားတွေက
မှန်သင့်သလောက်တော့မှန်ပါတယ်။ တကယ်ပဲ အဲလိုဖြစ်နေတာတွေ
ရာခိုင်နှုန်းမများလှပေမဲ့ ရှိနေတာပါပဲ။တကယ်တမ်း မချစ်လို့ မဟုတ်ဘဲယောကျာ်း
တစ်ယောက် ရဲ့တလွဲမာန နဲ့ မိန်းမတစ်ယောက်ရဲ့ မပွင့်လင်းမှုတွေကြောင့်ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။
မိန်းမတစ်ယောက်အနေနဲ့
သူမရဲ့ စိတ်ကို လုံခြုံနွေးထွေးမယ့် ၊ သူမတစ်ယောက်ကို သာလျှင်
မြတ်နိုးမယ့် ယောကျ်ားတစ်ဦးကိုသာ အလိုရှိပါတယ်။ယောကျ်ားတစ်ယောက်ကတော့
သူ့ကို လိုအပ်မယ့် မိန်းမတစ်ယောက်ကို သာအလိုရှိပါတယ်။
ရေရှည်ခိုင်မြဲတဲ့
အချစ်တစ်ခု ဖြစ်ဖို့ရာမှာတော့ ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ကို
ချစ်ပြီဆိုရင် သူမ ကိုချစ်တဲ့အကြောင်း နေ့စဉ် တစ်ခွန်းလောက်ပြောဖို့
လိုအပ်ပါတယ်။ ချက်ပြုတ်ကျွေးမွေးတဲ့ အစားအသောက်များကို ချီးမွမ်းပေးဖို့ ၊
ဝတ်တဲ့အဝတ်နဲ့ လိုက်ဖက် လှပကြောင့် ချီးမွမ်းစကားလေးတွေ ပြောဖို့
လိုအပ်လှသလို မိန်းမတစ်ယောက်ကျတော့ ချစ်သူအမျိုးသားဟာ သူမဘဝအတွက် အရေးပါတဲ့
လူတစ်ယောက်ဖြစ်တယ်ဆိုတာ ၊ သူမဘဝအတွက် ချစ်သူအမျိုးသား
အမြဲလိုအပ်နေတယ်ဆိုတာ ၊ သူမ ဘယ်လောက် ယုံကြည် အားကိုး တယ်ဆိုတာ
အမျိုးသားကိုသိစေမယ်ဆိုရင် လှပအေးချမ်းတဲ့ အချစ်ဘဝ တစ်ခု အစဉ်အမြဲ
ဖြစ်နေမှာပါပဲ။
ဟနစံ
No comments:
Post a Comment