Wednesday, 1 February 2017

ဒေါသစိတ်ကလေး

ဒေါသစိတ်ဟာ ထိန်းချုပ်ရအခက်ဆုံး စိတ်ခံစားချက်မျိုးဖြစ်ပါတယ်။ လူသားတိုင်းဟာ ဒေါသဖြစ်တဲ့အတွေ့အကြုံ အနည်းနဲ့ အများဆိုသလိုရှိတတ်ကြပါတယ်။

သူငယ်ချင်းမိတ်ဆွေများ တစ်ဦးနှင့်တစ်ဦးမုန်းတီးလာပြီး တစ္ဖက္သား

ခွင့်မလွှတ်နိုင်လောက်တဲ့ စကားများကို ပြောဆိုမိခြင်းဟာ ဒေါသစိတ်ကြောင့်ပဲဖြစ်ပါတယ်။

မိခင် ၊ ဖခင် တို့ကိုယ်တိုင်က ချစ်လှစွာသော သားငယ် ၊ သမီးငယ်များကို ရိုက်နှက်မိခြင်းဟာလည်း

ဒေါသစိတ်ကတရားခံပဲဖြစ်ပါတယ်။ ဒေါသစိတ်ကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းများကတော့ နာကျင်ခြင်း ၊ အချည်းနှီးဖြစ်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း ၊ သောကဗျာပါဒ ဖြစ်ခြင်း၊ စိတ်ပျက်ခြင်းနှင့် ဘေးအန္တရာယ် တို့ပဲဖြစ်ပါတယ်။ ဒေါသဖြစ်နေတဲ့ အခိုက်အတန့်ကလေးမှာပဲ လူအချို့ဟာ လူသတ်မှုအထိကျုးလွန်တတ်ကြပါတယ်။

မိမိရဲ့ ဒေါသစိတ်ဟာ မိမိကိုယ်တိုင်ရဲ့ ရန်သူဖြစ်ပြီး မိမိဘဝကိုရော ၊ သူတပါးရဲ့ဘဝကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါပေမယ့် ဒေါသစိတ်ကိုကောင်းမွန်စွာထိန်းချုပ်နိုင်ပြီး ဒေါသစိတ်ကို ဘယ်လိုဘယ်ပုံမျိုးထွက်ပေါက်ပေးရမယ်ဆိုတာကို နားလည်သဘောပေါက်ထားမယ်ဆိုရင် ဒေါသစိတ်ဟာ မိမိအတွက် မိတ်ဆွေလည်းဖြစ်စေနိုင်ပါတယ်။

ဒေါသစိတ်ကိုထွက်ပေါက်ပေးပုံ၊ ပေးနည်းမှန်ကန်မယ်ဆိုရင် ကျွန်မတို့ရဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိအောင်မြင်နိုင်မှာဖြစ်သလို ဘဝခရီးလမ်းမှာကြုံတွေ့လာရတဲ့ အခက်အခဲ ပြဿနာများ၊ ရုတ်တရက်ပေါ်ပေါက်လာသော အကြပ်အတည်းများကို ရုတ်ချည်း ဆုံးဖြတ်ချက်များနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပြီး ကျွန်မတို့ရဲ့ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ကိုလည်းအဆိုးဘက်ကိုမရောက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒေါသစိတ်ဆိုတာဟာ လူသားအားလုံးအတွက် အကျိုးယုတ်ပျက်စီးစေတတ်တယ် ဆိုတာကို ကျွန်မတို့အားလုံး အသိပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ လူမျိုးစုံနဲ့ ထိတွေ့ဆက်ဆံ နေရသူများအဖို့ ဒေါသစိတ်ဖြစ်ဖို့ အခွင့်အလမ်းပိုလို့များပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ ဖြစ်ပေါ်လာရတဲ့ ဒေါသဟာ လူမှုဆက်ဆံရေးကို ပျက်စီးအကျိုးယုတ် စေရုံတင်မကဘဲ ဒေါသဖြစ်သူ ကာယကံရှင်ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ သွေးတိုးရောဂါ ၊ နှလုံးရောဂါ၊ ခေါင်းကိုက်ရောဂါ၊ အရေပြားယားယံခြင်းနဲ့ စိတ်ကျခြင်းမှသည် နာတာရှည် စိုးရိမ်ပူပန်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။


ဒေါသစိတ်ကို မချုပ်တည်းနိုင်ခြင်းကြောင့် အန္တရာယ်ကြီးမားလှတဲ့ ရာဇဝတ်မှု ၊ ညှင်းပန်းနှိပ်စက်မှု နဲ့ ကြမ်းတမ်းတဲ့ ကိုယ်နှုတ်အမူအရာများ ဖြစ်ပေါ်လာရပါတယ်။ လုပ်ငန်းခွင်မှာ လုပ်သားများ ဒေါသစိတ်ဖြစ်ရခြင်း အကြောင်းရင်းများမှာ အလုပ်ရှင် ၊ ကြီးကြပ်ရေးမှုး၊ မန်နေဂျာ စသည့်လူများကြောင့်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များလည်း ပါဝင်ပါတယ်။


-အလုပ်ရှင်ကလုပ်ခတိုးပေးမည် ။ ရာထူးတိုးပေးမည် စသည်ဖြင့် ကတိပေးထားပြီး ထိုကတိများအတိုင်းတကယ်တန်းတွင်ြဖစ်မလာခြင်း၊

-အလုပ်သမားတစ်ဦးဟာ မိမိမှားယွင်းသည်ဟု အပြစ်တင်ခံရခြင်း ၊

-မိမိအထက်က မန်နေဂျာ ၊ ကြီးကြပ်ရေးမှုးများက မိမိကို ကြိမ်ဖန်များစွာအပြစ်တင်ခြင်း၊

-အလုပ်သမားများက မိမိသည် မိမိ၏ အထက်မှ မန်နေဂျာ၊ ကြီးကြပ်ရေးမှုးများထက်ပို လုပ်ငန်းကျွမ်းကျင်သည် ၊ ပိုတော်သည်ဟု မိမိကိုယ်မိမိ ထင်မြင်နေခြင်း၊

-လုပ်ဖော်ကိုင်ဖက်များက မိမိထက် ပိုဝင်ငွေကောင်းနေခြင်း

စတဲ့အချက်များကြောင့် လုပ်ငန်းခွင်မှာ ဒေါသစိတ်များဖြစ်လာရပါတယ်။


တစ်ခါတစ်ရံမှာတော့ လုပ်ငန်းနဲ့ မဆိုင်တဲ့ ပြင်ပ အကြောင်းအရာများကလည်း လုပ်ငန်းခွင်ကို နှောင့်ယှက်တတ်ပါတယ်။ မိသားစုအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာများ ကြီးထွားလာပြီး ထိုပြဿနာများက မိမိရဲ့စိတ်ကို ကြီးစိုးလာတဲ့အခါမှာ လုပ်ငန်းခွင်ကိုပါထိခိုက်လာစေနိုင်ပါတယ်။ ကွာရှင်းပြတ်စဲခြင်း ၊ မိမိချစ်နှစ်သက်သူူကွယ်လွန်ခြင်း၊ ငွေကြေးပြဿနာများနဲ့ ကျန်းမာရေး ပြဿနာများဟာ စိတ်ကိုလွှမ်းမိုးလာပြီး ထိုအကြောင်းအရာများနဲ့ ပတ်သက်တဲ့ ဒေါသစိတ်ဟာ လုပ်ငန်းခွင်အထိကိုပါ ဆက်နွယ်လာပါတယ်။ လုပ်ငန်းခွင်မှာ ဒေါသထွက်လျှင် လုပ်ငန်းဆောင်ရွက်မှုကို ထိခိုက်စေနိုင်ပြီး မိမိလုပ်အားခကို မှီခိုနေရသော မိမိ၏မိသားစုဘဝကို ဒုက္ခ ဖြစ်စေနိုင်သောကြောင့် လုပ်ငန်းခွင်မှာ ဒေါသဖြစ်ခြင်းလောက်ဆိုးရွားတဲ့အခြေအနေမရှိတော့ပါဘူး။

ဒါကြောင့်လုပ်ငန်းခွင်မှာ ဒေါသစိတ်ကို ချုပ်တည်းနိုင်ခြင်း အလေ့အကျင့်ကို ကြိုးစားမွေးမြူမယ်ဆိုရင် လုပ်သားကောင်းတစ်ဦး ၊ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာနိုင်ပါတယ်။

မိမိစိတ်ကိုမိမိထိန်းချုပ်နိုင်ခြင်း အလေ့အကျင့်ဟာ မွေးမြူလို့ရပါတယ်။ လူသားတွေရဲ့ အပြုအမူအကျင့်တွေ အားလုံးဟာ အခြေအနေတွေပေါ်မှာမူတည်ပြီး ပြုပြင်လို့ရပါတယ် လို့စိတ်ပညာရှင်များကဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ဒေါသထွက်ခြင်းဖြင့် ကိုယ်လိုချင်တာကို အရယူနိုင်ခြင်းကြောင့် အရွယ်ရောက်လာတဲ့အခါမှာလည်း ဒေါသထွက်ခြင်း အလေ့အကျင့် ဆက်လက်ဖြစ်ပေါ်လာပါတယ်။ ထိုသူဟာ ဒေါသထွက်ခြင်းအလေ့အကျင့်ကို ငယ်စဉ်ကတည်းက စိတ်မှာမွေးမြူခဲ့လို့ပါပဲ။ ထိုသို့ ဒေါသထွက်ခြင်း အလေ့အထကို မွေးမြူလာနိုင်ခဲ့တယ်ဆိုရင် သီအိုရီနည်းအရ သည်းခံခွင့်လွှတ်ခြင်း အလေ့အထကိုလည်း ကျွန်မတို့ရဲ့စိတ်မှာ မွေးမြူလို့ရပါတယ်။ သည်းခံခွင့်လွှတ်ခြင်းကို စိတ်မှာ လေ့ကျင့်မွေးမြူခြင်းဖြင့် တဖြည်းဖြည်းနဲ့ သည်းခံခြင်းစွမ်းအား ပိုမိုလာပြီး ဒေါသစိတ်လျော့ပါး လာမှာဖြစ်ပါတယ်။ ဒေါသစိတ်ကို ထိန်းချုပ်နိုင်သူဟာ ဆုံးဖြတ်ချက်များလည်း မှန်ကန်မှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အားကစားလေ့ကျင့်ခန်းများပြုလုပ်ခြင်း ၊ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း၊ အရက်သေစာများကို ရှောင်ရှားခြင်းတို့ဖြင့် ဒေါသစိတ်ကိုလျော့ပါးစေပြီး ကိုယ်အမူအရာကြမ်းတမ်းခြင်း လည်းလျော့ပါးလာမှာဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ လူတွေဟာ ကျန်းမာရေး ပိုလို့ကောင်းလေ ပိုလို့အောင်မြင်တဲ့ဘဝကို တည်ဆောက်နိုင်လေ ဖြစ်ပါတယ်။

သူတပါးရဲ့ အမှားများကို ခွင့်မလွှတ်နိုင်လောက်အောင် ဒေါသဖြစ်လာပြီဆိုရင် စိတ်ကူးနဲ့ သူ့နေရာမှာ ကိုယ်စားဝင်ကြည့်ပြီး ကိုယ်ချင်းစာကြည့်ပေးပါ။ ထိုအလေ့အကျင့်ဟာ ကျွန်မတို့ကို မတူညီတဲ့ ရှုှုထောင့်အမြင်သစ်တစ်ခုတိုးပွားလာစေမှာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံး ပုထုဇဉ် လူသားတွေပဲမို့ အမှားမကင်းနိုင်ကြပါဘူး ဆိုတာကို အမြဲသဘောပေါက်နားလည်ထားမယ်ဆိုရင် သူတပါးရဲ့ အမှားများကိုလည်း ခွင့်လွှတ်ပေးလာနိုင်ပါလိမ့်မယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဟာသလေးများကို ရှာဖွေပြီး ရယ်မောပစ်လိုက်မယ်ဆိုရင် ဒေါသစိတ်လျော့နည်းလာမှာပါပဲ။ သူတပါးကို ကောင်းမွန်စွာ နားထောင်ခြင်းဟာလည်း လှုမှုဆက်ဆံရေးအတွက် အကျိုးအမြတ်ရစေမှာ ဖြစ်ပြီး လူအချင်းချင်းယုံကြည်မှုကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ မိမိကိုယ်တိုင်က သူတပါးအပေါ်မှာ ဒေါသဖြစ်နေပြီ ဆိုရင် ကိုယ်ဒေါသဖြစ်ရတဲ့သူကို ဘယ်လိုအကြောင်းအရာတွေက မိမိကို ဒေါသဖြစ်စေတာလဲ...ဘာကြောင့် ဒေါသဖြစ်ရတာလဲဆိုတာကို နားလည်သဘောပေါက်အောင်ရှင်းပြ ပေးပါ။ ဒါမှလည်းပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခုကို ဖော်ဆောင်ပြီး အချင်းချင်း နားလည်မှု ရှိလာမှာဖြစ်ပါတယ်။


တကယ်တန်းကျတော့ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့ရဲ့ ဘဝတွေဟာ ဒေါသစိတ်နဲ့သာ အချိန်ကုန်နေမယ်ဆိုရင် သိပ်ကို တိုတောင်းလွန်းလှတဲ့ ဘဝသာဖြစ်နေမှာပါ။ ရရှိထားတဲ့ လူ့ဘဝသက်တမ်း အတွင်းမှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုရော မိမိကိုယ်တိုင်ကိုပါ အကျိုးမဲ့စေတဲ့ ဒေါသစိတ်ကို ချုပ်တည်းပြီး သည်းခံခွင့်လွှတ်စိတ်နဲ့သာ နေမယ်ဆိုရင် အင်မတန်ပျော်စရာကောင်းတဲ့ လူ့ဘောင်လောက ဖြစ်လာမှာ မလွဲမသွေပါပဲ။
 
                                                                                                                 ဟနစံ
                                                                                                    ၂ ရက်၊ အောက်တိုဘာလ၊ ၂၀၀၆ ခုနှစ်။

No comments:

Post a Comment