နေ့စဉ်ဘဝမှာ လူတိုင်းဟာ တစ်ယောက်တည်းနေဖို့ မဖြစ်နိုင်တဲ့အတွက်
လူတိုင်းကိုယ်စီမှာ သူငယ်ချင်းများ၊ မိတ်ဆွေများလိုအပ်လှပါတယ်။
စာသင်ကျောင်းမှာ၊ လုပ်ငန်းခွင်မှာ၊ အားလပ်ချိန်များမှာ ကိုယ်ဝါသနာပါရာ
လုပ်တဲ့အခါမှာ ကိုယ်နဲ့ ဝါသနာတူ သူငယ်ချင်းများ လိုအပ်လှပါတယ်။
သူငယ်ချင်းဆိုတာက
ငယ်စဉ်ကလေးဘဝကတည်းက မူလတန်းကြိုကျောင်း မှာကတည်းက ကျွန်မတို့မှာ
ရှိကြပါတယ်။ တစ်ခါတစ်ရံမှာ မိဘများ ပြောစကားထက် သူငယ်ချင်းရဲ့ ပြောစကားကို
နားထောင်ဖြစ်တဲ့အခါတွေ လည်း ရှိကြပါတယ်။ မိမိအတွက် အဝတ်အစား၊
အသုံးအဆောင်ပစ္စည်းများ ဝယ်ယူတာကအစ သူငယ်ချင်းရဲ့ အကြံဉာဏ်တွေ
ပါဝင်နေတတ်ပါတယ်။
ဒီလိုအသေးအဖွဲလေးတွေကအစ သူငယ်ချင်းရဲ့
ပတ်သက်မှုတွေရှိနေ တတ်ပြီး အလုပ်အကိုင်၊ စီးပွားရေးလုပ်ငန်း၊
ဘဝလမ်းကြောင်း အကူး အပြောင်းတွေလို ဘဝအတွက်အရေးပါတဲ့ကိစ္စများပင်လျှင်
သူငယ်ချင်းနဲ့ ဆွေးနွေးတိုင်ပင်တတ်ကြပါတယ်။ သူငယ်ချင်းဆိုတာ ဘဝအတွက်
အရေးပါတဲ့ လူသားများဖြစ်တဲ့အတွက် ဘယ်လိုလူမျိုးကို
သူငယ်ချင်းအဖြစ်ရွေးချယ်ပေါင်းသင်းသင့်တယ် ၊ ဘယ်လိုလူမျိုးကို
သူငယ်ချင်းအဖြစ်မပေါင်းသင့်ဘူးဆိုတာကတော့ မိမိကိုယ်တိုင်ရဲ့
ဉာဏ်အမြော်အမြင်၊ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်ကြတာသာ ဖြစ်ပါတယ်။
ငယ်စဉ်ဆယ်ကျော်သက်အရွယ်မှာ
မိဘများက မိမိရဲ့ သူငယ်ချင်းများကို မနှစ်သက်လျှင် သူနဲ့ မပေါင်းနဲ့ ၊
သူငယ်ချင်းမဖြစ်နဲ့လို့ တားမြစ်ကြတာကို လည်း အချို့ ကြုံဖူးကြမှာပါ။
လူငယ်ပီပီ အခြားအရာများ ထက် အမှန်တရားသည်သာ အရေးကြီးတယ်၊ ကိုယ်ကောင်းရင်
ခေါင်း ဘယ်မရွေ့ဘူးလို့ ဆင်ခြေနဲ့ မိဘများ တားမြစ်သည်ကို မကြိုက် နှစ်သက်ဘဲ
မိမိသူငယ်ချင်းဘက်မှသာ ရပ်တည်ကြတဲ့အဖြစ်မျိုးတွေလည်းရှိပါတယ်။
မင်းသမီး
Renée Kathleen Zellweger ပါဝင်သရုပ်ဆောင်ပြီး
ရွှေကမ္ဘာလုံးရုပ်ရှင်ထူးချွန်ဆုရရှိခဲ့တဲ့ Bridget Jones's Diary ဆိုတဲ့
ရုပ်ရှင်ကားထဲမှာ Bridget ဟာ ထိုင်းနိုင်ငံကို သူငယ်ချင်းဖြစ်သူနဲ့
သွားရောက်လည်ပတ်ရင်း သူငယ်ချင်းဖြစ်သူကြောင့် သူ မသိလိုက်ဘဲ လေဆိပ်မှာ
မူးယစ်ဆေးဝါးများ သူ့လက်ဝယ်မှာ ဖမ်းဆီးရမိတာကြောင့် ထိုင်းနိုင်ငံမှာ
ထောင်ကျနေခဲ့ပါတယ်။
ဒီရုပ်ရှင်ကနေ ရရှိတဲ့သင်ခန်းစာက
မိမိကိုယ်တိုင် မသိလိုက်ဘဲ သူငယ်ချင်းဖြစ်သူနဲ့ မိမိက အတူတူ
တစ်ခရီးတည်းသွားကြသူတွေမို့ သူငယ်ချင်းဖြစ်သူရဲ့ ပစ္စည်းများထဲမှာပါလာတဲ့
ဘိန်းဖြူဟာလည်း မိမိနဲ့ မဆိုင်ဘဲနဲ့ မိမိကလည်း တရားခံဖြစ်လို့သွားပါတယ်။
ရုပ်ရှင်ထဲတင် သာမကဘဲ အပြင်ဘဝတွေမှာလည်း ဒီလိုအဖြစ်မျိုးတွေရှိပါတယ်။
"
When the character of a man is not clear to you, look at his friends. "
ဆိုတဲ့ ဂျပန်စကားပုံတစ်ခုရှိပါတယ်။ လူတစ်ယောက်ရဲ့ စာရိတ္တကို အလွယ်တကူ
မသိဘူးဆိုရင် သူ့အပေါင်းအသင်းတွေကိုသာ ကြည့်လိုက်ပါဆိုတဲ့အတိုင်း
သူနဲ့အလွန်ရင်းနှီးကျွမ်းဝင်တဲ့ သူ့သူငယ်ချင်းများ ကို ကြည့်ခြင်းအားဖြင့်
သူဟာလည်း ဘယ်လိုလူစားမျိုးလဲဆိုတာကို မှန်းကြည့်လို့ရနိုင်ပါတယ်။
ရင်းနှီးကျွမ်းဝင်စွာပေါင်းသင်းဖို့ဆိုတာက အနည်းဆုံးတော့ မိမိကိုယ်တိုင်နဲ့
တစ်ခုခု ကိုက်ညီတူညီရမှာ မဟုတ်ပါလား။
သူငယ်ချင်းတွေနဲ့
စရိုက်သဘာဝချင်းမတူညီဘဲလည်း အပေါင်းအသင်း ဖြစ်လို့ရတာပဲဆိုတဲ့
ခြွင်းချက်တွေတော့ ရှိပါတယ်။ အရက်သောက်တတ်တဲ့ သူငယ်ချင်းများအကြားမှာ
အရက်မသောက်ဘဲ အမြည်းပဲ စားတဲ့ သူငယ်ချင်းတစ်ယောက် ရှိနေနိုင်ပါတယ်။ ဒါပေမဲ့
အရက်သောက်တဲ့ သူငယ်ချင်းများနဲ့ အရက်မသောက်တဲ့သူဟာ အတူတကွ ကာရာအိုကေ၊
ကေတီဗီတို့ကို အတူတကွသွားတာဖြစ်ပါတယ်။ ဒါဆိုရင် အရက် သောက်တာ၊ မသောက်တာ
မတူညီပေမဲ့ တူညီတာတစ်ခုတော့ ရှိလို့ပါပဲ။
မိန်းကလေးတွေဆိုရင်လည်း
ကိုယ်နဲ့ ဝါသနာ၊ စရိုက်တူညီရာ အပေါင်းအသင်းဖြစ်တတ်ကြပါတယ်။ မိန်းကလေးတွေက
ယောကျ်ားလေး များထက် ပိုလို့ ကိုယ်နဲ့မတူသူကို သူငယ်ချင်းဖြစ်ဖို့
မလွယ်ပါဘူး။ မိန်းကလေးဆိုတာက ပိုလို့ အကဲဆတ်တတ်ကြတဲ့အတွက် ကိုယ်နဲ့
စရိုက်သဘာဝမတူညီတဲ့သူကို သူငယ်ချင်းမဖြစ်လိုပါဘူး။ တကယ်လို့
သူငယ်ချင်းဖြစ်ခဲ့သည့်တိုင် အပေါ်ယံသာ မိတ်ဆွေဖြစ်ပါတယ်။ စိတ်တူ၊ ကိုယ်တူ
သူငယ်ချင်းဖြစ်ဖို့ကတော့ မလွယ်လှပါဘူး။
ယောကျ်ားလေးတစ်ဦးရဲ့
စာရိတ္တနဲ့ ကိုယ်ကျင့်တရားကိုလည်း သူနဲ့ ပတ်သက်ကျွမ်းဝင်နေတဲ့
မိန်းမများကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ မိတ်ဆွေအပေါင်းအသင်း၊
သူငယ်ချင်းဆိုတာဟာ မိမိကိုယ်တိုင် မဟုတ်သော်လည်း မိမိနဲ့
ကျွမ်းဝင်နေသမျှကာလပတ်လုံး မိမိကို အနည်းနဲ့ အများဆိုသလို
ပုံရိပ်ထင်ဟပ်မှာ ဖြစ်တဲ့အတွက် ယောကျ်ားလေးချင်း သူငယ်ချင်း၊
မိန်းကလေးချင်း သူငယ်ချင်း၊ ယောကျ်ားလေး မိန်းကလေး သူငယ်ချင်းများကို
ဆင်ခြင်စဉ်းစားရွေးချယ်သင့်ပါတယ်။
ကိုယ်သာလျှင်
အဓိကပါ...ကိုယ့်စိတ်သာလျှင် အဓိကပါ ။ ဘုရား ၊ ရဟန္တာတွေတောင်မှ
ပြည့်တန်ဆာအိမ် ဆွမ်းစားပင့်ရင် ဆွမ်းစားကြွပါတယ်လို့ ဆိုလျှင်ရပေမဲ့လည်း
ပုထုဇဉ်ဟာ ရဟန္တာ မဟုတ်တဲ့အတွက် တကယ်လို့ ရဟန္တာဖြစ်နေရင်တောင်မှ
လူတွေထဲမှာ လူတွေနဲ့ အတူနေထိုင်နေမှာ မဟုတ်တဲ့အတွက် လူသား ပုထုဇဉ်များ
အနေနဲ့ကတော့ မိမိနဲ့ ပတ်သက်ကျွမ်းဝင်နေရာ မိမိရဲ့ မိတ်ဆွေများရဲ့
ပုံရိပ်တွေကတော့ ထင်ဟပ်နေဆဲ ဖြစ်နေမှာဖြစ်ပါတယ်။
ဟနစံ
၃၀ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၁ ခုနှစ်။
No comments:
Post a Comment