Showing posts with label ကျင့်ဝတ်. Show all posts
Showing posts with label ကျင့်ဝတ်. Show all posts

Wednesday, 1 February 2017

အင်တာနက်နှင့်ကံ ၃ ပါး

ကွန်ပျူတာဆိုတာ မပေါ်သေးတဲ့ ဟိုးရှေးနှစ်တွေတုန်းက လူတွေ ဘယ်လိုများ နေခဲ့ကြသလဲ မသိပါဘူး။ အခုတော့ ကျွန်မမှာ နံနက် ကျောင်းကိုရောက်လျှင် ကွန်ပျူတာကို အရင်ဆုံးဖွင့်ရပါတယ်။ ကျောင်းအီးမေးလ်တွေ ဘာတွေ ဝင်နေသလဲ ။ ဘာ အစည်းအဝေးက ဘယ်အချိန်၊ ဘယ်အခန်းမှာလဲ။ ဘယ်တွေကို သွားရမလဲ။ ဘာတွေကို အစီရင်ခံစာ တင်ရမလဲ …စသည်ဖြင့် အဲဒါတွေက အီးမေးလ်နဲ့သာ စာ အသွား ၊ အပြန်ရှိသည်မို့ ကွန်ပျူတာ မရှိလျှင် ၊ နက်ဝါ့ခ်ကွန်နက်ရှင် ပျက်နေလျှင် ကျွန်မ အတွက်တော့ ကျွန်မကို မျက်စိပိတ်ထားသလို ဖြစ်နေတော့တာပါပဲ။

စာသင်နေရင်းနဲ့ ရှင်းပြလို့ ဘယ်လိုပြောရမလဲ အဆင်မပြေတော့တဲ့အခါ အင်တာနက်မှာ ရှာပြီး ပရိုဂျက်တာနဲ့ ပြလိုက်တော့ ကျောင်းသားတွေ သဘောပေါက်သွား ၊ နားလည်သွားတဲ့အတွက် ကျွန်မ ဝင်တဲ့ စာသင်ခန်းက ကွန်ပျူတာပျက်နေလျှင် ၊ အင်တာနက် မချိတ်လျှင် ၊ ပရိုဂျက်တာ ပျက်နေလျှင် ချက်ချင်းပဲ အိုင်တီဌာနကို ဖုန်းခေါ် အကြောင်းကြားကာ ကွန်ပျူတာနဲ့ အင်တာနက် ကွန်နက်ရှင်ဆိုတာ ကျွန်မအတွက် အရေးကြီးဆုံး ဖြစ်နေတော့တာပါပဲ။

စာသင်မယ့် လက်ချာဆလိုက်တွေ ပါဝါပွိုင့်လုပ်တဲ့အခါမှာလည်း အင်တာနက်က မရှိမဖြစ် လိုအပ်ပါလေရော။ ပုံတွေကို ဆွဲဖို့ဆိုတာ အချိန်ကြာလှ၊ အချိန်ကုန်လှတာမို့ ဆားကစ်ပတ်လမ်းပုံတွေ လိုချင်လျှင် google ဆိုတာက ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်း ဖြစ်နေတော့ တာပါပဲ။ တကယ်လို့များ google ကသာ အသက်ရှိ ဖြစ်ပြီး စကားပြောတတ်မယ်ဆိုလျှင် သူ့ကို ခိုင်းလွန်းတဲ့ ကျွန်မကို ငြိုငြင်စကားတွေ ပြောမှာ အသေအချာပါပဲ။

အိမ်ပြန်ရောက်တော့လည်း ညဘက်ဆိုလျှင် ကွန်ပျူတာဖွင့် ၊ မိတ်ဆွေ ၊ သူငယ်ချင်းများထံမှ လာတဲ့ အီးမေးလ်များကို အကြောင်းပြန်၊ ပို့ပေးလိုက်သော သီချင်းများကို ဒေါင်းလုတ်ဒ် ကာ ၊ သီချင်းနားထောင်ရင်း ကမ္ဘာ့သတင်းတွေကို ဖတ်ရသည်မှာက ညစဉ် ပုံမှန် အလုပ်တစ်ခုပါပဲ။ အင်တာနက်ဆိုတာကို ဆက်သွယ်ရေးလုပ်ငန်း တစ်ခု အဖြစ်ကောင်းကောင်း ကို အသုံးချနေတာပါ။ စာတိုက်ကနေ စာထည့်လျှင် စာရောက်ဖို့က လမ်းမှာ အနည်းဆုံး တစ်ပတ်ခန့်ကြာနိုင်သေးသည်။ စာရောက် မရောက်ကလည်း မသေချာနိုင်။ ခုတော့ ဘယ်လောက်များ ကောင်းပါသလဲ။ တံဆိပ်ခေါင်းလည်း ဝယ်ကပ်စရာမလို ၊ စာတိုက်ကိုလည်း သွားစရာမလို၊ လက်ရေးနဲ့ ချရေးစရာလည်း မလိုတော့ဘဲ မိတ်ဆွေ ၊ သူငယ်ချင်း ၊ ဆွေမျိုးသားချင်းများထံ စာက ခုချက်ချင်းပို့ (ဟိုဘက်ကလည်း အွန်လိုင်းဖြစ်နေလျှင် ) ခုချက်ချင်း ရောက်သွားတာ ဘယ်လောက် အကျိုးကျေးဇူးများပါသလဲ လို့တွေးမိကာ ကွန်ပျူတာနှင့်အင်တာနက် ဆိုတာကို ကျေးဇူးတင်မိနေတော့တယ်။

ဒါတင်မကသေးပါဘူးလေ။ ယဟူး ၊ အမ်အက်စ်အန်၊ ဂျီတော့ခ် ဆိုတဲ့ မက်ဆန်ဂျာတွေကနေ တဆင့် ဘယ်လောက်ပဲ ဝေးကွာနေစေဦးတော့ စကားတွေ ပြောနိုင်ပြီး ဖုန်းခ လည်း အကုန်သက်သာနေတာပေ့ါနော်။ ဒီလောက် အကျိုးများတဲ့ အင်တာနက်ကိုသုံးစွဲနေရင်းနဲ့ ကျွန်မတို့ဟာ ကံ ၃ ပါးကို ကျူးလွန်တတ်ကြတယ်ဆိုတာ တွေးမိပြန်ပါတယ်။

ဟိုယခင်က( လွန်ခဲ့တဲ့ ၄ နှစ်လောက်က) အထက်တန်းပြဆရာမ အဖြစ် အချိန်ပိုင်း အလုပ်လုပ် နေစဉ်က အားလပ်ချိန် အထိုက်အလျောက် ရရှိတာမို့ မြန်မာမိတ်ဆွေများနဲ့ မြန်မာစကားတွေ ပြောချင်တဲ့အတွက် ချက်ရွမ်း (chatroom) ဆိုတာကို ဝင်ခဲ့မိပါတယ်။ နစ်နိမ်း ( nick name)၂၀ သာ စကားပြောနိုင်တဲ့ ချက်ရွမ်းမှာ မသိတဲ့သူရော ၊ သိတဲ့ ကိုယ့်မိတ်ဆွေ တွေရောနဲ့ ချက်တင်း (chatting) လုပ်ခဲ့တဲ့ ကာလများမှာ ကံ ၃ ပါး ကို မစောင့်ထိန်းနိုင်ခဲ့ပါဘူး။ ကျွန်မက သူတပါးအကြောင်း ကိုယ်ရေးကိုယ်တာ တွေကို မမေးတတ်သလို ကျွန်မကို လာမေးလျှင်လည်း စိတ်လိုလျှင် ပြောတတ်ပြီး ၊ စိတ်မလိုလျှင် မပြောတတ်တာ ကျွန်မအကျင့်ပါပဲ။ (ငယ်စဉ်ကတည်းက တစ်တန်းတည်း လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းရဲ့ အဖေ နာမည် ၊ အလုပ်ကို မသိခဲ့တာ တက္ကသိုလ် နောက်ဆုံးနှစ်မှ သိတဲ့ ကျွန်မက အဲ့လောက်ထိကို ပတ်ဝန်းကျင်လေ့လာမှု အားကောင်းတာပါပဲ။) ပြောပြသလောက်သာ သိခဲ့ပြီး မပြောပြရင် မမေးတတ်တာလည်း ကျွန်မ အကျင့်ပါပဲ။ ပွင့်လင်းတယ်လို့ ထင်ရပေမယ့် ကိုယ့်အကြောင်းတွေကို မေးရင် မပြောချင်ဘဲ ၊ မမေးတဲ့ မစပ်စုတဲ့သူကိုသာလျှင် အမှန်ပြောပြဖြစ်တဲ့ ကျွန်မရဲ့ ဂွတီးဂွတ စိတ်ကြောင့် ချက်ရွမ်းတို့ ထုံးစံ အေအက်စ်အယ်လ် (A, S , L) ဆိုပြီး လာမေးရင် ကျွန်မက ပြောချင်တာတွေ လျှောက်ပြောလိုက်တော့တာပါပဲ။ ကျွန်မက သူများအကြောင်း၊ ကိုယ်ရေးကိုယ်တာကို မေးတာတွေကို မနှစ်မြို့လှဘူး။
ကျွန်မကိုယ်တိုင်က သူတစ်ပါးကို ကျောထောက်နောက်ခံအနေအထားတွေထက် သူ့ကိုယ်ပိုင်လက်ရှိ အရည်အချင်း၊ သူ့ အစွမ်းအစကိုသာ နှစ်လိုခင်မင်ချင်စိတ်ရှိသူ၊ မိတ်ဆွေများရဲ့ မိဘ အသိုင်းအဝိုင်းကို ကျွန်မ စိတ်မဝင်စားဘဲ မိတ်ဆွေများရဲ့ လက်ရှိအခိုက်အတန့်ကာလလေးကိုသာ စိတ်ဝင်စားတတ်တဲ့ ဘုကျကျ တစ်ယောက်ပါ။

ရန်ကုန်မှ မောင် ၊ ညီမဝမ်းကွဲလေးများ၊ မိတ်ဆွေများနဲ့ ချက်ရွမ်းမှာ ချိန်းပြီး စကားပြောခဲ့ကြပါတယ်။ ကိုယ ်တစ်ခါမှ မသိဖူးတဲ့ သူတွေနဲ့လည်း စကားပြောဖြစ်ခဲ့တယ်။ ကြာလာတော့ ကိုယ်နဲ့ ချက်တင်း လုပ်နေတဲ့သူကို ယုံကြည်သလိုဖြစ်လာတော့မှ အမှန်တွေကို ပြောဖြစ်တယ်။ မမေးလျှင်လည်း မပြောတတ်၊ သူများကိုလည်း မမေးတတ်တဲ့ ကျွန်မက တစ်ခါတစ်ရံမှာ ချက်ရွမ်းမှာ ဂွကျကျ ၊ ဘုကျကျ တစ်ယောက်ပဲဖြစ်နေခဲ့တယ်။ အသက် ၆၀ ကျော်ပြီလို့ ပြောလိုက်တဲ့အခါလည်းရှိရဲ့ ။ ကလေး ၆ ယောက်အမေပါ လို့ပြောလိုက်တဲ့အခါလည်း ရှိရဲ့ ။ ကလေး တစ်ယောက်နေမကောင်းလို့ ဆရာဝန်သွားပြမလို့ ဆိုကာ ကိုယ် မအားလို့ လော့တ်အောက် (log out) လုပ်ချင်တာကို အကောင်းမပြောဘဲ အဲလို နောက်ပြောင်လိမ်ညာ ပြောဖြစ်ခဲ့တာမျိုးလည်း ရှိရဲ့ ။

အဲဒီလို ကျွန်မက နောက်ပြောင်ပြောလိုက်တာက အသေးအဖွဲလေး ၊ ဘာမှ မဖြစ်ဘူးလို့ ကျွန်မက ထင်ပေမယ့် တကယ်တန်းကျတော့ ကျွန်မက အဲဒီလိုပြောဖို့ကို အရင် စိတ်မှာ ကြံစည်တွေးတောတယ်။ မဟုတ်တာ မမှန်တာကို အရင်တွေးတော့ မနောကံ၊ နောက် အဲဒါကို လက်ကနေ ကွန်ပျူတာကီးဘုတ် (computer keyboard) ပေါ်မှာ ချရိုက်လိုက်တော့ ကာယကံမြောက် ကျူးလွန်တဲ့ ကာယကံ ။ (တော်သေးတာက ချက်ရွမ်းမှာက ဂျီတော့ခ် ၊ ယဟူးမက်ဆန်ဂျာတို့မှာလို ဖုန်းခေါ် စကားပြောလို့မရလို့ ၀စီကံ မပါတာ။ ဂျီတော့ခ်ကနေ လိမ်ညာလှည့်စားသူတွေ အတွက်ဆိုလျှင်တော့ ၀စီကံပါ ပါပေတော့မှာပေ့ါနော်။ ) အဲဒီတော့ ဘာမှ မဟုတ်တဲ့ ကိစ္စလေးမှာ ကျွန်မဟာ ကံ ၃ ပါးထဲက ၂ ပါးကို ကျူးလွန်မိတာပါပဲ။ ဒါဆိုရင် ချက်ရွမ်း မဝင်တာကမှ ကျွန်မ အတွက် ငရဲကျ သက်သာပါဦးမယ်။ ဒါပေမယ့် မိတ်ဆွေ ၊ အပေါင်းအသင်းများနဲ့ ဖုန်းခ မကုန်ဘဲ ဆက်သွယ်လို့ရတယ်။ အချိန်းအချက်တွေ လုပ်လို့ရတယ်။ မသိတာတွေ ရှိရင် တစ်ယောက်ယောက် ကို လှမ်းမေးလိုက်လို့ရတယ်။ မြန်မာစကားကို နေ့စဉ် ပြောလို့ရတယ် ဆိုတဲ့ အကျိုးတွေကြောင့် ချက်ရွမ်းဆိုတာကို အားရင် အားသလို ဝင်နေခဲ့ဖြစ်တာ ပါပဲ။

ချက်ရွမ်းမှာ ရလာခဲ့တဲ့ သူငယ်ချင်းအသစ်တွေဟာ ယခုအချိန်မှာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေလည်း ဖြစ်နေပါတယ်။ အခုဆိုရင် ကျွန်မရဲ့ မြန်မာ မိတ်ဆွေအတော်များများဟာ အွန်လိုင်းမှာ စသိခဲ့သူတွေဖြစ်ပြီး အပြင်မှာပါ တကယ့် မောင်နှမ ရင်းချာတွေလို ခင်မင်သွားကြတာတွေလည်း ရှိပါတယ်။ ခုထိ မမြင်ဖူးသေးဘဲ အွန်လိုင်းမှာတင်သာ သိနေရပြီး အကူအညီလိုလျှင် အမြဲပေးတတ်တဲ့ မိတ်ဆွေကောင်းတွေလည်း ရှိပါတယ်။ ကျွန်မက နောက်တီး နောက်တောက်လဲ အင်မတန်ရှိလေတော့လည်း ရန်လည်း ဖြစ်တဲ့ အခါတွေလည်းရှိတယ်။ အဲလို ရန်ဖြစ်တဲ့အခါ အပြင်လက်တွေ့ဘဝမှာတကယ်မဟုတ်ပေမယ့် virtual world ဆိုတဲ့ အွန်လိုင်းမှာ အခိုက်အတန့်လေး ဒေါသဖြစ်သွားရတယ်။ အခိုက်အတန့်လေး ဆိုပေမယ့် ဒေါသဆိုတာ ပူလောင်ဆူဝေ တာပါပဲ။

အင်တာနက်ဆိုတာက ကျွန်မအတွက် အကောင်းတွေကိုလည်း ပေးပါတယ် ။ အဆိုးတွေကိုလည်း ပေးပါတယ်။ ဒါပေမယ့် ကိုယ်က ယူမှ ဖြစ်တာမလား။ ကိုယ်တိုင် ဆင်ခြင်မိတဲ့အခါမှာ အင်တာနက်မှာပဲ ဆိုပေမယ့် ကိုယ် မလိမ် မညာမိအောင် ကြိုးစားနေပြီး ကိုယ်မပြောချင်တာဆိုရင် မပြောဘဲနေလို့ရတာပဲ။ ဘာမှမလုပ်ရင် ဘာမှ ဖြစ်မှာ မဟုတ်ဘဲ အွန်လိုင်းလုပ်မှ ကံတစ်ပါးပါး ကျူးလွန်မိတယ်ဆိုတဲ့ အဖြစ်မျိုး မဖြစ်ရအောင် အင်တာနက်ကို အကျိူးရှိတဲ့ဘက်မှာပဲ တတ်နိုင်သလောက် အသုံးချလိုက် ပါတော့တယ်။

အဝေးရောက်စာဖတ်သူ၊ အီးဘွတ်ခ်နှင့် မူပိုင်ခွင့်

 
 
 
 
ကျွန်မတို့ မြန်မာပြည်ကနေ အဝေးရောက်နေခိုက်မှာ ပြည်တွင်းမှာ ထွက်ရှိတဲ့ စာအုပ်တွေကို လက်လှမ်းမမီလို့ ဝယ်မဖတ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ထုတ်ဝေပြီးစာအုပ်တွေကို scan ဖတ်၊ pdf ပြောင်းပြီး webiste တွေမှာ တင်ထားကြလို့ ကျွန်မတို့တွေ လွယ်လင့်တကူဖတ်နိုင်ပါတယ်။ ဒီအတွက်လည်း စေတနာနဲ့ အချိန်ကုန်ခံ ၊ အလုပ်ရှုပ်ခံပြီး တင်ထားပေးတဲ့ website ရှင်များကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်မယ်ဆိုရင် ဒီအီးဘွတ်ခ်တွေကို တင်ထားတာ စာအုပ်ထုတ်ဝေသူရဲ့ ခွင့်ပြုချက်နဲ့ပါလား။

စာအုပ်တွေမှာ မူပိုင်ခွင့်လိုင်စင်အမှတ်ဆိုတာလေးရော ဖတ်မိကြပါရဲ့လား။ ဒါဘာအတွက်ထည့်သွင်း ဖော်ပြထားတာပါလဲ ဆိုတာကို ဆက်လို့ တွေးမိကြပါရဲ့လား။ အဲဒီစာအုပ်တွေရဲ့ မူပိုင်ဟာ ထုတ်ဝေသူပါ။ ထုတ်ဝေသူမှာ ထုတ်ဝေခွင့်နဲ့ မူပိုင်ခွင့်လိုင်စင်ရှိပါတယ်။ အဲဒီအတွက် စာအုပ်တွေကို သူ ထုတ်ဝေ ရောင်းချပါတယ်။ အဲဒီစာအုပ်တွေကို ကူးယူပြီး ဖော်ပြတာဟာ သူတစ်ပါး ပိုင်ဆိုင်ခွင့်ကို ခိုးယူတာနဲ့ မခြားပါဘူး။

ဒါပေမဲ့လည်း စေတနာအရင်းခံနဲ့ စာချစ်သူများစာအုပ်များကို လွယ်လင့်တကူဖတ်နိုင်ဖို့ လုပ်ဆောင်ပေးတာ ဖြစ်တဲ့အတွက် စာဖတ်သူ (လူများစု)အတွက် အဆင်ပြေတဲ့အတွက် အားလုံးက နှစ်သက်ကြပါတယ်။ ခုချိန်ထိလည်း ထုတ်ဝေသူများဘက်မှနေပြီးတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တရားစွဲဆိုတာ ၊ ပြောဆိုလာတာ တွေ သတင်းများမဖတ်ရမိသေး၊ မကြားမိရသေးပါဘူး။ ဒါကတော့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ စရိုက်လေးပဲဖြစ်ပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့၊ ဥပဒေကို ပမာမခန့်ပြုတဲ့ ချစ်စရာကောင်းတဲ့ စရိုက်လေးလို့ ဆိုရမှာပေ့ါ။ အခြားတိုင်းပြည်များမှာတော့ ထုတ်ဝေသူထံမှ ခွင့်ပြုချက် မရရှိဘဲ အဲဒီလို ကူးယူတင်ပြထားရင် ထုတ်ဝေသူဘက်က တရားစွဲဆိုတဲ့အခါ တင်ထားတဲ့သူက ဒေါ်လာသန်းနဲ့ချီပြီး လျော်ကြေးပေးရတာတွေကို သတင်းများမှာ ဖတ်မိဖူးပါတယ်။


ကျွန်မတို့က မြန်မာပြည်ကနေ အဝေးကိုရောက်နေခိုက်မှာ စာငတ်သူများပီပီ မြန်မာအီးဘွတ်ခ်စာအုပ်များကို အသာငမ်းငမ်းဖတ်ရှုကြပါတယ်။ ဒီလိုဖတ်ရှုခြင်းဟာ တရားဥပေဒကိုချိုးဖောက်နေတာဆိုပေမယ့်လည်း စာအုပ်စာပေ လူ့မိတ်ဆွေ၊ အလိမ္မာ စာမှာရှိ စသည်ဖြင့် ကျွန်မတို့ကိုယ် ကျွန်မတို့ ဆင်ခြေတွေပေးနေကြ ပါတယ်။

မူပိုင်ခွင့်ရှိပြီး စာအုပ်များကို အီးဘွတ်ခ်များအဖြစ်၊ သီချင်းများကို အမ်ပီသရီးများအဖြစ် အင်တာနက်မှာ ဖြန့်ဝေထားတာတွေကို ဝေမျှသူကို ကျေးဇူးအထူးတင်ရှိမိပေမဲ့လည်း ထုတ်ဝေသူ ခွင့်ပြုချက်နဲ့ ဝေမျှတာ ပါလားဆိုတာကို နောက်ဆက်တွဲ တွေးမိပြန်ပါတယ်။


တကယ်လို့များ ဒီလို ထုတ်ဝေသူ ခွင့်ပြုချက်မရဘဲ စာအုပ်များကို အီးဘွတ်ခ်များအဖြစ် တင်ထားပေးတာ ဟာ ဥပဒေနဲ့ မလွတ်ကင်းဘူး၊ ထုတ်ဝေသူဘက်က တရားစွဲမယ်ဆိုရင် ကျွန်မတို့တွေက ထုတ်ဝေသူကို လောဘသမားကြီး၊ စေတနာမထားတဲ့သူကြီး စသည်ဖြင့် လူပီပီ တစ်ကိုယ်ကောင်းဆန်စွာ ကိုယ့်အတ္တနဲ့ ကိုယ် သူတစ်ပါးကို ပြောဆိုမိဦးမှာပါပဲ။ လူပဲလေ။ ကိုယ့်အတ္တကိုသာ အခြေခံမူတည်လို့ သူတစ်ပါးကို ပြောဆိုကြတာပါပဲ မဟုတ်လား။ တကယ်တော့ မှားနေတာက ကျွန်မတို့ပါ။ တရားဥပဒေချိုးဖောက်မှုကို အားပေး အားမြှောက်ပြုနေတာက ကျွန်မတို့ပါ။ ဒါပေမဲ့လည်း.......



အခြားတိုင်းပြည်များမှ စာအုပ်များလို အွန်လိုင်းဝယ်ယူဖတ်ရှုဖို့ မလွယ်ကူခြင်း၊ အွန်လိုင်းအရောင်းအဝယ် စီးပွားရေးစံနစ် မထွန်းကားသေးခြင်းတို့ကြောင့် ငွေပေးကာ ဝယ်ယူချင်ရင်တောင်မှ ဝယ်ယူဖို့ မလွယ်ကူလေတော့ ဒီလို အီးဘွတ်ခ်အသွင်နဲ့ ဖတ်နေရာတာကိုကပဲ ဆုလဒ်ကြီးတစ်ပါး ဖြစ်နေတာကိုး။


ကျွန်မတို့က အီးဘွတ်ခ်တွေ တင်ထားပေးတဲ့ စေတနာရှင်များကို အလွန်ပင်ကျေးဇူးတင်ပါတယ်။ ဒါဆိုရင်...ဒါတွေကို သိပေမယ့်လည်း ဘာတစ်ခွန်းမှ မထုတ်ပြောသူ၊ တရာစွဲဆိုခြင်းမရှိသူ ထုတ်ဝေသူများ ကိုလည်း အင်မတန်ကျေးဇူးတင်ပါတယ်။

ထုတ်ဝေသူဘက်က ဒါတွေဟာ တရားစွဲဆိုလို့ ရတဲ့ဟာတွေမို့ သူ့ မူပိုင်ခွင့်နဲ့ စာအုပ်တွေကို အီးဘွတ်ခ်အဖြစ် မတင်ပြရပါဘူး၊ တင်ပြရင် တရားစွဲဆိုမယ်လို့ ဆိုလာရင်ရော...ဒါ သူမှန်တဲ့အတွက် ၊ ဥပဒေအရ အမှန်ဖြစ်တဲ့အတွက်၊ ကိုယ်ကျင့်တရားအရလည်း အမှန်ဖြစ်တဲ့အတွက် ထုတ်ဝေသူဟာ သူလုပ်သင့်လုပ် ထိုက်တာကို လုပ်တာဖြစ်တဲ့အတွက် ကျွန်မတို့က နားလည်မှာပါပဲ။


ကျွန်မတို့မှာ စျေးဆိုင်တစ်ခု ရှိတယ်ဆိုပါစို့။ ကျွန်မ ရောင်းနေတဲ့ စျေးဆိုင်က ရောင်းနေတဲ့ ကုန်ပစ္စည်းကို သူများက ကျွန်မ မသိအောင် လာယူပြီး သူတစ်ပါးတွေကို ဝေမျှပေးနေတာမျိုး၊ အလှုလုပ်နေတာမျိုးကို ကျွန်မတို့ ဘယ်လို တုံ့ပြန်ဖြစ်မလဲဆိုတာကို ဆက်လက်တွေးတောမိနေပါတော့တယ်။


နိုင်ငံတကာဆိုင်ရာ မူပိုင်ခွင့်နဲ့ ပတ်သက်သည်များကို အောက်ပါ လင့်ခ်များတွင် ဖတ်ရှုလေ့လာနိုင်ပါတယ်။


http://en.wikipedia.org/wiki/Copyright

http://www.wipo.int/ip-development/en/creative_industry/pdf/868.pdf

http://www.wipo.int/about-ip/en/


                                                                                                         ဟနစံ
                                                                                       ၇ရက်၊ မတ်လ၊ ၂၀၁၁ ခုနှစ်။

လူနှင့်ဆိုရှယ်မီဒီယာ

ယနေ့ခေတ်ကာလတွင် internet မှာ စာရေးခြင်းဖြင့် citizen journalistဆိုတာ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။


internet ကို အသုံးပြုပြီး blog ၊ forum ရေးသားပြီး သတင်းတွေ ဖြန့်ဝေ မျှဝေပြီးနေတဲ့သူတွေ ကcitizen journalist တွေပါပဲ။ ခုဆို ကမ္ဘာကြီးပူနွေးလာလို့ ရာသီဥတုသဘာဝဘေးတွေအတွက် ကြိုတင် ကာကွယ်မှုတွေဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းတွေ၊ ကျန်းမာရေးအတွက် ရေကောင်းရေသန့် သောက်သုံးဖို့တွေလိုမျိုးက အစ ကျန်းမာရေး၊ ပညာရေး ၊ စီးပွားရေး၊ လူမှုရေး ၊ အလှအပရေးရာ စတဲ့ သတင်းတွေကို blog ရေးသားပြီးလည်းကောင်း၊ forum မှာ post များရေးသားပြီးလည်းကောင်း ဝေမျှ ဖြန့်ဝေနေတဲ့သူတွေ ...သူတို့ကတော့ ဝေမျှချင်တဲ့စေတနာလေးနဲ့ ရေးသားတာဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ citizen journalistဖြစ်မှန်းမသိဘဲ ဖြစ်နေကြတာကိုလည်း သိချင်မှ သိကြပါမယ်။






social media တွေရဲ့ အားသာချက်ကတော့ ကမ္ဘာအရပ်ရပ်မှာဖြစ်နေတဲ့ အဖြစ်တွေကို သတင်းတွေကို internet ကနေ ချက်ချင်းသိနိုင်တာပါပဲ။ ဥပမာ မြန်မာပြည် ပြင်ပမှာ နေထိုင်သူတစ်ဦးက ပြည်တွင်းက ခရီးသွားလာစရိတ်လိုမျိုး၊ ရွှေစျေးနှုန်းလိုမျိုးကို သိချင်တယ်ဆို forumတွေမှာ မေးလိုက်ပြီး ကူညီချင်သူက ပြန်ဖြေတဲ့အခါမှာ ဒါကလည်း သတင်းဖြစ်သွားတယ် ဆိုတော့ အချိန်မဆိုင်းဘဲ ချက်ချင်းပဲ သိလိုတာတွေကို သိရပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အကူအညီများ လိုအပ်တဲ့အခါမျိုးမှာလည်း social media တွေကို အသုံးပြုပြီးတော့ တတ်သိနားလည်သူတွေကို မေးမြန်းနိုင်ပါတယ်။



social media တစ်ခုဖြစ်တဲ့ Facebook လိုမျိုးမှာကျတော့ ပုဂ္ဂလိက ဖွဲ့ထားတဲ့ စာကြည့်တိုက်လိုမျိုး၊ ebook စုဆောင်းတင်ပြသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ စတာတွေကြောင့် သုံးစွဲသူ စာဖတ်သူအနေနဲ့က မိမိသိလိုတာတွေကို သိနိုင်ပါတယ်။ ကျောင်းသားတွေအနေနဲ့ ဖတ်ချင်တဲ့စာအုပ်ကို စာကြည့်တိုက်ကို သွားရှာစရာမလိုတော့ဘဲ facebook မှာ စေတနာရှင်များ မျှဝေပေးထားတဲ့ ebook များကို ဖတ်ရှုနိုင်ပါတယ်။ google ကနေ ရှာမယ်ဆို ကိုယ်လိုချင်တဲ့စာအုပ်ကို ကွက်တိ ရချင်မှ ရမယ်။ စာတမ်းရေးလို့ ကိုယ့် စာတမ်းအတွက် ကိုးကား ဘာစာအုပ်လိုချင်တယ်ဆိုတာမျိုးရေးတင်ထားလိုက်တဲ့ခါ ကူညီချင်သူတွေ ၊ သူတို့မှာလည်း အဲဒီ စာအုပ် ရှိနေသူတွေက ပြန်လည် ဝေမျှပြီးတော့ အားလုံးအတွက် အဆင်ပြေလှပါတယ်။


ရုပ်ရှင် ဂီတ အနုပညာရှင်တွေ အနေနဲ့လည်း သူတို့ရဲ့ ပရိသတ်နဲ့ အမြဲထိတွေ့ခွင့်ရသလို ပရိသတ် fan အင်အားကို facebook မှာ fan page ပြုလုပ်ပြီးတော့ စုဆောင်းနိုင်ပါတယ် ။








                                                                                               ဟနစံ
                                                                                    ၁၀ ရက်၊ မေလ၊ ၂၀၁၀ ခုနှစ်။

တာဝန်

ကျွန်မတို့ပတ်ဝန်းကျင်မှာ လူအမျိုးမျိုးကိုတွေ့မြင်နေရပါတယ်။ ဘဝမှာ အောင်မြင် နေတဲ့သူတွေရော ၊ မအောင်မြင်တဲ့သူတွေရော ၊ လောကဓံ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဘဝမှာနိမ့်ချည် ၊ မြင့်ချည်နဲ့ ရုန်းကန်လှုပ်ရှားနေကြရတဲ့သူတွေကိုရောပေ့ါ။


အောင်မြင်မှုကိုရရှိနေတဲ့ ၊ အောင်မြင်နေတဲ့သူတွေအကုန်လုံးဟာ သူတို့တွေ တစ်ခုခုကို လိုချင်ရင် လုပ်သင့်တဲ့ လိုအပ်တဲ့အရာမှန်သမျှကိုလုပ်ရမယ်ဆိုတာကို နားလည် သဘောပေါက်ထားကြသူများ ဖြစ်ပါတယ်။ဒီအလုပ်ကိုလုပ်ရင် ဘာဖြစ်လာမယ်။ မလုပ်ရင်ဘာဖြစ်လာမယ်ဆိုတာကို ကောင်းစွာသဘောပေါက်ထားကြသူများြဖစ်ပါတယ်။


ကိုယ်လုပ်လိုက်တဲ့အလုပ်ကြောင့် အနာဂတ်မှာဘာဖြစ်လာမယ်ဆိုတာကို ကြိုတင် မျှော်မှန်း တွက်ဆထားနိုင်ကြသူများဟာ ဘဝမှာအောင်မြင်သူများဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် လူသားတို့သဘာဝအရ သူတစ်ပါးအောင်မြင်ရင် ဒါ သူကံကောင်းလို့ ။ ကိုယ်က မအောင်မြင်တဲ့အခါမှာ သူတစ်ပါးအမှားကြောင့် ကိုယ်မအောင်မြင်ရတာ ဆိုပြီး ပြောဆို နေတတ်ကြပါတယ်။ တကယ်တော့ လူသားဘဝမှာ အကြောင်းကြောင့် အကျိုးဖြစ်လာ ရတာချည်းပါပဲ။



လူတစ်ဦးဟာရင့်ကျက်ပြီး သက်ရောက်မှုတိုင်းကို ကောင်းမွန်စွာ တုန့်ပြန် နိုင်တဲ့ အရည် အသွေးရှိတယ် ဆိုရင် ဘဝမှာအဆင်ပြေပြေနေထိုင်နိုင်တာပါပဲ။ ဒါ့အပြင် ကျွန်မတို့ တစ်ဦးချင်းစီမှာ ဘာတွေတာဝန်ရှိသလဲဆိုတာကိုသိမြင်ထားမယ်ဆိုရင် လူ့အသိုင်းအဝိုင်း မှာနေလို့ ထိုင်လို့ကောင်းပါတယ်။ဒါဆိုရင် ဘာတွေတာဝန်ရှိပါသလဲ။ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထားအတွက် ကျွန်မတို့မှာပဲတာဝန်ရှိပါတယ်။


သိပ်ကိုဆိုးရွားလွန်းတဲ့အခြေအနေတွေမှာတောင် ကျွန်မတို့ရဲ့ စိတ်ကို ထိန်းချုပ် ထားနိုင်မယ် ဆိုရင် လူထဲမှာအဆင်ပြေတာပါပဲ။ ဥပမာ ကားမောင်းသွားရင်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် အလုပ်ချိန်မမီ မှာစိုးတဲ့အတွက် ကိုယ့်ကားအရှေ့မှာပိတ်နေတဲ့ ကားတွေကို ဟွန်း အဆက် မပြတ်တီးတာမျိုး ၊ အော်ဟစ်မယ် ဆိုတာမျိုးကို သင်လုပ်မလား။ ဒါမှမဟုတ် ကားလမ်း ရှင်းအောင်စောင့်ရင်း အေးအေးဆေးဆေး ကားထဲမှာ သီချင်း နားထောင်ရင်း အခြား သူများ ဘာတွေလုပ်နေကြတယ် ဘယ်လိုပြုမူနေကြတယ်ဆိုတာကို ကြည့်မလား။ ကြိုက်ရာကိုရွေးလို့ရပါတယ်။ မိမိသဘောပါပဲ။ ကိုယ့်ရဲ့စိတ်နေစိတ်ထား အတွက်ရရှိလာမယ့်အကျိုးဆက်ကို ကိုယ်ပဲခံစားရမှာပါပဲ။ ကိုယ့်ကားရဲ့အရှေ့မှာ ပိတ်နေ တဲ့ကားတွေကိုစိတ်ဆိုးပြီး အော်ဟစ်မယ် ။



စိတ်တို ဒေါသထွက်မယ်ဆိုရင် ကိုယ့်ရဲ့ရုပ်ပိုင်း ဆိုင်ရာကျန်းမာရေးကို အနည်းငယ် ထိခိုက်နိုင်ပြီး စိတ်ဆိုး စိတ်တို လွယ်တဲ့ အလေ့အကျင့်ဖြစ်လာမှာပါပဲ။ အဲဒီတော့ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထား အတွက် တာဝန် အရှိဆုံးက မိမိကိုယ်တိုင်သာပါပဲ။


လူဆိုတာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ကိုယ့်ရွေးချယ်မှုအတွက် ကိုယ့်မှာသာ တာဝန်ရှိပါတယ်။ နောက်တစ်ခါ ကျွန်မတို့ရဲ့ ပြုမူလှုပ်ရှားမှုတွေအားလုံးအတွက်လည်း ကျွန်မတို့ ကိုယ်တိုင်မှာ သာတာဝန်ရှိနေပြန်ပါတယ်။ တစ်ခုခုမကောင်းတာဖြစ်လာခဲ့ရင် အဲဒါဘယ်သူ့ကြောင့် ၊ ဘယ်ဝါ့ကြောင့် ၊ ဘယ်သူ့မှာတာဝန်ရှိတယ် ၊ ဘယ်သူ မကောင်းလို့ဖြစ်ရတာ စသည်ဖြင့်အပြစ်တင်ပြောဆိုနေကြပါတယ်။ တကယ်တော့ မိမိကိုယ်တိုင်မှာသာလျှင် တာဝန်ရှိပါတယ်။ ဘယ်သူ ဘယ်ဝါ့ကြောင့်ရယ်လို့ သူတစ်ပါးကို လက်ညှိုးထိုး အပြစ်ဖို့ နေမယ့်အစား မိမိကိုယ်တိုင်ကရော ဘယ်လောက်ကောင်းနေသလဲ ပြန်ကြည့်ဖို့လိုပါတယ်။ မိမိကိုမိမိ ပြန်လည်သုံးသပ်ဆင်ခြင်ကြည့်ပါ။


လူတွေဟာတစ်ဦးချင်းစီမှာ တာဝန်သိစိတ်ရှိမယ်ဆိုရင် လူတစ်ဦးချင်းစီပေါင်းစုဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမှာလည်း တာဝန်သိစိတ်တွေနဲ့အတူ လူ့ဘောင်လောက ကြီး တိုးတက် သာယာလာမှာပါပဲ။ ကမ္ဘာကြီးတစ်ဘက်မှာ အငြိုးအတေးအဃာတတွေကြောင့် စစ်ပွဲတွေဖြစ်ပွားနေကြတာ ကိုယ့်ကိုသူကဘယ်လိုလုပ်လို့ ကိုယ်ကပြန်လုပ်တယ်။ သူကအဲသည်လိုလုပ်လို့ ကိုယ်ကပြန်လုပ်တယ် စသည်ဖြင့် ကလဲ့စားချေခြင်း၊ အငြိုးအတေးအ ဃာတကြီးမား နေခြင်းများနှင့်အတူ အပြစ်ဖွဲ့ပုံခြင်းများကြောင့် မငြိမ်းအေးနိုင်ကြဘဲ ပြဿနာများတစ်စတစ်စ ပိုလို့ကြီးထွားလာကြပါတယ်။



ကမ္ဘာလောကကြီးသာယာငြိမ်းအေးဖို့ရာ လူတစ်ဦးချင်းစီမှာ ၊ လူတိုင်းမှာ တာဝန်ရှိတယ် ဆိုတာကို မေ့လျော့နြေကပြီး ကလဲ့စားချေလိုမှု နဲ့ အာဃာတ တွေကိုသာရှေ့တန်းတင်နေကြခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ သေကြေ ပျက်စီးရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူမျိုးရေး ၊ ဘာသာရေး အငြင်းပွားမှုများနဲ့ စတင်လိုက်တဲ့ စစ်ပွဲတွေဟာ ယနေ့အချိန်ထိကိုမပြီးဆုံးနိုင်ကြသေးပါဘူး။


ဒီလိုမျိုးအဖြစ်တွေဆက်လက်ဖြစ်နေတာဟာ ဘယ်သူဘယ်ဝါ့ကြောင့်ရယ်လို့ တစ်ဦးကိုတစ်ဦး လက်ညှိုးထိုးအပြစ်ပုံဖွဲ့နေကြခြင်းကြောင့်ဖြစ်ပါတယ်။ မည်သူမည်ဝါကြောင့်ရယ်လို့ အပြစ်မဖွဲ့ဘဲ လူတစ်ဦးချင်းစီမှာ သစ္စာစောင့်သိစိတ်၊ တာဝန်ယူလိုစိတ်များသာရှိမယ်ဆိုရင် သာယာအေးချမ်းတဲ့ ကမ္ဘာကြီးဖြစ်လာမှာမလွဲမသွေပါပဲ။


                                                                                                             ဟနစံ

                                                                                                ၂၁ ရက်၊ မေလ၊ ၂၀၀၉ ခုနှစ်။

အင်တာနက်မှ ကူးယူခြင်း၏ နောက်ဆက်တွဲ ကျင့်ဝတ်ချိုးဖောက်မှုများ

အွန်လိုင်းပေါ်မှာ စာရေးတယ်ဆိုတာက အခမဲ့ ဖြန့်ဝေခြင်းပါပဲ။ ဒီလို အခမဲ့ဖြန့်ဝေနေတဲ့အတွက် အခမဲ့ ကူူးယူခွင့်ရှိပါသလား ဆိုတဲ့ မေးခွန်းမျိုး စိတ်မှာ ဖြစ်ပေါ်လာရပါတယ်။ စာရေးတယ်ဆိုတာက မိမိရေးတဲ့စာကို ဖတ်ကြတယ်ဆိုရင် ကျွန်မတို့ရဲ့ စာရေးရခြင်း ရည်ရွယ်ချက် အောင်မြင်သွားတာပါပဲ။ ဒါထက်ပိုလို့ ကိုယ်ရေးတဲ့စာဟာ စာဖတ်သူအတွက် တစုံတရာ အကျိုးကျေးဇူး ရရှိသွားမယ်ဆိုရင် စာရေးသူရဲ့ စာရေးရခြင်း ရည်ရွယ်ချက် ပိုမိုအောင်မြင်တာပါပဲ။
မိမိရေးလိုက်တဲ့စာ၊ အခမဲ့ မျှဝေထားတဲ့စာကို သူတပါးက အခမဲ့ ကူးယူပြီး ထိုစာကို သူတစ်ပါး၏ အတွေးအခေါ် ဉာဏ်ပညာတို့ အတွက် တစုံတရာ အကျိူးရှိအောင် သုံးတယ်ဆိုရင် မည်သည့် စာရေးသူ မဆို ဝမ်းမြောက်ပျော်ရွှင်ကြမှာပါပဲ။ ဒါပေမယ့် ကျွန်မတို့က စာဖတ်သူတွေကို အခမဲ့ ဖြန့်ဝေသော်လည်း ကျွန်မတို့ရဲ့ စာမူများကို ကူးယူပြီး စာဖတ်သူများထံ အခကြေးငွေဖြင့် ဖြန့်ဖြူးရောင်းချမယ်ဆိုရင်တော့ စာရေးသူ တစ်ယောက်က ဘယ်လို ခံစားရမယ်ဆိုတာ ကျွန်မတို့ စာရေးသူ ဖန်တီးသူ အချင်းချင်း နားလည် ကိုယ်ချင်းစာနိုင်ပါတယ်။
စာတစ်ကြောင်း၊ ကဗျာတစ်စ၊ သီချင်းတစ်ပိုဒ်ကို ရေးစပ်လျှင်၊ ရေးဖွဲ့လျှင် ထိုသီချင်းတစ်ပိုဒ်၊ စာတစ်ကြောင်း၊ ကဗျာတစ်စဟာ ဖန်တီးသူ၊ ရေးစပ်သီကုံးသူရဲ့ မူပိုင် အလိုလို ဖြစ်သွားပြီးသားပါ။ မူပိုင်ခွင့် မှတ်ပုံတင်ထားသည် ဖြစ်စေ ၊ မတင်ထားသည်ဖြစ်စေ၊ စာတစ်ကြောင်းကို ရေးလိုက်တယ်ဆိုတာနဲ့ အဲဒီ စာတစ်ကြောင်းဟာ ဖန်တီးသူရဲ့ မူပိုင်ခွင့် အလိုလို ကာကွယ်ပြီးသားဖြစ်တယ်ဆိုတာကို World Intellectual Property Organization က ဆိုထားပါတယ်။
ကိုးကား။ ။ http://www.wipo.int/
အင်တာနက်ပေါ်မှာ ရေးသားတဲ့ ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင် ဖန်တီး ရေးသားမှုများကရော မူပိုင်ခွင့်ရှိပါသလားဆိုတဲ့ အမေးကို www.lawfirms.com က အောက်ပါ အတိုင်း ဖြေကြားထားပါတယ်။
Q. Are my original ideas and written works protected if they are on the internet?
 A. Yes, they are protected to a certain extent. If you want to ensure that they are safe, you should file for copyright and post that copyright notice along with those works. However, your intellectual property is still protected – even if you do not actually file for a copyright.
မူပိုင်ခွင့် မှတ်ပုံတင်ထားစရာမလိုဘဲ စာရေးသားလိုက်တာနဲ့ ကိုယ်တိုင်ဖန်တီးသူသာ မူပိုင်ဖြစ်ကြောင်းကို အလိုလို မူပိုင်ခွင့် ကာကွယ်ပြီးသား ဖြစ်ပါတယ်။ အမေး၊ အဖြေ အပြည့်အစုံကို ဒီမှာ www.lawfirms.com/resources/intellectual-property/intellectual-property-faq.htm ဖတ်ရှုနိုင်ပါတယ်။
မြန်မာနိုင်ငံမှ လူအများစု လွဲမှားစွာ ထင်မြင်နေကြတာ တစ်ခုက အင်တာနက်ပေါ်မှာ ရှိတဲ့ အရာတွေဟာ အလကား ယူလို့ ရတယ်လို့ ထင်နေတာပါပဲ။ အင်တာနက်ပေါ်မှာ တင်ထားတဲ့အရာမှန်သမျှဟာ အခကြေးငွေပေးပြီး ဖတ်စရာမလိုဘဲ ၊ အခမဲ့ ဖတ်ရှုနိုင်ခြင်းကြောင့် အလကားရယူနိုင်တယ်ဆိုတာမျိုး သဘောပိုက်ထားကြပါတယ်။ website (ဥပမာ ယခု စာရှုသူဖတ်နေသော စာများပါသော web page များစုစည်းရာ) တစ်ခုကို ရရှိဖို့ အတွက် domain (ဥပမာ www.facebook.com) ဆိုတာ အလကား မရပါဘူး။ ထို web site ကို အင်တာနက်ပေါ်မှာ တင်ထားဖို့ အတွက် hosting service ဆိုတာကိုလဲ အလကား မရရှိပါဘူး။ domain အမည်ကို ဝယ်ယူမှတ်ပုံတင်ရပါတယ်။ hosting ဝန်ဆောင်မှုကို ဝယ်ယူရပါတယ်။ ဒါဟာ website ဖန်တီးသူတွေဘက်က အခကြေးငွေပေးရခြင်းပါ။ website ကို ဖတ်ရှုသူတွေ အနေနဲ့ကတော့(အင်တာနက်လိုင်းကြေးနှင့် အချိန်မှတပါး) အခကြေးငွေ ပေးစရာမလိုတဲ့အတွက် website ပေါ်မှာ ပါဝင်တဲ့ အရာတွေဟာ အခမဲ့၊ အလကားရတယ်လို့ စေတနာကို လွဲမှားစွာ ယူဆကြပါတယ်။ domain အမည်၊ hosting နေရာ ဟာ သူ့ အလိုလို အလကား မရရှိပါဘူး။ မှတ်ပုံတင်ပြီးတော့ ဝယ်ယူမှသာလျှင် ရရှိပါတယ်။
copy and paste ဆိုတာ သိပ်ကို လွယ်ကူပါတယ်။ စက္ကန့်ပိုင်းမျှသာ ကြာတဲ့ အချိန် အခိုက်အတန့်လေးမှာ ကူးယူခြင်း ဖြစ်မြောက်နိုင်မှာပေမယ့် အဲဒီ စာများကို ရေးသား ဖန်တီးသူ ကတော့ စက္ကန့်ပိုင်းလေး အချိန်မှာ ရေးသားဖန်တီးခဲ့ခြင်း မဟုတ်ခဲ့ပါဘူး။ သူ့ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်၊ သူရှာမှီးထားတဲ့ ဗဟုသုတများ၊ လေ့လာ သင်ယူထားမှုများကို စုဆောင်းထားတဲ့ အတွေးအခေါ်၊ ပညာရပ် စသည်တို့ကို စာဖတ်သူတို့က တခဏအတွင်း ကူးယူနိုင်လိုက်တာ သူ့ စေတနာပါ။ စာပေ ရေးသားသူရဲ့ မူပိုင်ခွင့် အခွင့်အရေးဆိုတာ မူလပိုင်ရှင်ရဲ့ မူပိုင်ခွင့်အခွင့်အရေးနဲ့ ထပ်တူပဲဆိုတာကို PRIVATE INTERNATIONAL LAW AND INTELLECTUAL PROPERTY RIGHTS ၊ A COMMON LAW OVERVIEW က Ownership and Commercial Dealings အပိုင်းမှာ အောက်ပါအတိုင်း ဆိုထားပါတယ်။
Accordingly, because "the essence of an intellectual property right is the owner's right to take action to prevent others from engaging in certain types of activity in a given territory,"
တပါးသူ ဖန်တီး ရေးသားထားတဲ့ စာများကို ကူးယူပြီး ပုံနှိပ်ကာ ဖော်ပြ ရောင်းချခြင်းဟာ စာနယ်ဇင်း ကျင့်ဝတ်ကို ချိုးဖောက်တာပါ။ စာနယ်ဇင်းတစ်ခုမှာ အယ်ဒီတာဟာ အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အယ်ဒီတာ တစ်ဦးရဲ့ တာဝန်က ကြီးမားလှပါတယ်။ စာမူတစ်ခု ရောက်လာလျှင် ထိုစာမူဟာ နိုင်ငံရေး ပတ်သက်ငြိစွန်းမှု ရှိ/မရှိ၊ အခြား နေရာများမှ ကူးယူထားခြင်း (plarigism) ရှိ/မရှိကို အယ်ဒီတာက စိစစ်ရပါတယ်။ (အခြားနေရာများမှ ကူးယူပြီး မိမိပိုင်နှင့် ဆင်တူယိုးမှားပြုလုပ်ခြင်း - plarigism - ဆိုသည်မှာ နိုင်ငံတကာ တက္ကသိုလ်များတွင် ပေးအပ်ပြီးသား ဘွဲ့ကိုပင် ပြန်သိမ်းနိုင်သည်အထိ ကြီးလေးသော စာရိတ္တရေးရာ ပြစ်မှုကြီးဖြစ်သည်။) ဘာသာပြန်ထားသော စာမူများ၊ ကိုးကားရေးသားထားသော စာမူများမှာ ကိုးကားချက်နှင့် ဘာသာပြန်ဆိုမှုကို ဝန်ခံချက်များ ပါရှိခြင်း ရှိ/မရှိကို သေချာစွာ စစ်ဆေးရပါတယ်။ အယ်ဒီတာ တစ်ဦးဟာ စာပေကို နှ့ံ့စပ်ရပါတယ်။ ဗဟုသုတ ကြွယ်ဝရပါတယ်။ တကယ်လို့များ အယ်ဒီတာတစ်ဦးဟာ သိမြင် နှ့ံ့စပ်ခြင်း မရှိဘူးဆိုလျှင် စာမူရှင်များပေးပို့တဲ့ စာမူများဟာ ကိုယ်ပိုင်ဖန်တီးမှုလား၊ ကူးချပေးပို့မှုလား၊ ဘာသာပြန်ဆိုမှုလား၊ ကိုးကားချက်လားဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။ အယ်ဒီတာ တစ်ဦးဟာ ယနေ့ခေတ်ပေါ် နောက်ဆုံးပေါ် ကမ္ဘာ့သတင်းတွေကို သိရပါတယ်။ စာပေကိုလည်း မိမိအကြိုက်တစ်မျိုးတည်းသာ မဟုတ်ဘဲ လိုင်းစုံအောင် လေ့လာထားရ့ပါတယ်။ ဒါမှသာ စာမူရှင်များဘက်မှ ထည့်သွင်းရေးသားခြင်းမပြုမိတဲ့ ဝန်ခံချက်များကို အယ်ဒီတာက ထည့်ပေးနိုင်ပါတယ်။
 စာမူရှင်များဘက်မှ အင်တာနက်ပေါ်ကနေ ကူးယူမှုများကို စာမူအဖြစ် ပေးပို့ခဲ့သည် ရှိသော် အယ်ဒီတာ မရွေးချယ်မီကာလမှာ စာမူရှင်၏ တာဝန်ဖြစ်သော်လည်း အယ်ဒီတာက စာမူကိုရွေးချယ်ပြီးနောက် အယ်ဒီတာ့လက်ထဲ ရောက်ရှိနေချိန်မှာ အယ်ဒီတာ၏ တာဝန်သာ ဖြစ်ပါတော့တဲ့အတွက် စာမူများကို မရွေးချယ်မီမှာ အယ်ဒီတာဟာ သေချာစွာ ဖတ်ရှု စိစစ်ရပါတယ်။ အယ်ဒီတာတစ်ဦး၏ ကျင့်ဝတ်၊ တာဝန်နှင့် အခန်းကဏ္ဍမှာ စာနယ်ဇင်းတစ်ခုရဲ့ ပင်မ အသက်ဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာ သူတစ်ပါးရေးသား ဖန်တီးမှုများကို ကူးယူကာ ပုံနှိပ်ဖော်ပြ ရောင်းချခြင်း ၏ နောက်ဆက်တွဲများအတွက် အယ်ဒီတာမှာ များစွာတာဝန်ရှိသလို၊ ကူးယူဖော်ပြသူဟာလည်း စာရေးဆရာတစ်ဦး၏ ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်း ဖြစ်ပြီး ပုံနှိပ်ဖော်ပြသူ စာနယ်ဇင်းမှာလည်း စာနယ်ဇင်း ကျင့်ဝတ်ကို ချိုးဖောက်ခြင်း ဖြစ်တာကြောင့် ဒီလို အင်တာနက်ပေါ်မှ ကူးယူမှုများဟာ သေးငယ်တဲ့ ကိစ္စ မဟုတ်ဘဲ ကျင့်ဝတ်များနှင့် သက်ဆိုင်သော၊ လူတစ်ဦးချင်း၏ စာရိတ္တ (morality) နှင့်သက်ဆိုင်သော အတိုင်းအတာ တစ်ခု ဖြစ်တဲ့အတွက် အလွန် အရေးကြီးပြီး ဂရုပြုရမယ့် ကိစ္စ၊ အကြောင်းအရာ တစ်ခု ဖြစ်ပါတော့တယ်။
                                                                                                                                ဟနစံ
                                                                                                ၁၂ ရက်၊ စက်တင်ဘာလ၊ ၂၀၁၀ ခုနှစ်။

လူနှင့်ဥပဒေ

ဥပဒေဟာ လူ့ဘောင်လောကအတွင်းမှာ အရေးကြီးတဲ့မ ဏ္ဍိုင်အဖြစ်တည်ရှိနေပါတယ်။ လူသားတစ်ဦးချင်း စီစောင့်စည်းလိုက်နာအပ်တဲ့ စည်းကမ်းဥပေ ဒတွေဟာ သကြားလုံးထုပ်တစ်ထုပ်ကိုဝယ်ယူသကဲ့သို့ ရိုးစင်းလွန်းလှသလို အိမ်တစ်လုံးကိုဝယ်ယူသကဲ့သို့လည်း ရှုပ်ထွေးလွန်းလှပါတယ်။


နေ့စဉ်လူမှုဘဝထဲမှာ ကျွန်မတို့ လိုက်နာရမယ့် စည်းကမ်းဥပဒေ တွေဟာ ကျွန်မတို့ရဲ့အရိပ်တွေလိုပါပဲ။ အမြဲမကွာဘဲရှိနေပါတယ်။ ကျွန်မတို့အိမ်ကနေအပြင်ကိုထွက်မယ်ဆိုရင် ၊ ကားမောင်းသွားမယ်ဆိုရင် သတ်မှတ်ထားတဲ့ ၊ သက်တမ်းမကုန်ဆုံးသေးတဲ့ ယာဉ်မောင်းလိုင်စင်ပါရှိရပါမယ်။ ကားမောင်းသွားစဉ် လမ်းခရီးမှာလည်း ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများကို လိုက်နာရပါမယ်။ လုပ်ငန်းခွင်ကိုရောက်ရှိပြီး အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်ရှင်ကချမှတ်ထားတဲ့ စည်းကမ်းဥပဒေ များကိုလိုက်နာကာ လုပ်ငန်း တာဝန်များကိုဆောင်ရွက်ရပါတယ်။ စျေးဝယ်ထွက်တဲ့အခါမှာလည်း မှောက်ခိုစျေးကွက်မှကုန်ပစ္စည်းများကို မဝယ်ယူမိအောင်သတိရှိရပါဦးမယ်။ ဆေးလိပ်သောက်သူများဟာလည်း သတ်မှတ်ထားတဲ့ ဆေးလိပ်မသောက်ရ ဧ ရိယာအတွင်းမှာ မသောက်ရပါဘူး။ အိမ်ပြန်ရောက်လို့ အိမ်မှာ အနားယူပြီး သီချင်း နားထောင်ခိုက်မှာလည်း ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်အောင်မဆူညံရပါဘူး။ သီချင်းကို အကျယ်ကြီးမဖွင့်သင့်ပါဘူး။ လျှပ်စစ် ဓါတ်အားခ၊ တယ်လီဖုန်းဘီလ်၊ ရေခွန်၊ အိမ်ခန်းခွန်၊ အမှိုက်ခွန် စတဲ့အခွန်အခများကိုလည်း သတ်မှတ်ရက်ကိုမကျော်လွန်ခင်ပေးဆောင်ရပါတယ်။ ဒါတွေအားလုံးဟာ ကျွန်မတို့အားလုံးစည်းကမ်းဥပဒေေတွကိုလိုက်နာနေကြတာပါ။


ဥပဒေ ဆိုတာဟာ စည်းမျဉ်း ၊ စည်းကမ်းများနဲ့ဖွဲ့စည်းထားပါတယ်။ ဥပဒေ ဟာ လူ့ဘောင် လောကကို အုပ်စိုးပါတယ်။ ဥပေ ဒကို ဘာမှမရှိတဲ့လေဟာနယ်ထဲမှာ သတ်မှတ်လို့ မရပါဘူး။လေဟာနယ်ထဲမှာ

ဥပေ ဒ မသက်ရောက်ပါဘူး။ ဥပဒေကို လူသားတွေနဲ့ အရာဝထ္ထုတွေအပေါ်မှာသာ သတ်မှတ်ရပါတယ်။ လူသားများအပေါ်မှာပဲ ဥပဒေ သက်ရောက်ပါတယ်။ ဥပေ ဒဟာကျွန်မတို့လူသားတွေကို ဘာကို လုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာကို ညွှန်ကြားပြသပါတယ်။ ဥပဒေကို သဘာဝတရားက ဖန်တီးထားတာ မဟုတ်ပါဘူး။ ကျွန်မတို့လူသားတွေလိုက်နာရမယ့် စည်းမျဉ်းဥပဒေ များကို ကျွန်မတို့ လူသားတွေကပဲ ရေးဆွဲချမွတ္ထားတာပါ။


ဥပဒေနဲ့လူမှုပတ်ဝန်းကျင်ကို တသီးတခြားစီဖြစ်အောင်ခွဲခြားလို့မရပါဘူး။ စည်းကမ်းဥပဒေ နဲ့ လူမှုပတ်ဝန်းကျင် အမြဲအတူတကွရှိနေပါတယ်။ ဒါဆိုရင် ကျွန်မတို့ဟာ သီချင်းခွေတွေ ၊ ဗွီစီဒီရုပ်ရှင်ခွေတွေ ကို ဘာကြောင့်မှောင်ခိုစျေးကွက်က ခိုးကူးအခွေတွေကို ဝယ်ယူနေကြတာလဲ။ သူတစ်ပါးရဲ့ ယာဉ်၊ ကားများကို မနာလိုစိတ်နဲ့ ဘာကြောင့်ဖျက်ဆီးကြပါသလဲ။ ယာဉ်မောင်းနှင်စဉ်မှာ သတ်မှတ်ထားတဲ့မိုင်နှုန်း ထက် ဘာကြောင့်ပိုမောင်းနေကြတာလဲ။ ရာဂစိတ်ကိုနိုးကြွစေသော ရုပ်ပုံကားချပ်များ ၊ ပိုစတာများ ၊ ရုပ်ရှင်များကို ဘာကြောင့်ဝယ်ယူကြည့်ရှုနေကြတာလဲ။ မကောင်းမှန်းသိလျက်နဲ့ ဥပဒေ ကိုချိုးဖောက် နေမှန်းသိလျက်နဲ့ ဘာကြောင့် ဒါတွေကိုလုပ်နေကြပါသလဲ။ ယာဉ်ထိန်းရဲမရှိတဲ့နေရာမှာ လမ်းစည်းကမ်းကို လိုက်နာတဲ့သူ ဘယ်နှစ်ယောက်များရှိပါသလဲ။ ဒီလိုမေးခွန်းမျိုးတွေ ဖြစ်ပေါ်လာရပြီး စဉ်းစားရပါတယ်။ သူများတွေလည်းလုပ်တာပဲလေ လို့စော ဒကတက်ကောင်းတက်ကြပါလိမ့်မယ်။ အန္တရာယ်ဖြစ်နိုင်တဲ့နေရာ တွေမှာ သတိပေးဆိုင်းဘုတ်တွေနဲ့တားမြစ်ပြီး လမ်းစည်းကမ်း ၊ ယာဉ်စည်းကမ်းဥပဒေ ထုတ်ထားတာဟာ လူသားတို့အသက်အန္တရာယ်နဲ့မကြုံတွေ့ရအောင် ၊ ဘေးကင်းအောင်လို့ပါ။ နေ့စဉ်သတင်းစာတွေထဲမှာ ယာဉ်တိုက်မှုတွေကိုဖတ်ရတဲ့အခါမှာ ယာဉ်မောင်းတွေရဲ့စည်းကမ်းဖောက်ဖျက်မှုကြောင့် ဖြစ်ရတဲ့ အသက်ဘေး အန္တရာယ်တွေကြုံရတာက အများစုပါပဲ။


ဥပဒေဘောင်အတွင်းမှာပဲနေထိုင်ခြင်းဟာ ဘေးရန်ကင်းပါတယ်။ ဥပေ ဒကိုဆန့်ကျင်ရင် ကျွန်မတို့တွေဟာ လွတ်လပ်မှု နဲ့ လွတ်မြောက်မှုကို ဆုံးရှုံးမှာဖြစ်ပါတယ်။ ကျွန်မတို့လမ်းသွားရင်းနဲ့ "အမှိုက်မပစ်ရ" ဆိုတဲ့ဆိုင်းဘုတ်မျိုးကို မကြာခဏမြင်ဖူးကြပါတယ်။ ဒီလိုဆိုင်းဘုတ်မျိုးဟာ သိပ်ကိုရိုးစင်းလှပေမယ့် ကျွန်မတို့လူသားတွေကိုလှောင်ပြောင်သရော်နေသလိုပါပဲ။ လူ့ဘောင်လောကတိုးတက်ဖို့ ၊ လူတွေရဲ့စိတ် ဓာတ်မြင့်မားဖို့ဆိုတာ စည်းကမ်းဥပဒေ မရှိဘဲနဲ့မဖြစ်နိုင်ပါဘူး။ စည်းကမ်းဥပဒေနဲ့ လူ့ဘောင်လောက ဟာအပြန်အလှန်အကျိုးသက်ရောက်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ ဥပဒေ ရဲ့အရေးပါပါပုံ ၊ အရေးကြီးပုံကို သင်ကြားပို့ချပေးရန်လိုအပ်နေပါတယ်။


ဥပဒေ ဆိုတာကို သိရုံနဲ့တင်မဟုတ်ဘဲ ဥပဒေ ကိုချိုးဖောက်ရင် ဘယ်လိုအန္တရာယ်မျိုးတွေ ဖြစ်မယ်ဆိုတာကိုပါ သင်ကြားပြသပေးဖို့လိုအပ်နေပါတယ်။ ဥပဒေ ကိုချိုးဖောက်သူဦးရေများလာရင် ရာဇဝတ်မှုတွေများလာပါမယ်။ ရာဇဝတ်မှုတွေများလာရင် တိုင်းပြည် မအေးချမ်း ၊ မလုံခြုံပါဘူး။ ဥပဒေ ဟာလေးစားဖွယ်ကောင်းပါတယ်။ ဥပဒေနဲ့လူ့ဘောင်လောကဆိုတာဟာ ယုံကြည်လေးစားမှု နဲ့အတူ တည်ဆောက်ထားတာပါ။ တရားဥပေ ဒ စိုးမိုးပြီး ချမှတ်ထားတဲ့ စည်းကမ်းဥပဒေများ အတိုင်း လိုက်နာနေထိုင်ကြတယ်ဆိုရင် ကျွန်မတို့ရဲ့ လူ့ဘောင်လောကဟာ တရားမျှတပြီး ယဉ်ကျေးမှုမြင့်မားတယ် လို့ပြောလို့ရပါတယ်။


                                                                                                      ဟနစံ

                                                                                     ၁၂ ရက်၊ အောက်တိုဘာလ၊ ၂၀၀၈ ခုနှစ်။