ကျွန်မတို့ပတ်ဝန်းကျင်မှာ
လူအမျိုးမျိုးကိုတွေ့မြင်နေရပါတယ်။ ဘဝမှာ အောင်မြင် နေတဲ့သူတွေရော ၊
မအောင်မြင်တဲ့သူတွေရော ၊ လောကဓံ ကံကြမ္မာအလှည့်အပြောင်းကြောင့်
ဘဝမှာနိမ့်ချည် ၊ မြင့်ချည်နဲ့ ရုန်းကန်လှုပ်ရှားနေကြရတဲ့သူတွေကိုရောပေ့ါ။
အောင်မြင်မှုကိုရရှိနေတဲ့
၊ အောင်မြင်နေတဲ့သူတွေအကုန်လုံးဟာ သူတို့တွေ တစ်ခုခုကို လိုချင်ရင်
လုပ်သင့်တဲ့ လိုအပ်တဲ့အရာမှန်သမျှကိုလုပ်ရမယ်ဆိုတာကို နားလည်
သဘောပေါက်ထားကြသူများ ဖြစ်ပါတယ်။ဒီအလုပ်ကိုလုပ်ရင် ဘာဖြစ်လာမယ်။
မလုပ်ရင်ဘာဖြစ်လာမယ်ဆိုတာကို ကောင်းစွာသဘောပေါက်ထားကြသူများြဖစ်ပါတယ်။
ကိုယ်လုပ်လိုက်တဲ့အလုပ်ကြောင့်
အနာဂတ်မှာဘာဖြစ်လာမယ်ဆိုတာကို ကြိုတင် မျှော်မှန်း
တွက်ဆထားနိုင်ကြသူများဟာ ဘဝမှာအောင်မြင်သူများဖြစ်တတ်ကြပါတယ်။ ဒါပေမယ့်
လူသားတို့သဘာဝအရ သူတစ်ပါးအောင်မြင်ရင် ဒါ သူကံကောင်းလို့ ။ ကိုယ်က
မအောင်မြင်တဲ့အခါမှာ သူတစ်ပါးအမှားကြောင့် ကိုယ်မအောင်မြင်ရတာ ဆိုပြီး
ပြောဆို နေတတ်ကြပါတယ်။ တကယ်တော့ လူသားဘဝမှာ အကြောင်းကြောင့် အကျိုးဖြစ်လာ
ရတာချည်းပါပဲ။
လူတစ်ဦးဟာရင့်ကျက်ပြီး
သက်ရောက်မှုတိုင်းကို ကောင်းမွန်စွာ တုန့်ပြန် နိုင်တဲ့ အရည် အသွေးရှိတယ်
ဆိုရင် ဘဝမှာအဆင်ပြေပြေနေထိုင်နိုင်တာပါပဲ။ ဒါ့အပြင် ကျွန်မတို့
တစ်ဦးချင်းစီမှာ ဘာတွေတာဝန်ရှိသလဲဆိုတာကိုသိမြင်ထားမယ်ဆိုရင်
လူ့အသိုင်းအဝိုင်း မှာနေလို့ ထိုင်လို့ကောင်းပါတယ်။ဒါဆိုရင်
ဘာတွေတာဝန်ရှိပါသလဲ။ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထားအတွက်
ကျွန်မတို့မှာပဲတာဝန်ရှိပါတယ်။
သိပ်ကိုဆိုးရွားလွန်းတဲ့အခြေအနေတွေမှာတောင်
ကျွန်မတို့ရဲ့ စိတ်ကို ထိန်းချုပ် ထားနိုင်မယ် ဆိုရင်
လူထဲမှာအဆင်ပြေတာပါပဲ။ ဥပမာ ကားမောင်းသွားရင်း ယာဉ်ကြောပိတ်ဆို့မှုကြောင့်
အလုပ်ချိန်မမီ မှာစိုးတဲ့အတွက် ကိုယ့်ကားအရှေ့မှာပိတ်နေတဲ့ ကားတွေကို ဟွန်း
အဆက် မပြတ်တီးတာမျိုး ၊ အော်ဟစ်မယ် ဆိုတာမျိုးကို သင်လုပ်မလား။ ဒါမှမဟုတ်
ကားလမ်း ရှင်းအောင်စောင့်ရင်း အေးအေးဆေးဆေး ကားထဲမှာ သီချင်း နားထောင်ရင်း
အခြား သူများ ဘာတွေလုပ်နေကြတယ် ဘယ်လိုပြုမူနေကြတယ်ဆိုတာကို ကြည့်မလား။
ကြိုက်ရာကိုရွေးလို့ရပါတယ်။ မိမိသဘောပါပဲ။ ကိုယ့်ရဲ့စိတ်နေစိတ်ထား
အတွက်ရရှိလာမယ့်အကျိုးဆက်ကို ကိုယ်ပဲခံစားရမှာပါပဲ။ ကိုယ့်ကားရဲ့အရှေ့မှာ
ပိတ်နေ တဲ့ကားတွေကိုစိတ်ဆိုးပြီး အော်ဟစ်မယ် ။
စိတ်တို
ဒေါသထွက်မယ်ဆိုရင် ကိုယ့်ရဲ့ရုပ်ပိုင်း ဆိုင်ရာကျန်းမာရေးကို အနည်းငယ်
ထိခိုက်နိုင်ပြီး စိတ်ဆိုး စိတ်တို လွယ်တဲ့ အလေ့အကျင့်ဖြစ်လာမှာပါပဲ။
အဲဒီတော့ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထား အတွက် တာဝန် အရှိဆုံးက
မိမိကိုယ်တိုင်သာပါပဲ။
လူဆိုတာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။
ကိုယ့်ရွေးချယ်မှုအတွက် ကိုယ့်မှာသာ တာဝန်ရှိပါတယ်။ နောက်တစ်ခါ
ကျွန်မတို့ရဲ့ ပြုမူလှုပ်ရှားမှုတွေအားလုံးအတွက်လည်း ကျွန်မတို့
ကိုယ်တိုင်မှာ သာတာဝန်ရှိနေပြန်ပါတယ်။ တစ်ခုခုမကောင်းတာဖြစ်လာခဲ့ရင်
အဲဒါဘယ်သူ့ကြောင့် ၊ ဘယ်ဝါ့ကြောင့် ၊ ဘယ်သူ့မှာတာဝန်ရှိတယ် ၊ ဘယ်သူ
မကောင်းလို့ဖြစ်ရတာ စသည်ဖြင့်အပြစ်တင်ပြောဆိုနေကြပါတယ်။ တကယ်တော့
မိမိကိုယ်တိုင်မှာသာလျှင် တာဝန်ရှိပါတယ်။ ဘယ်သူ ဘယ်ဝါ့ကြောင့်ရယ်လို့
သူတစ်ပါးကို လက်ညှိုးထိုး အပြစ်ဖို့ နေမယ့်အစား မိမိကိုယ်တိုင်ကရော
ဘယ်လောက်ကောင်းနေသလဲ ပြန်ကြည့်ဖို့လိုပါတယ်။ မိမိကိုမိမိ
ပြန်လည်သုံးသပ်ဆင်ခြင်ကြည့်ပါ။
လူတွေဟာတစ်ဦးချင်းစီမှာ
တာဝန်သိစိတ်ရှိမယ်ဆိုရင် လူတစ်ဦးချင်းစီပေါင်းစုဖွဲ့စည်းထားတဲ့
အဖွဲ့အစည်းမှာလည်း တာဝန်သိစိတ်တွေနဲ့အတူ လူ့ဘောင်လောက ကြီး တိုးတက်
သာယာလာမှာပါပဲ။ ကမ္ဘာကြီးတစ်ဘက်မှာ အငြိုးအတေးအဃာတတွေကြောင့်
စစ်ပွဲတွေဖြစ်ပွားနေကြတာ ကိုယ့်ကိုသူကဘယ်လိုလုပ်လို့ ကိုယ်ကပြန်လုပ်တယ်။
သူကအဲသည်လိုလုပ်လို့ ကိုယ်ကပြန်လုပ်တယ် စသည်ဖြင့် ကလဲ့စားချေခြင်း၊
အငြိုးအတေးအ ဃာတကြီးမား နေခြင်းများနှင့်အတူ အပြစ်ဖွဲ့ပုံခြင်းများကြောင့်
မငြိမ်းအေးနိုင်ကြဘဲ ပြဿနာများတစ်စတစ်စ ပိုလို့ကြီးထွားလာကြပါတယ်။
ကမ္ဘာလောကကြီးသာယာငြိမ်းအေးဖို့ရာ
လူတစ်ဦးချင်းစီမှာ ၊ လူတိုင်းမှာ တာဝန်ရှိတယ် ဆိုတာကို မေ့လျော့နြေကပြီး
ကလဲ့စားချေလိုမှု နဲ့ အာဃာတ တွေကိုသာရှေ့တန်းတင်နေကြခြင်းကြောင့် အပြစ်မဲ့
ပြည်သူများ သေကြေ ပျက်စီးရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက
လူမျိုးရေး ၊ ဘာသာရေး အငြင်းပွားမှုများနဲ့ စတင်လိုက်တဲ့ စစ်ပွဲတွေဟာ
ယနေ့အချိန်ထိကိုမပြီးဆုံးနိုင်ကြသေးပါဘူး။
ဒီလိုမျိုးအဖြစ်တွေဆက်လက်ဖြစ်နေတာဟာ
ဘယ်သူဘယ်ဝါ့ကြောင့်ရယ်လို့ တစ်ဦးကိုတစ်ဦး
လက်ညှိုးထိုးအပြစ်ပုံဖွဲ့နေကြခြင်းကြောင့်ဖြစ်ပါတယ်။
မည်သူမည်ဝါကြောင့်ရယ်လို့ အပြစ်မဖွဲ့ဘဲ လူတစ်ဦးချင်းစီမှာ
သစ္စာစောင့်သိစိတ်၊ တာဝန်ယူလိုစိတ်များသာရှိမယ်ဆိုရင် သာယာအေးချမ်းတဲ့
ကမ္ဘာကြီးဖြစ်လာမှာမလွဲမသွေပါပဲ။
ဟနစံ
၂၁ ရက်၊ မေလ၊ ၂၀၀၉ ခုနှစ်။
No comments:
Post a Comment