ထိခိုက် ဒဏ်ရာရပြီး သွေးထွက်လျှင် သွေးတိတ်ပြီး သွေးခဲစေဖို့အတွက်
ဗီတာမင်ကေ လိုအပ်ပါတယ်။ ဗီတာမင်ကေ ချို့တဲ့လျှင် အသေးအဖွဲ
ထိရှတာလေးမှပင်သွေးမတိတ်တော့ဘဲ အသေးစားထိခိုက်မှုလေးမှသည် ကြီးကျယ်သော
ဒဏ်ရာဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ သွေးစိမ့်ယိုခြင်းဟာ ဦးနှောက်လို
အစိတ်အပိုင်းမျိုးမှာ ဖြစ်မယ်ဆိုရင် stroke တစ်မျိုးကို
ခံစားရစေနိုင်ပါတယ်။အရွယ်ရောက်ပြီးသူများနှင့် ကလေးများဟာ ဗီတာမင်ကေ ကို
အူထဲရှိ ဘက်တီးရီးယားများမှ အများဆုံး ရရှိပြီး စားသော အစာများမှလည်း
ဗီတာမင်ကေကို အနည်းငယ် ရရှိနိုင်ပါတယ်။ဗီတာမင်ကေဓာတ် ပါဝင်တဲ့
အစားအစာများကတော့ ပဲသီး ၊ ကြိတ်ထားသော အမဲသား ၊ အမဲ အသည်း ၊ ဂေါ်ဖီထုပ် ၊
မုန်ညင်း ၊ နွားနို့ ၊ မုန်လာဥ (ဝါ) ၊ လိမ္မော်သီး ၊ အာလူး ၊ ဟင်းနုနွယ် ၊
စတော်ဘယ်ရီ ၊ ဂေါ်ဖီပန်းပွင့် စသည်တို့ ဖြစ်ကြပါတယ်။
မွေးကင်းစကလေးများကတော့
မွေးခါစ အရွယ်မှာ ဗီတာမင်ကေ အင်မတန်နည်းပါးပါတယ်။မိခင်ဝမ်းဗိုက်ထဲမှာ
ရှိနေစဉ်အတွင်းမှာ ကလေးဆီကို ဗီတာမင်ကေက အချင်းကိုဖြတ်လို့
ရောက်မလာနိုင်ပါဘူး။ မိခင်ဝမ်းမှ မကျွတ်မီအချိန်မှာ ကလေးရဲ့ အူဟာလည်း
ဗီတာမင်ကေကို ထုတ်လုပ်နိုင်တဲ့ ဘက်တီးရီးယားများ
မပါရှိနေသေးပါဘူး။မွေးဖွားပြီးမှသာ မိခင်နို့ရည်ထံမှ ဗီတာမင်ကေဓာတ်
အနည်းငယ်မျှကို မွေးကင်းစ ကလေးငယ်များက ရရှိတာ ဖြစ်ပါတယ်။
မိခင်နို့စို့တဲ့ကလေးငယ်များဟာ သူတို့ရဲ့ အူထဲမှ ဗီတာမင်ကေကို ထုတ်ပေးတဲ့
ဘက်တီးရီးယားများက ဗီတာမင်ကေကို စတင် ထုတ်လုပ် ရရှိဖို့ကို အချိန်ကာလ
အတိုင်းအတာ တစ်ခုအထိ စောင့်ရပါတယ်။
ကလေးနို့မှုန့် ဖော်မြူလာများမှာ
ဗီတာမင်ကေကို ထည့်သွင်း ဖော်စပ် ထားကြသော်လည်း
နို့မှုန့်တိုက်ကျွေးခြင်းခံရသော ကလေးငယ်များမှာ ဗီတာမင်ကေဓာတ် အင်မတန်
နည်းပါးကြပါတယ်။ ဗီတာမင်ကေ နည်းပါးလျှင် သွေးယိုစီးမှု (bleeding)
ဖြစ်စေနိုင်ပြီး စိုးရိမ်ဖွယ် အန္တရာယ်ရှိပါတယ်။ တကယ်လို့များ
သွေးယိုစီးမှုက ဦးနှောက်ဆီကို ရောက်သွားလျှင် ဦးနှောက်ပျက်စီးခြင်းကို
ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးယိုစီးမှုမျိုးကို haemorrhagic disease of
the newborn (HDN) လို့ခေါ်ပါတယ်။
အခုဆိုလျှင် မွေးကင်းစ
ကလေးငယ်များကို ဗီတာမင်ကေ ထိုးဆေး ထိုးပေးပြီး ဗီတာမင်ကေဓာတ် ရရှိစေတာဟာ
နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ဒီနည်းဟာ အင်မတန် ကောင်းမွန်ပြီး
မွေးကင်းစများမှာ HDN ရောဂါဖြစ်ပွားခြင်း ယနေ့ခေတ်မှာ မရှိတော့သလောက်
ဖြစ်သွားပါပြီ။ဆေးထိုးပေးခြင်း အစီအစဉ်များ ရှိနေသော်လည်း မိဘအများစုက
မသိကြပါဘူး။ သတင်းပေးသူ မရှိတာကြောင ့်ဖြစ်စေ ၊ ဗီတာမင်ကေနဲ့ပတ်သက်လို့
ဗဟုသုတ မသိထားတာကြောင့် ဖြစ်စေ သတင်းမရရှိတဲ့အတွက် မသိလိုက်ဘဲ ရှိတတ်ပါတယ်။
သတင်းစာ
၊ ဂျာနယ်များ မှာ ဗီတာမင်ကေ ဆေးထိုးခြင်း အစီအစဉ်များဟာ စိတ်ချရကြောင်း ၊
အကျိုးကျေးဇူးများကြောင်း ကို ထည့်သွင်း ဖော်ပြထား သော်လည်း ဘာ့ကြောင့်
ဗီတာမင်ကေဟာ ကလေးများအတွက် လိုအပ်တယ် ဆိုတာကို မိဘများကို လုံလောက်တဲ့
သတင်းပေးနိုင်ခြင်း နည်းပါးနေပါသေး ပါတယ်။
ဗီတာမင်ကေကို
ဆေးထိုးခြင်း အပြင် ဆေးစက်ချ ဆေးတိုက်ကျွေးလို့လည်း ရရှိစေနိုင်တယ်ဆိုတဲ့
သတင်းမျိုးကို မိဘများက ရရှိထားတဲ့အခါမှာ ဆေးစက်ချ ဆေးတိုက်ကျွေးခြင်းကိုသာ
မိဘ အများစုက ရွေးချယ်ကြ ပါတယ်။ ဆေးတိုက်ကျွေးခြင်း ခံရတဲ့ ကလေးငယ်များဟာ
HDN ဖြစ်တဲ့ လက္ခဏာ သွေးယိုစီးမှု ဖြစ်ပွားတာကို ကြည့်ခြင်းဖြင့်
ဆေးစက်ချတိုက်ကျွေးခြင်းဟာ ဆေးထိုးခြင်းလောက် စိတ်ချရမှှု မရှိဘူးဆိုတာ
သိသာမြင်လွယ်ပါတယ်။
ဆေးထိုးခံရတဲ့ ကလေးအသားမှာ အနည်းငယ် နာကျင်ခြင်း
ဖြစ်တတ် တာက လွဲလို့ ဗီတာမင်ကေ ဆေးထိုးခြင်းဟာ ကလေးငယ်များအတွက်
လုံခြုံစိတ်ချရပြီး HDN ဖြစ်ပွားခြင်းမှ လွတ်ကင်းစေနိုင်ပါတယ်။
No comments:
Post a Comment