Wednesday, 1 February 2017

လူပျိုကြီးအဖြေ

"လက်ထပ်ချင်တယ် " ဟု သူပြောလိုက်တိုင်း သူမ ရယ်ပြီး
"ကို့ ရည်းစားတွေကော" ဟုမေးတတ်သည်။


"ရှိမှ မရှိတော့ဘဲ" ဟု သူပြန်ဖြေတော့ "ကို့မှာ ရည်းစားတွေတစ်ယောက်မှ မရှိတော့လို့ ကျွန်မကိုလက်ထပ်ချင်တာလား"  ဟု ခပ်ဟဟရယ်ရင်း ပြန်မေးပြန်သည်။

"မင်းမကြိုက်လို့ ကိုယ် အကုန်ရှင်းပစ်ရတာပဲ" ဟု သူပြန်ဖြေမိသည်။

 ရည်းစားထားတာ ရည်းစားထားတာပဲ။ လက်ထပ်ခြင်းနဲ့မှ မဆိုင်တာဆိုတာကို သူမ မသိရလောက်အောင် ကလေးဆန်လွန်းသည်။

"မသိဘူး...ရည်းစားထားတယ်ဆိုတည်းက ချစ်လို့ မဟုတ်ဘူးလား." ..ဟု ဇွတ်ပြန်မေးတတ်ပြန်သည်။

"မဆိုင်ဘူးလေ" ဟု သူပြန်ဖြေတော့

"ကို့ရည်းစားတွေက ကျွန်မထက် အပုံကြီးလှတာပဲ...သူတို့ထဲက တစ်ယောက်ယောက်ကို လက်ထပ်လိုက်ပေါ့" ဟုဆိုပြန်သည်။

အာ

သူ စိတ်မရှည်ချင်တော့။

"ကျွန်မကမှ မလှဘဲ"

သူမက ပြောင်စပ်စပ်ဖြင့် ဆိုပြန်သည်။

ဖြူပါးလျလွန်းသော သူမသည် အညိုရောင်ဆံပင်များဖြင့် မှိန်ဖျော့ဖျော့ အဆင်ရှိသည်။ မျက်လုံးများကသာ တောက်ပစူးလက်တတ်ပြီး အရောင်ခပ်မှိန်မှိန်ကိုသာရွေးချယ်ဝတ်ဆင်လေ့ရှိသည်။

"သံယောဇဉ်ဆိုတာတွေ ထည့်မတွက်ဘူးလား" ဟု သူ မေးဖြစ်သည်။

"ကိုနဲ့ ကျွန်မ သံယောဇဉ်ကြီးခဲ့တဲ့ နှစ်ကာလတွေရှိပေမဲ့ ကျွန်မတို့က အဝေးမှာလေ" ဟု သူမ ပြန်ချေပသည်။

"ကို့ အနီးမှာရှိတဲ့ ကို့ရည်းစားမိန်းမချောလေးတွေက ပိုပြီးကို့ကို ချည်နှောင်နိုင်မှာပါ"

သူမ တိုးတိမ်စွာပြောသည်။

 "ကို့ကို မချစ်လို့လား"

သူမ ပခုံးနှစ်ဘက်ကို ဆွဲကိုင်ကာမေးမိတော့  မော့ကြည့်သော သူမ၏မျက်ဝန်းတွေထဲမှာ ဘာမှ အဖြေရှာမတွေ့။

နားလည်ရခက်လိုက်တာ။ ဘာလို့ ဒီလောက်အေးစက်နေရတာလဲ။

သူမကို ချစ်သည်ဟု ပြောခဲ့မိတုန်းက ခပ်ဟဟရယ်ပုံက ရိုက်ပစ်ချင်စရာကောင်းခဲ့သည်။

အတော့်ကို သည်းခံနိုင်သူမို့သာ သူမကို ချစ်နိုင်သည်ဟု ကိုယ့်ကိုယ်ကိုတောင် ဘဝင်မြင့်မိသေးသည်။

အတော့်ကို စိတ်မရှည်ချင်စရာကောင်းတဲ့ သူမပဲ။

"ချစ်တာက ဖြစ်ပါတယ်" ဟု ပြန်ပြောသော သူမကို

"ဘာက မဖြစ်တာလဲ" ဟု မေးချင်စရာပင်။


"ချစ်တာကဖြစ်ပါတယ်။ ချစ်တာရဲ့နောက်ဆက်တွဲ သဝန်တိုတာတွေ၊ ချုပ်ချယ်တာတွေ လာမလုပ်နဲ့။
ပြီးတော့ မချစ်ချင်တော့ဘူးဆိုရင်လည်း ကြိုအသိပေးဦး။ ချစ်နေတုန်းပဲထင်ပြီးမှ တခြားတစ်ယောက်နဲ့ ချစ်နေတာကို ကျွန်မက မသိဘဲနဲ့ နောက်မှ ကိုယ့်ကိုမချစ်တော့ဘူးဆိုတာ သိရရင် မကောင်းဘူး။ တော်ကြာနေ ကိုယ့်ချစ်သူပဲဆိုပြီး ကို ..ဘာညာနဲ့ ပြောမိနေမှ တခြားမိန်းကလေးက စိတ်မကောင်းဖြစ်သွားဦးမယ်" တဲ့လေ။

ကြည့်ပါလား..သူမ သူ့ကို ဘယ်လောက်တောင် အထင်သေးသလဲ။


"မင်းကွာ..ကို့ကို ဘာလို့ အထင်သေးရတာလဲ"

"အမ်...အထင်မသေးပါဘူး...ဘယ်မှာထင်သေးလို့လဲ"

"မင်းပဲလေ ကိုယ့်ကို မိန်းမတွေနဲ့ ပြောနေတာ...ကိုယ်ကပဲ နှာဘူးကြီးကျနေတာပဲ"

"အွန်...တခြားဘာမှ အထင်မသေးပါဘူး။ မိန်းမတွေနဲ့လည်း အထင်သေးတာ မဟုတ်ပါဘူး။ အထင်ကြီးတာပါ။ ကိုက မိန်းမတွေအများကြီးနဲ့ ပတ်သက်တာပဲ ဟာ"

ဟုဆိုပြန်သည်။


ခက်ချေပြီ။

ဒီလိုနဲ့ပဲ သူမနှင့်ချစ်သူဖြစ်ခဲ့သည့်ကာလတလျှောက်လုံး သူ့ခံစားချက်များကို ပေါ့ပေါ့တန်တန် သဘောထားခံခဲ့ရသည်။ သူမ တခြားယောကျ်ားလေးများနှင့် စကားပြောဆိုနေလျှင် သူကသာ သဝန်တိုမိသလောက် သူမကတော့ ဘာမှ အမှုမထားသည့်ပုံ။

သူ့ ရည်းစားများကိုလည်း သူမ သိနေပြီး သူ့ နောက်ထပ် ရည်းစားများနှင့်ပတ်သက်ပြီး ဘာတစ်ခုမှ သူ့ကို ပြောခြင်းမရှိ။ သူမ သူ့ကို တကယ်ချစ်တာမှ ဟုတ်ရဲ့လားဟု သံသယဝင်မိချိန်တွင် သူ့ ကျန်းမာရေးအတွက် နွေ၊မိုး၊ ဆောင်း နှင့်လျော်ညီအောင် သူ့ အဝတ်အစားကို စွပ်ကျယ်၊ ခြေအိတ်မှစကာ ဂရုစိုက်စီစဉ်ပေးသော သူမကို နားမလည်နိုင်ပြန်။

တစ်ခါခါမှာ သူမသည် မိခင်တစ်ဦးနှင့် တူပြန်သည်။
တစ်ခါခါမှာ ရည်းစားထားခြင်းနှင့် လက်ထပ်ခြင်းသည်အတူတူပင်ဖြစ်သဖြင့် ရည်းစားများထဲကတစ်ယောက်ကို လက်ထပ်ဟုဆိုကာ မသိသားဆိုးရွားနိုင်ပြန်သည်။

"ကို့ကို ဘာလို့ လက်မထပ်ချင်ရတာလဲ"

သူမေးတော့ သူမက "ကို့မှာ တခြားရည်းစားတွေရှိတယ်လေ။ သူတို့သနားပါတယ် "ဟုဆိုသည်။

ကျွတ်

သူ့ သူငယ်ချင်းများက မင်းတော့ ကျွတ်ပြီဟုပြောကြသည်။

"ရည်းစားတွေ မရှိတော့ပါဘူး " ဟုဆိုတော့လည်း သူမက

"ဘာလို့လဲ ...သူတို့ဒီလောက်လှတာ...ယူလိုက်ပါကွာ တစ်ယောက်ယောက်။ ကိုက လိမ္မာပါတယ် " ဟု ဆိုပြန်သည်။

ဘဝလက်တွဲဖော်ဆိုတာ ရည်းစားနဲ့ မတူဘူုးဆိုတဲ့အကြောင်း သူမ နားလည်အောင် ပြောပြတိုင်းမှာ သူမက ခပ်တွေတွေ ငေးငေးလေးကြည့်တတ်ပြန်သည်။


"ဒီတစ်ခါနောက်ဆုံးမေးမယ် ...ကိုယ့်ကို လက်ထပ်မှာလား"

 သူမ ခေါင်းခါ သည်။

 ဒီလိုနဲ့....

"ဘာကြောင့် အိမ်ထောင်မပြုသေးတာလဲ။ လူပျိုကြီးရေ ဘယ်တော့ စားရမှာလဲ "စသည်ဖြင့် စနောက်ပြောင်သည့် မိတ်ဆွေများရဲ့ အမေးကို


"ကျွန်တော့်ချစ်သူက ကျွန်တော့်ကို အပျော်ပဲ သဘောထားပြီး မယူလို့" ဟု ပြန်ဖြေလိုက်မိခြင်းသည်

တကယ်ပြောတာ ဟု။
                           
                                                                                                                                 ဟနစံ
                                                                                                       ၁၃ ရက်၊ မေလ၊ ၂၀၁၁ ခုနှစ်။

No comments:

Post a Comment