လူငယ်လေးတွေတော်တော်များများနဲ့ ကျွန်မ တွေ့ဆုံစကားပြောဖူးပါတယ်။
များသောအားဖြင့် အသက်၁၆ နှစ်မှ အသက် ၂၀ ကျော် လူငယ်လေးတွေပါ။ ကျွန်မ ကို
မိန်းကလေးတွေက သူတို့ရဲ့ နှလုံးသားရေးရာ တွေကို ပြောပြတိုင်ပင်လေ့ရှိပါ
တယ်။ သူတို့ အိမ်မှာဆို အမေ ၊ အစ်မ စသည် ကို မပြောရဲ တာတွေ ကို ကျွန်မ ကို
ပွင့်ပွင့်လင်းလင်း ပြောပြလေ့ရှိပါတယ်။ ကျွန်မ ကလည်း လူငယ်တွေကို
ဘာပဲခံစားရ ခံစားရ ၊ ကြုံတွေ့ရ ကြံုတွေ့ ရ ကျွန်မ ကို သူငယ်ချင်းအရင်း
တစ်ယောက်လို ၊ အစ်မရင်းတစ်ယောက်လို ပြောပြတိုင်ပင် နိုင်ကြောင်း အမြဲတန်း
ဖွင့်ပေးထားပါတယ်။
ယောကျင်္ားလေးတွေကတော့ လုပ်ငန်းခွင်မှာ
ကြုံတွေ့ရတဲ့ ပြဿနာ လေးတွေ ၊ အိမ်မှာ အဖေ နဲ့ မတည့်လို့ ၊ အဆင်မပြေ လို့
စတာလေးတွေကို ပြောပြ ရင်ဖွင့်တတ်ပါတယ်။ မိန်းကလေးရော ၊ ယောကျင်္ားလေးရော
အများစု ပြောတတ်ကြတာတော့ အိမ်မှာ အဖေ နဲ့ အမေ က ကျွန်မ ကို မချစ်ဘူး။
ကျွန်တော့်ကို မချစ်ဘူး။ ဂရုမစိုက်ကြဘူး စသည်ဖြင့်ပါ။ အိမ်မပြန်ချင်ဘူး။
အိမ်ပြန်ရင် အဖေ က ဆူနေတာပဲ။ အမေ က ဆူနေတာပဲ ဆိုတာလေးတွေလည်းကြားရတတ်ပါတယ်။
ကျွန်မ အမြင်ကတော့ အိမ်မှာ ကိုယ့်ကို ဆူမယ့် မိဘ ရှိနေတာကိုကပဲ
အင်မတန်ကံကောင်းနေပါပြီ။ မွေးကတည်းက မိဘ ဘယ်သူဘယ်ဝါရယ် မသိတဲ့ ကလေးတွေ
ဒီကမ္ဘာပေါ်မှာ အများကြီးပါ။ ကိုယ့်မှာ မိဘ လို့ ခေါ်စရာ ရှိတယ်။
အားကိုးစရာ ရှိတယ်။ ပြန်စရာ အိမ်ရှိတယ်။ မိသားစု ရှိတယ်။ ဒါ
အင်မတန်ကံကောင်းတာပဲ။ ယနေ့ခေတ် ကမ္ဘာကြီး ကိုကြည့်လိုက်ပါ။ ရာသီဥတု
ဘေးဆိုးဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့တွေ အများကြီးဖြစ်သွားကြရတယ်။ မိသားစုတွေ
တကွဲတပြား ဖြစ်သွားကြရတယ်။ သေကွဲ ကွဲရတာရော ၊ ရှင်ကွဲ ကွဲရတာရော။ အမိုးအကာ
မလုံမခြံု နဲ့ အိပ်စက်ရတယ်။ မနက်ဖြန်မှာ ဘာဖြစ်မလဲ ဆိုတာ ကို မသိဘူး။
တွေးပူနေရတယ်။ မနက်ဖြန်မှာ ဘာစားရမယ် ဆိုတာ ကို မသိဘူး။ စားစရာ ရှိပါ့မလား
ဆိုတာကို မသိဘူး။
ခု..ကျွန်မ မိတ်ဆွေ လူငယ်လေးတို့ က မနက်ဖြန်မှာ
စားဖို့ကို ကြိုပြီးတောင်အိမ်ကို မှာနေသေးတာပဲ။ မနက်ဖြန်မနက်စာ
မုန့်ဟင်းခါးစားမှာနော်။ မနက်ကျရင် အီကြောကွေး နဲ့ ပဲပြုတ် စားမှာ နော်
စသည်ဖြင့် လည်း ချေးများခွင့်ရှိသေးတယ်။ ကျောင်းတက်ချင်တယ်လား ။
သင်တန်းတက်ချင်တယ်လား တက်ခွင့်ရှိတယ်။ ကျွန်မ ရီးဒါးစ်ဒိုင်ဂျက်စ် မဂ္ဂဇင်း
မှာ ဖတ်လိုက်မိတာ က ယနေ့ကမ္ဘာပေါ်မှာ ကျောင်းမနေ ရ ၊ စာမသင်ရတဲ့ ကလေးဦးရေ
သန်း ၃၀၀ ကျော်ရှိနေတယ်တဲ့လေ။ ကမ္ဘာကြီး ရဲ့ တခြားဘက်ကို ကြည့်လိုက်ရင်လည်း
အငြိုးအတေး အဃာတ တွေကြောင့် စစ်ပွဲ တွေဖြစ်နေတာ မပြီးဆုံးသေးဘူး။
အဲဒီတိုင်းပြည်က လူတွေဆို ဘယ်လို များ မိဘ ကို ကိုယ့်ကို မချစ်ဘူး။
အလိုမလိုက်ဘူး။ လိုချင်တာ ဝယ်မပေးဘူး လို့ ဘယ်လို များစောကဒ
တက်ခွင့်ရှိကြပါ့မလဲ။ မိဘ က ကိုယ့်ကို ဂရုမစိုက်ဘူး လို့ထင်နေရတာကလည်း
အခုခေတ်ကြီးမှာက အိမ်ထောင်ဦးစီးရော ၊ အိမ်ရှင်မ ပါ အပြင်ထွက်
အလုပ်လုပ်ကြတဲ့ ခေတ်ကြီးမဟုတ်လား။မိဘတွေက မအားကြရပါဘူး။ လူမှုရေး
အလုပ်လေးတွေ ကလည်းရှိသေးတော့ သာရေး ၊ နာရေး လေးတွေကိုလည်း
မသွားမဖြစ်သွားရသေးတယ်။ အဲသည်တော့ အိမ်မှာ နေရတဲ့ အချိန်က ရှားပါးလာကြပြီ။
ကလေးတွေ နဲ့ နွေးနွေးထွေးထွေး နေရတဲ့ အချိန်က နည်းလာကြပြီ။ တကယ်တော့
ကလေးတွေကို ဂရုမစိုက်တာ မဟုတ်ပါဘူး။ ကလေးတွေ ကို ချစ်လွန်းလို့သာလျှင်
အပြင်ထွက်
စီးပွားရှာရကြတာပါ။ ကလေးတွေ ရဲ့ နောင်ရေး
ကိုစိတ်အေးရအောင် ၊ မပူပင်ရလေအောင် မိဘ တွေက ကြိုးစားပြီးစီးပွားရှာနေကြရတာ
ပါ။ မိဘ ဆိုတာကတော့ သားသမီးကို မချစ်ဘူး ဆိုတာ မရှိပါဘူး။ ကျွန်မ က
အဲသည်လို ပြောပြ ၊ ရှင်းပြတော့ ကျွန်မ ရဲ့ မိတ်ဆွေလေးတွေက
အထွန့်တက်ကြသေးတယ်။ အဖေ နဲ့ အမေ က ကျွန်တော့်ကို မချစ်ပါဘူး။ အစ်ကို့ ကို
ပိုချစ် တာ၊ အစ်မ ကိုပိုချစ်တာ။ ညီလေး ကိုပိုချစ်တာ ။ ညီမလေး ကိုပိုချစ်တာ ။
မောင်လေး ကို ပိုချစ်တာ။ စသည်ဖြင့် ပြောကြပါသေးတယ်။ မိဘ တွေက
သားသမီးတိုင်းကို အတူတူပဲ ချစ်တယ်။ မျက်နှာမလိုက်ဘူး လို့ရော မမ ထင်လား
တဲ့လေ။ ကျွန်မ ပါ ပြန်အမေးခံနေရတယ်။ ကဲ...ထားပါတော့လေ။ ကိုယ့်ထက်ပိုပြီး
တခြားမောင်နှမတွေကို ချစ်တယ် ပဲထားပါဦး။ အဲဒါ ကိုယ့်မောင်နှမ
အရင်းကြီးပဲမဟုတ်လား။
၀မ်းတောင်သာရဦးမယ်။ ကိုယ့်ကို ဂရုမစိုက်ဘူး
လို့ရော ထင်နေသလား။ မိဘ ဆိုတာ က ဂရုစိုက်ဖို့ လိုတဲ့ သားသမီး ကို
ဂရုစိုက်တယ်။ စိတ်ချ လို့ ရတဲ့ သားသမီး ကျတော့ ထွေထွေထူးထူး ပြောပြ
သွန်သင်နေစရာ မလိုတော့ ၊ စိတ်ပူပင်နေစရာ မလိုတော့ မိဘ က စိတ်ချ လက်ချ
ရှိနေတာ ကို သား ၊ သမီး ဘက်ကကျတော့ ကိုယ့် ကို ဂရုမစိုက်ဘူး လို့
ထင်နေကြတာပါ။ အမှန်ဆို ကိုယ်က ဝမ်းသာ ဂုဏ်ယူဖို့တောင် ကောင်းသေးတာ။ ကိုယ်က
မိဘ စိတ်ပူပင်စရာ မလိုတဲ့ သားသမီး ဆိုတာကို။
အမေ က သမီးကို
အမြဲ ပိတ်ပင်နေတာပဲ။ ဟိုမသွားရ ၊ ဒီမသွားရ နဲ့ စိတ်ညစ်ပါတယ် မမရယ် ။
ဆိုတာလည်း မိန်းကလေးတော်တော်များများ ဆီက ကြားရပါတယ်။ အမေ ဆိုတာ က
သမီးမိန်းကလေး ကို ပိုလို့ စိတ်ပူမှာပေ့ါ။ မိန်းကလေး ဆိုတာ က ကိုယ်က
အမှားမကျုးလွန်ပါပဲ နဲ့ လည်း သူတစ်ပါး မှားယွင်းမှု နဲ့ လည်း ဘဝ
ပျက်နိုင်သေးတာကိုး။ ကိုယ်က လူကောင်းဖြစ်ပါလျက် နဲ့ မကောင်းတဲ့
သူတွေကြောင့်လည်းကိုယ်မှာ နစ်နာ နိုင်တာကိုး။ မိန်းကလေး ဆိုတာ အရွယ်မရွေး
အန္တရာယ် ကိုကြုံတွေ့ နိုင်တာပဲ။ အသက်အရွယ်ငယ်သေးလေ ပိုလို့ စိတ်ပူရလေပဲလေ။
ဘာမှ မသိနားမလည်လို့ အန္တရာယ် ကို မရှောင်နိုင်တာမျိုး ၊ အန္တရာယ် ကို
အန္တရာယ် မှန်း မသိတာ မျိုး ဖြစ်တတ်တော့ မိခင် က အရွယ်မရောက်သေးတဲ့
ဆယ်ကျော်သက်အရွယ် သမီးတွေကို အမြဲလိုက်ပြီး မစောင့်ရှောက်နိုင်ရင်
သမီးတွေကို ဟို မသွားရ ၊ ဒီမသွားရ တားဖြစ်တာကို ချုပ်ချယ် တယ်
ထင်နေကြတာကိုး။ အရွယ်ရောက်လို့ အရာရာ ကို နားလည်သဘောပေါက်ပြီး အန္တရာယ် ကို
အန္တရာယ် မှန်း သိလို့ ရှောင်နိုင် ၊ ကာကွယ်နိုင် တဲ့ အရွယ်ဆိုရင်တော့
မိခင် ကလည်း စိတ်ချမှာပေ့ါ။ ကျွန်မ လည်းအဲဒီအရွယ်တုန်းက မေမေ့ကို အထင်
အမြင်လွဲခဲ့တာပဲလေ။
နောက်ပြီး မိန်းကလေး တစ်ချို့
တိုင်ပင်တတ်ကြတာရှိသေးတယ်။ အသည်းကွဲနေသည်ပေ့ါ။ မအိပ်နိုင်မစားနိုင် နဲ့
ကျန်းမာရေးပါ ထိခိုက်လာတယ်ပေ့ါ။ အဲသည်လို မိန်းကလေး မျိုး ကိုတော့ ကျွန်မ က
ထားဝယ်ကြိမ် နဲ့ သာ နာနာ ရိုက်ချင်တော့တာပါပဲ။ လူရယ်လို့ ဖြစ်လာကတည်း က
ရည်းစားထားဖို့ တစ်ခု တည်း အလုပ်ရှိတာမှ မဟုတ်ဘဲ။ လူ ရယ်
လို့ဖြစ်လာကတည်းကို က ကျေးဇူးတင်ရမယ့်သူတွေ ၊ ကျေးဇူးဆပ်ရမယ့်သူတွေ ၊
ကျေးဇူးပြုရမယ့် သူတွေ အများကြီးပါ။ ကိုယ့်ပတ်ဝန်းကျင် အတွက်ရော လုပ်ပေးစရာ
တွေ အများကြီးပါ။ ကိုယ့်ဘဝ ရှေ့ရေးအတွက်လည်း လုပ်စရာတွေအများကြီးပါ။
အသည်းကွဲနေတယ် ဆိုပြီး ထိုင်ငို နေလို့ ကုန်သွားတဲ့ အချိန်တွေ ၊ အင်အား တွေ
ကို နှမြောဖို့ကောင်းပါတယ်။ ကိုယ့်ကို နှိပ်စက်နေတာက ကိုယ့်စိတ်ပဲ ဆိုတော့
ကိုယ့်စိတ်ကို ပျော်အောင်နေပြီး လုပ်စရာ ရှိတာတွေ လုပ်နေမှ မိန်းကလေး က
စိတ်မလေ မှာပေါ့။ အားနေတဲ့ အချိန်တွေမှာလည်း ဖတ်စရာ စာအုပ်တွေလည်း
အများကြီးရှိပါတယ်။ သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်း တွေ ဖတ်မလား။ ဘာသာရေး
စာအုပ်တွေဖတ်မလား။ အတွေးအမြင် ဒဿန စာ တွေဖတ်မလား။ နောက်ဆုံး ဘာမှ
မဖတ်ချင်ရင်တောင် အင်္ဂလိပ်စာ သင်ခန်းစာ စာအုပ်တွေ ဖတ်ပြီး လေ့လာရင်တောင်
ကိုယ့်မှာ အကျိုးရှိတာပဲကို။ ဘဝ လက်တွဲဖော် ဆိုတာ မလိုအပ်ဘူး လို့
မပြောပါဘူး။ အချိန်တန်ရင် အရွယ်ရောက်ရင်
ကိုယ့် အတွက်ဖူးစာရှင်
အစစ်အမှန်က ကိုယ့်ဆီရောက်လာမှာပါ။ ဘယ်ကို မှ လိုက်ရှာနေစရာ မှမလိုတာ။
ငယ်သေးတဲ့အချိန်မှာ ဖူးစာရှင် ရှာမိရင်လည်း ကိုယ်က မရင့်ကျက်သေးတော့ ဘာမှ
အကောင်း ၊ အဆိုး ဝေဖန်ပိုင်းခြားနိုင်သေးမှာမဟုတ်ဘူး။ ရည်းစား ဘဝ မှာတော့
မိန်းကလေး တွေဟာ ကိုစိတ်ကောင်း၊ မောင်စိတ်ကောင်း လေးတွေကိုပဲတွေ့ကြမှာပါ။
ဘာလို့လည်းဆိုတော့ ရည်းစားဘဝ မှာက ဟန်ဆောင်နေကြတာကိုး။ မိန်းကလေး ရှေ့ မှာ
ယောကျင်္ားလေး ကလည်း အကောင်းဆုံး ဖြစ်အောင် နေပြမှာပေ့ါ။
တွေ့တဲ့အချိန်ခဏလေးအတွင်းမှာ ဟန်ဆောင်ရတာ ပဲ။ အဲဒါကို အဟုတ်ထင်ပြီး
ရူးရူးမိုက်မိုက် အားကိုး မိလိုက်ရင်ဖြင့် ဒုက္ခတွေ ပင်လယ်ဝေတော့မှာပေ့ါ။
အချိန်မတန်သေးချိန် ၊ အရွယ်မရောက်သေးချိန်မှာ ကိုယ့်ဘဝ တိုးတက်ရာ
တိုးတက်ကြောင်း ကို ပဲ စိတ်ဝင်တစားလုပ်နေပြီး အရာရာ
ချင့်ချိန်စဉ်းစားနိုင်တဲ့ အရွယ်ကျမှ ဘဝ ဖော် ကို ရွေးချယ်တာ
အသင့်တော်ဆုံးပါပဲ။
နောက်ပြီး အချစ်နဲ့ ပတ်သက်လို့
သူတို့လေးတွေခံစားရတာက သူတို့ ကို ချစ်မယ့်သူ မရှိဘူး။ ချစ်သူ က သူတို့
ချစ်သလောက်ပြန်မချစ်ဘူး။ ဆိုတာတွေပါပဲ။ ကျွန်မ ကတော့ ကျွန်မ ကို
ချစ်တဲ့သူတွေ အများကြီးရှိတယ် လို့ထင်ပါတယ်။ ကျွန်မ နံနက်ခင်း အိပ်ရာ
နိုးရင် ပြတင်းပေါက်က တဆင့်ဝင်လာတဲ့ နေရောင်ခြည်နွေးနွေးလေး တွေကို
ခံစားရပါတယ်။ နေမင်းကြီး က ကျွန်မ ကိုချစ်လို့ သာ ကျွန်မ ကို
အနွေးဓါတ်ပေးတာပေ့ါနော်။ ငှက်ကလေးတွေကရော ကျလိ ကျလိ နဲ့ ကျွန်မ ကို
သီချင်းဆိုပြနေလိုက်တာ ကျွန်မ ကို ငှက်ကလေးတွေက ချစ်လို့ပေ့ါ။ မိုးဖွဲလေး
တွေကြားထဲ ထီးမဆောင်းဘဲ လမ်းလျှောက်မိတဲ့အခါ အေးမြတဲံ မိုးစက် ၊
မိုးပေါက်လေး တွေရဲ့ အထိအတွေ့ ကို ကျွန်မ ခံစားရတာ မိုးစက်လေးတွေက ကျွန်မ
ကိုချစ်လို့ပေ့ါနော်။ သူတို့တင်မကပါဘူး။ ပန်းလေးတွေကလည်း ကျွန်မ ကို
ချစ်လို့ ကျွန်မ ကို မွှေးရန့ ံ တွေပေးပြန်ပါတယ်။ ကျွန်မ ချစ်တဲ့ စံပါယ်
ဖြုဖြုဖွေးဖွေးလေး တွေရဲ့ ရနံ့တွေက နံနက်ခင်းဆို လေညှင်းနဲ့ အတူ ကျွန်မ ကို
လန်းဆန်းစေတယ်လေ။ လေပြည်လေညှင်းလေး ကလည်း ကျွန်မ ကိုချစ်တာပဲလေ။ ညနေခင်း
လမ်းလျှောက်ထွက်ရင် လေညှင်းလေးတွေက ကျွန်မ ကို ထိပြီး ကျီစယ်သွားကြတာလေ။
ညဘက်ဆို ရာသီဥတုကြည်လင်တဲ့အချိန်ဆိုရင် ကောင်းကင်မှာ ကြယ်လေးတွေက မှိတ်တုတ်
မှိတ်တုတ် နဲ့ အနက်ရောင် ကတ္တီပါစပေါ်မှာ စိန်ပွင့်လေးတွေကျဲပက်ထားသလိုပဲ။
အင်မတန်ကြည့်လို့ကောင်းပြီးလှတာပဲ။ ကျွန်မ မျက်စိပသာဒ ဖြစ်စေဖို့
ကြယ်လေးတွေက လှပေးနေလိုက်တာ သူတို့ ကျွန်မ ကိုချစ်လို့ပေါ့နော်။
ကျွန်မ
ကို ချစ်တဲ့သူတွေ ဒီလောကကြီးမျာ အများကြီးရှိတာ ကျွန်မ တော့ ဘယ်တော့ မှ
ဝမ်းမနည်းပါဘူး။ ကျွန်မ ရဲ့ မိတ်ဆွေလေးတွေရော အဲဒီလို ကိုယ့်ကိုချစ်တဲ့
နေရာင်ခြည်လေးတွေ ၊ ငှက်ကလေးတွေ၊ ပန်းကလေးတွေ၊ မိုးစက် မိုးပေါက်လေးတွေ၊
လေညှင်းလေးတွေ ၊ ကြယ်လေးတွေကို မတွေ့မိဘူးလား။
(ဟနစံ)
No comments:
Post a Comment