ဗယ်လင်တိုင်းဒေးဆိုတဲ့ ချစ်သူများနေ့နီးလာပြီဆိုတော့ အချစ်အကြောင်းတွေ ပြောနေကြပါတယ်။
အချစ်ဆိုတာ ဘာလဲလို့ မေးတဲ့မေးခွန်းကို အချစ်ဆိုတာ ဘာပါလို့ အတိအကျ ဖြေဖို့
ခက်သလို ခုချိန်ထိလည်း ဘယ်သူကမှ တိတိကျကျ
အဓိပ္ပါယ်ဖွင့်ဆိုမပြောထားကြပါဘူး။ မောင်နှမချစ်၊ သားအမိချစ်၊ သူငယ်ချင်း ၊
ချစ်သူရည်းစားအချစ်စတဲ့ အချစ် အမျိုးမျိုးအနက်မှ မိန်းကလေးတစ်ဦးနဲ့
ယောက်ျားလေးတစ်ဦး ချစ်ကျွမ်းဝင်တဲ့ ချစ်သူအချစ်ဆိုတာကို ကိုယ့်
ခံစားချက်နဲ့ကိုယ်၊ ကိုယ့်ယူဆချက်နဲ့ကိုယ် အချစ်ဆိုတာ ဘယ်လိုဆိုတာကို
တစ်ယောက်တစ်မျိုး ပြောနေကြတာပါပဲ။
အချစ်ဆိုတာ တကယ်မရှိဘူးလို့ပြောကြသလို အချစ်ဆိုတာ အစစ်အမှန်တကယ်တည်ရှိတယ်လို့လည်း ပြောကြပါတယ်။
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်း၊ ပေးဆပ်ခြင်း စသည်ဖြင့်လည်း ကြားဖူးသလို အချစ်ဆိုတာ ရင်ခုန်လှိုက်မောခြင်းလို့လည်း ပြောနေကြပါတယ်။
အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်းလို့လည်း ပြောကြပြန်ပါတယ်။ အချစ်ဆိုတဲ့
ခံစားချက်ဟာ တစ်သက်မှာ တစ်ခါသာ ဖြစ်ပေါ်တယ်လို့ ပြောတဲ့သူများ ရှိသလို
အချစ်ဆိုတာ အဖန်တလဲလဲ အသစ်မွေးဖွားဖြစ်တည်နိုင်တယ်လို့ ပြောတဲ့သူများလည်း
ရှိပါတယ်။
အချစ်ဆိုတာ အမြဲတည်မြဲနေပြီး အရာရာကို အချစ်ကြောင့် အောင်နိုင်တယ်လို့လည်း ပြောကြပြန်ပါတယ်။
အချစ်ဆိုတာ မတည်မြဲဘူးလို့လည်း ပြောကြတာတွေလည်း ရှိပါတယ်။
အချစ်က အရာရာကို ကောင်းအောင် ပြုပြင်နိုင်တယ်လို့ ပြောနေကြသလို အချစ်ကြောင့် ဘဝပျက်တတ်တယ်လို့လည်း ပြောကြပြန်ပါတယ်။
အချစ်ဆိုတာ တစ်ကိုယ်ကောင်းမဆန်ဘူးလို့ ပြောကြပါတယ်။ အချစ်နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိဘူးလို့လည်း ပြောကြပြန်ပါတယ်။
အချစ်ဆိုတာ ဗျုဟာတစ်ခုလိုပဲလို့ ပြောကြသလို အချစ်ဆိုတာ ရိုးစင်းအပြစ်ကင်းတယ်လို့လည်း ပြောကြပြန်ပါတယ်။
အချစ်ဆိုတာ ခံစားရုံသက်သက်မဟုတ်ဘဲ လက်တွေ့ တွေ့ကြုံ ချစ်ကျွမ်းဝင်ရာလို့လည်း ပြောကြပါတယ်။
အချစ်အကြောင်းကို သီချင်း၊ ကဗျာ၊ လင်္ကာများနဲ့ ဝထ္ထုတွေထဲမှာ ခမ်းခမ်းနားနားဖွဲ့ဆိုထားကြပါတယ်။
ရုပ်ရှင်၊ ပြဇာတ်များမှာလည်း အချစ်အကြောင်း ဆွတ်ပျံ့ကြည်နူးဖွယ်၊ လွမ်းဆွေးဖွယ် သရုပ်ဆောင်ပြကြပါတယ်။
မိန်းကလေးနဲ့ ယောက်ျားလေး တစ်ဦးနဲ့တစ်ဦးကြား ချစ်ခြင်းမေတ္တာမှာ အနိုင်၊ အရှုံးတွေပြောတတ်ကြတာလည်း ကြားဖူးပါတယ်။
အချစ်ဆိုတာ မာယာများနဲ့ ကစားပွဲတစ်ခုလိုလည်း ပြောကြပါတယ်။
အရာဝထ္ထုအဖြစ် တည်ရှိခြင်း မဟုတ်တဲ့ စိတ္တဇနာမ်ဖြစ်တဲ့ စိတ်ခံစားမှု
အချစ်ဆိုတာဟာ နားလည်လက်ခံသူအပေါ်မှာ မူတည်ပြီး အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ
ကွဲပြားသွားကြပါတယ်။
ကျွန်မ သိတဲ့အချစ်ဆိုတာကတော့ ချစ်နေတာပါပဲ။ အချစ်ဆိုတာ ရယူခြင်း၊ ပေးဆပ်ခြင်းဆိုတာတွေထက် အချစ်ဆိုတာ ချစ်နေခြင်းပါပဲ။
ချစ်မနေဘဲနဲ့ အချစ်ဆိုတာ ရှိမှာ မဟုတ်ပါဘူး။
စာသင်ကျောင်းမှာ သမိုင်း၊ ပထဝီ၊ သင်္ချာစသည့် ဘာသာရပ်များကို
သင်ယူရသော်လည်း အချစ်ဆိုတဲ့အကြောင်းကိုတော့
သင်ရိုးညွှန်းပြဌာန်းစာအုပ်များမှာ မတွေ့ရှိရပါဘူး။ အချစ်ဆိုတာ
သင်ယူရခြင်းမဟုတ်ဘဲ တွေ့ကြုံခံစားရခြင်းဆိုတာပဲ ဖြစ်မယ်ထင်ပါတယ်။
အချစ်ဟာ ကစားပွဲတစ်ခုမဟုတ်တဲ့အတွက် အရှုံး၊ အနိုင်ဆိုတာ မရှိပါဘူး။
အရှုံး၊ အနိုင်ကိုတွက်ချင်တယ် သိလိုတယ်ဆိုရင် လောင်းကစားပွဲတစ်ခုမှာ
သွားကစားတာက အသင့်တော်ဆုံးပဲ မဟုတ်လား။ အချစ်ဆိုတာ လောင်းကစားပွဲက အဖြေလို
အရှုံး၊ အနိုင်ဆိုတာမျိုး မရှိပါဘူး။
စီးပွားရေးလုပ်ငန်းတစ်ခု (စီးပွားဖြစ် ချစ်တယ်ဆိုတာမျိုး) မဟုတ်တဲ့အတွက် အမြတ်၊ အရှုံးဆိုတာလည်း မရှိပါဘူး။
ဒါပေမဲ့ အချစ်ကြောင့် လူမှုရေးမှာတော့ အမြတ်၊ အရှုံး ရှိလာနိုင်ပါတယ်။
ချစ်ခင်နှစ်သက်ခြင်းဆိုတာက ကောင်းမွန်ပါတယ်။ မိမိချစ်မြတ်နိုးသူကို ရယူပိုင်ဆိုင်လိုတာ လူ့သဘာဝပဲဖြစ်ပါတယ်။
ဒါပေမဲ့ အပြန်အလှန်ချစ်ခြင်းမေတ္တာဆိုတာ တစ်ဘက်တည်းကပဲ ချစ်နေလို့ မရတာပါ။
အခြားတစ်ဘက်ကို မိမိကို မိမိက သူ့ကို ချစ်သလို မချစ်ဘူးဆိုရင် ၊ ဒါမှမဟုတ်
မိမိ ချစ်မြတ်နိုးသူရဲ့ အချစ်ကို မရဘူးဆိုရင် စိတ်မှာ
ဒေါသဖြစ်လာတတ်ပါတယ်။ မိမိချစ်မိသူက မိမိကို ပြန်မချစ်လို့
သင့်တဲ့ဒေါသမှသည် မိမိချစ်သူဟာ မုန်းသူအဖြစ် မိမိရဲ့ စိတ်မှာ
အသွင်ပြောင်းသွားတတ်တာဟာ အချစ်မဟုတ်ပါဘူး။ မိမိကို မချစ်လို့
ရန်သူသဖွယ်ကိုယ်က ဆက်ဆံပြောဆိုတာဟာ မိမိရဲ့ သူ့အပေါ်ချစ်တယ်ဆိုတဲ့
မူလစိတ်ဟာ မေတ္တာမဟုတ်ပါဘူး။ ပစ္စည်းတစ်ခုကို ရယူပိုင်ဆိုင်လိုသလိုမျိုး
လူတစ်ယောက်ကိုလည်း အရာဝထ္ထုပစ္စည်းတစ်ခုလို မိမိက သဘောထားမိတာပါ။
ချစ်မိသူအပေါ် မေတ္တာသက်ဝင်တယ်လို့ မိမိစိတ်ကို မိမိ ထင်ယောင်မှားတာပါ။
တကယ် မေတ္တာမှန်ရင် ဒေါသသင့်မှာ မဟုတ်ပါဘူး။ မေတ္တာမှန်တယ်ဆိုရင် ကိုယ်နဲ့
မသက်ဆိုင်ရင်တောင်မှ သူ့အကျိုးမဲ့ရာ မဲ့ကြောင်းကို မလုပ်ပါဘူး။
အချစ်ကိုရရှိဖို့အတွက်တော့ ဘယ်သူမဆို ကြိုးစားကြပါတယ်။ ရယူဖို့
မာယာပရိယာယ်တွေနဲ့ အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးရယ်လို့
အကြောင်းပြချက်နဲ့ အချစ်တစ်ခုကိုရဖို့အတွက် ကိုယ့်လိပ်ပြာကို ကိုယ်ညာတာက
အချစ်မဟုတ်ပါဘူး။
အချစ်ဆိုတာ ရိုးရိုးစင်းစင်း ချစ်မြတ်နိုးခြင်းပါပဲ။ နှစ်ဦးနှစ်ဘက်လုံးက
ရိုးသားစွာချစ်မြတ်နိုးခြင်း( honesty and sincerity) ြြဖြစ်မယ်ဆိုရင်
ဆိုးကျိုးတွေလည်း ရှိမလာနိုင်ပါဘူး။ ရူပေဗဒ သင်ခန်းစာဖြစ်တဲ့ Coulomb's
Law လိုပါပဲ။ နှစ်ဘက် အပြန်အလှန်ဆွဲငင်အားကြောင့် နှစ်ဦးပေါင်းဘဝအတွက်
ကောင်းကျိုးဖြစ်တာပါ။ ဒီကမ္ဘာမှာ အချစ်နဲ့ မထိုက်တန်သူရယ်လို့ မရှိပါဘူး။
အချစ်ဆိုတာကို အားလုံးခံစားနိုင်ပါတယ်။
စစ်မှန်တဲ့အချစ်ဆိုတာကို တွေ့ရှိဖို့က ခက်ခဲလွန်းပါတယ်ဆိုတဲ့ အကြောင်းတစ်ခုကြောင့် အချစ်ဆိုတာနဲ့ဝေးကွာနေတဲ့သူတွေ အများအပြားပါ။
တစ်စုံတစ်ဦးကို ချစ်လိုက်ဖို့ကို ကြောက်လန့်နေတဲ့သူတွေ အများအပြားပါ။
ဟုတ်ပါတယ်...ကိုယ့်အတွက် စစ်မှန်တဲ့အချစ်၊ ကိုယ့်အတွက် ဖူးစာဖက်ဆိုတဲ့
အသင့်တော် အမှန်ကန်ဆုံးလူကို တွေ့ဖို့ ဆုံဖို့ဆိုတာက ခက်ခဲပါတယ်။
အခြားတစ်ဘက်ကို အပြစ်မတင်ဘဲနဲ့ မိမိကိုယ်တိုင်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်
မိမိကိုယ်တိုင်ရဲ့အတွေးတွေ ၊ အပြုအမူတွေကသာ မိမိကိုယ်တိုင်ကို
စီရင်နေတာဖြစ်ပါတယ်။
(ကံ ၊ ကံ၏ အကျိုးဆိုတာပေါ့။ မိမိပြုမူလုပ်ဆောင်ချက်တွေကြောင့်ဖြစ်လာတဲ့ အကျိုးဆက်ပါ။)
လူတစ်ဦးချင်းစီတိုင်းဟာ ချစ်ခြင်းမေတ္တာမှာ မိမိကိုယ်တိုင်ကိုနဲ့
ချစ်သူအပေါ်ကို ရိုးသားတာကနေ အချစ်ဘဝတစ်ခုတည်းမှာတင်
ပျော်ရွှင်ရတာမဟုတ်ပါဘူး။ မိမိရဲ့အတွေးတွေ၊ အပြုအမူတွေရိုးသားခြင်းတွေဟာ
အကျိုးဆက်အဖြစ် ဘဝရဲ့အခြားနယ်ပယ်များမှာပါ အောင်မြင်မှု ရရှိပြီး
မိမိကိုယ်တိုင်ပျော်ရွှင်ခြင်းဟာ မိမိကိုယ်တိုင်ကြောင့်မှသာ ရရှိနိုင်မှာ
ဖြစ်ပါတယ်။
No comments:
Post a Comment