Wednesday, 1 February 2017

ဒီဇင်ဘာတေးသံ






"အား...အေးလိုက်တာ"
ကျောင်းဘတ်စ်ကားပေါ်မှ ပထမဦးဆုံးဆင်းသည့် သူမက ပြင်ပလေထု အအေးဓာတ်ကို အရင်ဆုံး ခံစားလိုက်ရသည်။ဒီနှစ် ရန်ကုန်ဆောင်းက ပိုအေးသည်ပေပဲ။ ဒီဇင်ဘာ ခရစ္စမတ်နှင့် နှစ်သစ်ကူး ကျောင်း ၂ ပတ်ပိတ်ရက်တွေမှာ ခရီးမထွက်ဘဲ ရန်ကုန်တွင်ကျန်နေသော သူမက ကျောင်းသား၊ ကျောင်းသူများ Carol သီချင်းဆိုထွက်သည့်အခါ လိုက်ပါဖို့ တာဝန်ဖြစ်လာသည်။ ကျောင်းနှင့် ပတ်သက်ရာ ပတ်သက်ကြောင်း အိမ်များသို့ ဖိတ်စာပို့ အကြောင်းကြားထားနှင့်ပြီး ညဦးမှ စတင်ကာ Carol သီချင်းလိုက်ဆိုကြသည်။ တစ်အိမ်ပြီး တစ်အိမ် သီချင်းလိုက်ဆိုကြသည်မှာ သန်းခေါင်ယံထိပင်ဖြစ်သည်။ grade 6 နှင့် grade 7 ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူများ ဖြစ်တာကြောင့်  လိုက်လံ စောင့်ရှောက် ရသည်မှာ တာဝန်ကြီးပေသည်။

တစ်အိမ်မှာ သီချင်းဆိုပြီးလို့ ကားပေါ်ပြန်တက်ကြသည့်အခါ လူစေ့ မစေ့ကိုလည်း ရေတွက်ရသည်။ သူများသားသမီးကို ထိန်းရသည့်အလုပ်မှာ ရင်မောစရာလည်းကောင်းသည်။ စာသင်ခန်းမှာ စာသင်ရသည်က ဒီလောက်မမော။ ကျွတ်စီ ကျွတ်စီစကားများနေကြသော ကျောင်းသားများ၏ အသံများကို ထွင်းဖောက်ကာ သူမက အသံကျယ်ကျယ်ဖြင့် ပြောနေရ သည်က ပိုမောစရာကောင်းတော့သည်။ ဒါတောင် သူမက ကျောင်းသားများကို ထိန်းရုံသာ။ ဖိတ်စာရိုက်ခြင်း၊ ဖိတ်စာပို့ထားခြင်း၊ သီချင်းတိုက်ကြခြင်း စသည်တို့ကို ကျောင်းသားများ လုပ်ဆောင်ကြ၍သာ သူမ အလုပ်မရှုပ်ပေတာ။

အခု ရောက်သည့်အိမ်က ခြံတံခါး ကြိုဖွင့်ထားသည်။ ခြံဝန်း အပြင်တွင် ကျောင်းကားရပ်ကတည်းက အိမ်ထဲမှ လူတစ်ယောက် ထွက်လာကာ သူမတို့ကို ကြိုလေသည်။  အိမ်ရှင်မိသားစုဝင်များ ထွက်လာကြကာ လက်ဆွဲနှုတ်ဆက်ကြပြီးနောက် အိမ်ရှေ့ပေါ်တီကို အောက်တွင် ရပ်ပြီးနေရာယူကြကာ keyborad တီးသူကတီး၊ guitar တီးသူကတီးဖြင့် Carol သီချင်းများ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုလေသည် ။

 သူမလည်း လက်ခုပ်တီးကာ သီချင်းလိုက်ဆိုရင်း ဒီဇင်ဘာ အအေးဓာတ်နှင့် ဆောင်းရနံ့နှင့်အတူ ခြံထဲမှ ပန်းများ၏ ရနံ့တို့မှာ ပျော်ဝင်နေမိလေသည်။

For auld lang syne,
my dear,for auld lang syne,
we'll take a cup of kindness yet,
for auld lang syne
သီချင်းကို ဆိုကြတော့ သူမနံဘေးမှာ အိမ်ရှင်မိသားစုထဲမှ လူတစ်ယောက် လာရပ်ကာ သီချင်းအတူ လိုက်ဆိုတော့ သူမက လှည့်ကာ ပြုံးပြလိုက်မိသည်။ သူမ၏ မျက်နှာကို ငုံ့ကြည့်ကာ ပြုံးနေသော သူ့မျက်လုံးများက ညအမှောင် မီးရောင်ပျပျမှာ တောက်ပ လဲ့နေသည်။

သီချင်းဆိုပြီးသွားတော့ သူက


"အိမ်ထဲဝင်ကြပါ။ စားစရာတွေ လုပ်ထားပါတယ်" ဆိုပြီး အခြားသူ့ မိသားစုဝင်များက အိမ်ထဲကြွကြပါ ...စားစရာများပြင်ဆင်ထားသည်ဆိုတော့ သူမက "အပြင်မှာပဲ နေပါရစေ...ကလေးတွေက ၁၇ ယောက်မို့" ဟု အိမ်ထဲဝင်ရမှာ အားနာစွာ ဆိုမိသည်။
သူက "ကိစ္စမရှိပါဘူး။ အိမ်ထဲမှာ နေရာဆံ့ပါတယ်" ဟု ရယ်ရယ်မောမော ရင်းရင်းနှီးနှီးပြောလေတော့ သူမက ပြံုးလို့ ခေါင်းညိတ်ရုံပင်ရှိသေးသည်... ကျောင်းသားများက အိမ်ထဲလှမ်းဝင်နေကြလေပြီ။

ကျယ်ဝန်းလှသော နှစ်ထပ်အိမ်သည် အနောက်တိုင်းဆန်သော ပရိဘောဂ အပြင်အဆင်များဖြင့် ခမ်းနားနေသည်။ထမင်းစားခန်းထဲကို
ဦးဆောင် ခေါ်သွားကြသော မိသားစုဝင်များနှင့် ကျောင်းသားများက စကားပြောကြနှင့် အသံတွေဆူညံလို့သွားသည်။ထမင်းစားပွဲရှည်ကြီးပေါ်တွင် ဘူဖေးစားစရာ မုန့်များ၊ ကော်ဖီ၊ လက်ဖက်ရည်များကို ပြင်ဆင်ထားသည်မှာ စေတနာကောင်းသော မိသားစုဖြစ်မှန်း သူမ သိမိလိုက်သည်။

ကျောင်းသားများကတော့ ဆယ်ကျော်သက် လူငယ်များပီပီ လက်သွက်လှသည်။ သူမကတော့ သူမ၏ ကျောင်းသားများကို ကြည့်ကာ ပြံုးလျက်သာနေလေသည်။ အိမ်ရှင်များကိုလည်း ပြံုးပြကာ ကျေးဇူးတင်စကားဆိုတော့ သူက သူမကို "စားပါ။ ဘာလို့ မစားတာလဲ " ဟုဆိုကာ သူမထံ ကော်ဖီခွက်ကို ကမ်းပေးလေသည်။သူမက "ကျေးဇူးတင်ပါတယ်"ဟု ဆိုကာ အိမ်ရှင်များရဲ့ အမေးစကား နှုတ်ဆက်စကားများကို ပြန်ဖြေရင်းမတ်တပ်ပင် ကော်ဖီသောက်လေသည်။

နိုင်ငံတကာ သင်ရိုးညွှန်းစာအုပ်များကို သင်သော သူမတို့ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာလူမျိုးပင်ဖြစ်လင့်ကစား အင်္ဂလိပ်လို ပြောဆိုကြသည်မှာ အကျင့်ပါနေကြသည်။ မူကြိုကတည်းက နေလာသော ကျောင်းမို့ မြန်မာစကားမပြောရဘဲ အင်္ဂလိပ်စကားပြောခြင်း အလေ့အထမှာ ကျောင်းသားများက ပိုလို့ အသားကျနေကြသည်။ အိမ်ရှင်မိသားစုဝင်များနှင့် ကျောင်းသူ၊ ကျောင်းသားများက အင်္ဂလိပ်ဘာသာဖြင့်ပင် ပြောဆို
နေကြသည်။ ကျောင်းသားများကတော့ စားသောက်ရင်း ပျော်ရွှင်နေကြသည်။

"နာမည်ဘယ်လိုခေါ်တာလဲ" သူမကို မေးတော့ သူ့ကို မော့ကြည့်ပြီးချို  ဟု သူမဆိုတော့ သူက
" ချို.. sweet...that is meaningful. Your smile and voice is sweet too. " ပြံုးရယ်ကာဆိုပြီး "ကိုယ့်နာမည် ကျော် "ဟုဆိုတော့ "nice to meet you. အခုမှပဲ ပြောရတော့တယ်" ဟုသူမက ပြံုးကာ ပြန်ပြောဖြစ်လေသည်။

သူမအနားမှာ တစ်ချိန်လုံး ရှိနေသော သူ့ကြောင့် စိတ်နည်းနည်း အနှောင့်အယှက်ဖြစ်မိလေသည်။အရပ်မြင့်မားကာ အသားဖြူသော သူတို့မိသားစုဝင်များက မြန်မာစကားကို ဝဲလှပေသည်။ မြန်မာစကားပြောလျှင် ဝဲတတ်သော သူမနှင့်တော့ တိုင်းရင်းသား လူမျိုးချင်းမတူမှန်း သူမ သိသည်။ သူမတို့က ခရစ်ယာန်ဘာသာဝင် မရှိသလောက်ပေပဲ။

ပြန်ကြမည် နှုတ်ဆက်တော့ သူ့မိခင်က  May God bless you ဟုဆိုကာ အလှုငွေ စာအိတ်ကို သူမလက်ထဲ ကမ်းပေးလေသည်။သူမက "Thank you. you too May God bless you." ဟုဆိုတော့ ကျောင်းသားများကလည်း Thank you ဟုဆိုကာ အိမ်ရှင်များကို လက်ဆွဲနှုတ်ဆက်ကြပြန်သည်။ သူမထံ လက်ကမ်းပေးသည့် သူ့ကိုသူမက လက်ဆွဲနှုတ်ဆက်ရင်း Goodbye ဟုဆိုတော့ သူက ပြံုးရယ်ကာ " not Goodbye. Bye Bye. See you " ဟု ဆိုတော့ သူမ သူနှင့်အတူ လိုက်ရယ်မောမိသည်။  Merry Christmas & a Very Happy New Year ဟု ကျောင်းသားများနှင့် အိမ်ရှင်များနှုတ်ဆက်သံတွေ ဒီဇင်ဘာညကို ဖုံးလွှမ်းသွားခဲ့လေသည်။ အပြန်လမ်းမှာ သူမတိတ်ဆိတ်စွာ မျက်ဝန်းညိုညိုများကို မြင်ယောင်နေမိသည်။ .

.............................................................

ဇန်နဝါရီ၂ရက်နေ့မှာ ကျောင်းပြန်ဖွင့်တော့ သူမ အရင်လိုပဲ ကျောင်းမှာ စာသင်ခန်းဝင်ရင်း ၊ ကျောင်းသားများ၏ activities များကို ဦးဆောင်ရင်း ပြန်လည်အလုပ်ရှုပ်ပြန်သည်။

"Miss Cho ....reception မှာ ဧည့်သည်ရောက်နေတယ်" ဟုဆိုတော့ သူ ဖြစ်မယ်လို့ ကြိုတင်မထင်မှတ်ထားခဲ့။ ဒီလိုနဲ့ပဲ သူမကျောင်းဆင်းချိန် များမှာ ရောက်လာတတ်သော သူနှင့် ကျောင်းအပြန်မှာ ကော်ဖီဆိုင်မှာ အတူကော်ဖီသောက်ဖြစ်ကြသည်။ ရည်မွန်ဖော်ရွေသော၊ ရုပ်ဆင်း ပြေပြစ်သော၊ ခရစ်ယာန်ကျမ်းစာသင်တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သော ရွှေစွန်ညိုဟာ မထွေးကိုလိုလို့ ဝဲတယ်ဆိုတာ သူမ သိသော်လည်း အနောက်တိုင်းဆန်သော သူမအလုပ်လုပ်ရာ ကျောင်းမှာ မည်သူကမျှ စပ်စပ်စုစု မရှိကြ။

စကားတွေပြောရင်း တစ်ယောက်အကြောင်း တစ်ယောက်သိရင်း ပိုလို့ ရင်းနှီးလာသည်နှင့်အမျှ သံယောဇဉ်ကလည်း ပိုတိုးလာသည်။just friends ဆိုသည့် အနေအထားထက်ကို ပိုလို့ မဖြစ်နိုင်မှန်း သူမ သိသည်။ သူမ၏ အုပ်ထိန်းသူ ကြီးတော်အပျိုကြီး နှစ်ဦးသာ သိလျှင်ဖြင့် သူမကို ကိုးကွယ်သည့်ဘာသာ မတူသော သူနှင့် ရင်းနှီးကျွမ်းဝင်နေသည်ကို တားမြစ်ကြမှာ မလွဲပေ။ အခါကြီးရက်ကြီးများနှင့် ဥပုသ်ရက်များတွင် ၈ပါးသီလစောင့်ထိန်းသော၊ ကျောင်းပိတ်ရက်ရှည်များတွင် ကြီးတော် အပျိုကြီးနှစ်ယောက်နှင့်အတူ မိုးကုတ်တရားစခန်းမှာ ရှိနေတတ်သော သူမသည် သူ့အိမ်မှာ ဘုရားရှိခိုးပွဲလုပ်သည့် ညများမှာ သူမကို ဖိတ်ကြား သည်ကို သူမက ငြင်းဆန်ကာ မသွားဖြစ်ခဲ့။ အကြောင်းတစ်ခုခုပြကာ စနေနေ့လည်တွေမှာ ဖိတ်ကြားတတ်သော သူ့အိမ်ကို တစ်ခါတစ်ရံမှသာ သူမ ရောက်ဖြစ်ခဲ့သည်။ရိုးစင်းသော တိုင်းရင်းသား သူ့မိသားစုမှာ ဖော်ရွေပြီး မာန်မာနကင်းစင်လွန်းလှသည်။ ရပ်ရေးရွာရေးကိစ္စများတွင် တက်ကြွလွန်းလှသော၊ အပေါင်းအသင်း ဆံ့သော သူတို့ မိသားစုသည် လူမျိုး၊ ဘာသာမရွေး ကူညီလှုဒါန်းတတ်လေသည်။

အဲဒီနေ့က အမှတ်ရစရာကောင်းလွန်းတော့သည်။ သူမ ကျောင်းမဆင်းမီ လေးတွင် သူက ရောက်နေခဲ့ပြီး ဖူဂျီဟောက်စ်မှာ ကော်ဖီသွားသောက် ဖြစ်ခဲ့ကြသည်။အဲဒီနေ့က သူ့အမူအယာမှာ နည်းနည်းတော့ တစ်မျိုးဖြစ် နေသည်။ ကော်ဖီသောက်ကာ စကားတွေပြောနေစဉ် သူက သူမ၏ ဘယ်ဘက်လက်ကို ဆွဲယူကာ လက်သူကြွယ်မှာ စိန်တစ်ပွင့်တည်း လက်စွပ်ကို ဝတ်ပေးတော့ သူမ အံ့အားသင့်နေဆဲ သူက ဒူးထောက်ကာ "marry me. I do love you, Cho. marry me please. will you marry me?" ဟု စိတ်လှုပ်ရှားဟန်ပြောသောကြောင့် သူမမှာ မျှော်လင့်မထားသောအချိန်တွင် ဖြစ်သဖြင့် အံ့အားသင့်ခဲ့ရသည်။

သူ့ လက်စွပ်ကို ပြန်ချွတ်ပေးရင်း သူ့ကို "We are just friends. I love you, my friend. You are always my friend." ဟု သူမဆိုလေတော့ သူက ခေါင်းယမ်းကာ တိတ်ဆိတ်လျက် အတန်ငယ်ကြာမှ "sorry, Cho.ကိုယ် ချိုမကြိုက်တာကို ပြုမိခဲ့ရင် တောင်းပန်ပါတယ်" ဟုဆိုလေသည်။အဲဒီနေ့...သူမ တစ်သက်မှာ ဘယ်တော့မှ မမေ့သည့်နေ့ဖြစ်လေသည်။ အပြန်လမ်းမှာ နှစ်ဦးသားတိတ်ဆိတ်လျက် အတွေးကိုယ်စီဖြင့်သာ။

..............................................................................
 ဒီဇင်ဘာ ၁ရက်နေ့ Sweet December ဝတ်ပြုဆုတောင်းပွဲကို သူမတို့ကျောင်းမှ ဆရာများက သူမကို ဖိတ်တော့ သူမ အင်းစိန်ကြို့ကုန်းက ဘုရားကျောင်းကို ရောက်ဖြစ်ခဲ့သည်။ သူ့ကို မမြင်မိသဖြင့် သူမ သိနေသော သူ့မိတ်ဆွေ သင်းအုပ်ဆရာကို မေးမိတော့"သရာမူ မသိဘူးလား။ သရာ မီးလောင်တာထိသွားတယ်လေ။ အင်းစိန်ထဲက အိမ်တွေမီးလောင်တော့ သရာက သူ့တပည့်တွေ အိမ်တွေနားရယ်မို့ အပြေးသွားတယ်။ အိမ်တစ်အိမ်က လသားကလေးလေးတစ်ယောက် သူ့အမေစျေးသွားတုန်း အိမ်ထဲကျန်ရစ်တာကို သရာက ဝင်ခေါ်တာ ကလေးကတော့ ဘာမှ မဖြစ်ဘူး။ သရာကတော့ မီးလောင်တာ ဟတ်သွားလို့ အတော်နေမကောင်းဖြစ်သွားတယ်။ ကျွန်တော်တို့က သရာမူ သိပြီး မှတ်တာ" ဟုဆိုလေသည်။

အို...သူမ ဘာမှ မသိခဲ့ရပါလား။သူမ စိတ်ပူကာ သူ့အိမ်ကို ရောက်သွားတော့ သူ့မိခင်နှင့်ဖခင်တို့က"ဖိုးမူ လာတယ်ဟေ့...ဖိုးခွားရေ" ဟု သူ့ကို လှမ်းခေါ်လေသည်။ အပေါ်ထပ်လှေကားမှ ဖြည်းဖြည်းချင်း ဆင်းလျှောက်လာသော သူ့ကို ကြည့်ကာ သူမ ဝမ်းနည်းလို့လာသည်။ ဖြူဖွေးလေ့ရှိခဲ့သော ပါးပြင်သည် မီးလောင်ရာအနာကျက်စပြုစ နီရဲလို့နေပေသည်။ ချို ဟုသူမအမည်ကို ရွတ်လိုက်သော သူ့ကို လက်ကမ်းပေးကာ ဖေးကူတွဲပြီး"ချို့ကို ဘာလို့ အကြောင်းမကြားတာလဲ" ဟုဆိုမိလေသည်။

နှစ်ဦးသား ဧည့်ခန်းမှာ ထိုင်မိတော့ သူ့ မိခင်နှင့်ဖခင်တို့ကို မတွေ့ရတော့ပေ။ "ဘာမှ ကြီးကြီးကျယ်ကျယ်ဖြစ်တာမှ မဟုတ်ဘဲလေ။ ချိုလည်း mid term စာမေးပွဲနဲ့ အလုပ်များနေတာ မဟုတ်လား" ဟုသူ ဆိုသည်။"ဘယ်လိုလဲ...ကိုယ့်ရုပ်ကြီးဆိုးသွားပြီ မဟုတ်လား" ဟု သူက ရယ်မောကာ မေးလေသည်။သူမရင်ထဲ နင့်ကနဲဖြစ်သွားရကာ "ဟင့်အင်း...ကိုက အရင်ကထက် ပိုလှလာတာပါ။ ကို...ယအယ်နားအားဂျီးလော" ဟုသူမ စိတ်လှုပ်ရှားစွာပြောမိလေသည်။

သူမကိုယ်သူမ နားမလည်နိုင်တော့။ မဖြစ်နိုင်ဘူးဆိုတာ ဦးနှောက်က သိထားလို့ သူမကိုယ်သူမ တားဆီးခဲ့သော အချစ်ဆိုသော အရာကို သူမ ဘယ်လိုမှ မတားဆီးနိုင်တော့ချေ။ စိတ်လှုပ်ရှား အံသြဝမ်းသာဟန်ဖြင့် "အိုး...ဒါဘလု...ယအယ်နားအားဂျီးလော ... ချို "ဟု ပြောသော သူ့မျက်နှာသည် သူမ မြင်ဖူးသမျှ မျက်နှာများထဲတွင် အချောမောဆုံးဖြစ်လေတော့သည်။ 
 
 
                                                                                                                            ဟနစံ
 
 

No comments:

Post a Comment