Wednesday, 1 February 2017

အဝေးရောက်စာဖတ်သူ၊ အီးဘွတ်ခ်နှင့် မူပိုင်ခွင့်

 
 
 
 
ကျွန်မတို့ မြန်မာပြည်ကနေ အဝေးရောက်နေခိုက်မှာ ပြည်တွင်းမှာ ထွက်ရှိတဲ့ စာအုပ်တွေကို လက်လှမ်းမမီလို့ ဝယ်မဖတ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ထုတ်ဝေပြီးစာအုပ်တွေကို scan ဖတ်၊ pdf ပြောင်းပြီး webiste တွေမှာ တင်ထားကြလို့ ကျွန်မတို့တွေ လွယ်လင့်တကူဖတ်နိုင်ပါတယ်။ ဒီအတွက်လည်း စေတနာနဲ့ အချိန်ကုန်ခံ ၊ အလုပ်ရှုပ်ခံပြီး တင်ထားပေးတဲ့ website ရှင်များကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်မယ်ဆိုရင် ဒီအီးဘွတ်ခ်တွေကို တင်ထားတာ စာအုပ်ထုတ်ဝေသူရဲ့ ခွင့်ပြုချက်နဲ့ပါလား။

စာအုပ်တွေမှာ မူပိုင်ခွင့်လိုင်စင်အမှတ်ဆိုတာလေးရော ဖတ်မိကြပါရဲ့လား။ ဒါဘာအတွက်ထည့်သွင်း ဖော်ပြထားတာပါလဲ ဆိုတာကို ဆက်လို့ တွေးမိကြပါရဲ့လား။ အဲဒီစာအုပ်တွေရဲ့ မူပိုင်ဟာ ထုတ်ဝေသူပါ။ ထုတ်ဝေသူမှာ ထုတ်ဝေခွင့်နဲ့ မူပိုင်ခွင့်လိုင်စင်ရှိပါတယ်။ အဲဒီအတွက် စာအုပ်တွေကို သူ ထုတ်ဝေ ရောင်းချပါတယ်။ အဲဒီစာအုပ်တွေကို ကူးယူပြီး ဖော်ပြတာဟာ သူတစ်ပါး ပိုင်ဆိုင်ခွင့်ကို ခိုးယူတာနဲ့ မခြားပါဘူး။

ဒါပေမဲ့လည်း စေတနာအရင်းခံနဲ့ စာချစ်သူများစာအုပ်များကို လွယ်လင့်တကူဖတ်နိုင်ဖို့ လုပ်ဆောင်ပေးတာ ဖြစ်တဲ့အတွက် စာဖတ်သူ (လူများစု)အတွက် အဆင်ပြေတဲ့အတွက် အားလုံးက နှစ်သက်ကြပါတယ်။ ခုချိန်ထိလည်း ထုတ်ဝေသူများဘက်မှနေပြီးတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တရားစွဲဆိုတာ ၊ ပြောဆိုလာတာ တွေ သတင်းများမဖတ်ရမိသေး၊ မကြားမိရသေးပါဘူး။ ဒါကတော့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ စရိုက်လေးပဲဖြစ်ပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့၊ ဥပဒေကို ပမာမခန့်ပြုတဲ့ ချစ်စရာကောင်းတဲ့ စရိုက်လေးလို့ ဆိုရမှာပေ့ါ။ အခြားတိုင်းပြည်များမှာတော့ ထုတ်ဝေသူထံမှ ခွင့်ပြုချက် မရရှိဘဲ အဲဒီလို ကူးယူတင်ပြထားရင် ထုတ်ဝေသူဘက်က တရားစွဲဆိုတဲ့အခါ တင်ထားတဲ့သူက ဒေါ်လာသန်းနဲ့ချီပြီး လျော်ကြေးပေးရတာတွေကို သတင်းများမှာ ဖတ်မိဖူးပါတယ်။


ကျွန်မတို့က မြန်မာပြည်ကနေ အဝေးကိုရောက်နေခိုက်မှာ စာငတ်သူများပီပီ မြန်မာအီးဘွတ်ခ်စာအုပ်များကို အသာငမ်းငမ်းဖတ်ရှုကြပါတယ်။ ဒီလိုဖတ်ရှုခြင်းဟာ တရားဥပေဒကိုချိုးဖောက်နေတာဆိုပေမယ့်လည်း စာအုပ်စာပေ လူ့မိတ်ဆွေ၊ အလိမ္မာ စာမှာရှိ စသည်ဖြင့် ကျွန်မတို့ကိုယ် ကျွန်မတို့ ဆင်ခြေတွေပေးနေကြ ပါတယ်။

မူပိုင်ခွင့်ရှိပြီး စာအုပ်များကို အီးဘွတ်ခ်များအဖြစ်၊ သီချင်းများကို အမ်ပီသရီးများအဖြစ် အင်တာနက်မှာ ဖြန့်ဝေထားတာတွေကို ဝေမျှသူကို ကျေးဇူးအထူးတင်ရှိမိပေမဲ့လည်း ထုတ်ဝေသူ ခွင့်ပြုချက်နဲ့ ဝေမျှတာ ပါလားဆိုတာကို နောက်ဆက်တွဲ တွေးမိပြန်ပါတယ်။


တကယ်လို့များ ဒီလို ထုတ်ဝေသူ ခွင့်ပြုချက်မရဘဲ စာအုပ်များကို အီးဘွတ်ခ်များအဖြစ် တင်ထားပေးတာ ဟာ ဥပဒေနဲ့ မလွတ်ကင်းဘူး၊ ထုတ်ဝေသူဘက်က တရားစွဲမယ်ဆိုရင် ကျွန်မတို့တွေက ထုတ်ဝေသူကို လောဘသမားကြီး၊ စေတနာမထားတဲ့သူကြီး စသည်ဖြင့် လူပီပီ တစ်ကိုယ်ကောင်းဆန်စွာ ကိုယ့်အတ္တနဲ့ ကိုယ် သူတစ်ပါးကို ပြောဆိုမိဦးမှာပါပဲ။ လူပဲလေ။ ကိုယ့်အတ္တကိုသာ အခြေခံမူတည်လို့ သူတစ်ပါးကို ပြောဆိုကြတာပါပဲ မဟုတ်လား။ တကယ်တော့ မှားနေတာက ကျွန်မတို့ပါ။ တရားဥပဒေချိုးဖောက်မှုကို အားပေး အားမြှောက်ပြုနေတာက ကျွန်မတို့ပါ။ ဒါပေမဲ့လည်း.......



အခြားတိုင်းပြည်များမှ စာအုပ်များလို အွန်လိုင်းဝယ်ယူဖတ်ရှုဖို့ မလွယ်ကူခြင်း၊ အွန်လိုင်းအရောင်းအဝယ် စီးပွားရေးစံနစ် မထွန်းကားသေးခြင်းတို့ကြောင့် ငွေပေးကာ ဝယ်ယူချင်ရင်တောင်မှ ဝယ်ယူဖို့ မလွယ်ကူလေတော့ ဒီလို အီးဘွတ်ခ်အသွင်နဲ့ ဖတ်နေရာတာကိုကပဲ ဆုလဒ်ကြီးတစ်ပါး ဖြစ်နေတာကိုး။


ကျွန်မတို့က အီးဘွတ်ခ်တွေ တင်ထားပေးတဲ့ စေတနာရှင်များကို အလွန်ပင်ကျေးဇူးတင်ပါတယ်။ ဒါဆိုရင်...ဒါတွေကို သိပေမယ့်လည်း ဘာတစ်ခွန်းမှ မထုတ်ပြောသူ၊ တရာစွဲဆိုခြင်းမရှိသူ ထုတ်ဝေသူများ ကိုလည်း အင်မတန်ကျေးဇူးတင်ပါတယ်။

ထုတ်ဝေသူဘက်က ဒါတွေဟာ တရားစွဲဆိုလို့ ရတဲ့ဟာတွေမို့ သူ့ မူပိုင်ခွင့်နဲ့ စာအုပ်တွေကို အီးဘွတ်ခ်အဖြစ် မတင်ပြရပါဘူး၊ တင်ပြရင် တရားစွဲဆိုမယ်လို့ ဆိုလာရင်ရော...ဒါ သူမှန်တဲ့အတွက် ၊ ဥပဒေအရ အမှန်ဖြစ်တဲ့အတွက်၊ ကိုယ်ကျင့်တရားအရလည်း အမှန်ဖြစ်တဲ့အတွက် ထုတ်ဝေသူဟာ သူလုပ်သင့်လုပ် ထိုက်တာကို လုပ်တာဖြစ်တဲ့အတွက် ကျွန်မတို့က နားလည်မှာပါပဲ။


ကျွန်မတို့မှာ စျေးဆိုင်တစ်ခု ရှိတယ်ဆိုပါစို့။ ကျွန်မ ရောင်းနေတဲ့ စျေးဆိုင်က ရောင်းနေတဲ့ ကုန်ပစ္စည်းကို သူများက ကျွန်မ မသိအောင် လာယူပြီး သူတစ်ပါးတွေကို ဝေမျှပေးနေတာမျိုး၊ အလှုလုပ်နေတာမျိုးကို ကျွန်မတို့ ဘယ်လို တုံ့ပြန်ဖြစ်မလဲဆိုတာကို ဆက်လက်တွေးတောမိနေပါတော့တယ်။


နိုင်ငံတကာဆိုင်ရာ မူပိုင်ခွင့်နဲ့ ပတ်သက်သည်များကို အောက်ပါ လင့်ခ်များတွင် ဖတ်ရှုလေ့လာနိုင်ပါတယ်။


http://en.wikipedia.org/wiki/Copyright

http://www.wipo.int/ip-development/en/creative_industry/pdf/868.pdf

http://www.wipo.int/about-ip/en/


                                                                                                         ဟနစံ
                                                                                       ၇ရက်၊ မတ်လ၊ ၂၀၁၁ ခုနှစ်။

No comments:

Post a Comment