Wednesday, 1 February 2017

ဝေဖန်မှုအား တုံ့ပြန်ခြင်း

ကျွန်မတို့တွေဟာ ပုထုဇဉ်တွေ ဖြစ်တာပဲမို့ အဆိုးဝေဖန်မှုတွေ၊ အပြုသဘော မဆောင်တဲ့ ဝေဖန်မှုတွေကို ကျွန်မတို့ ရရှိတဲ့အခါမှာ တုံ့ပြန်တတ်ကြပါတယ်။ ဘယ်လို အခါမျိုးမှာ ဖြစ်ဖြစ် အပြုသဘောမဆောင်တဲ့ ကိုယ့်အပေါ် ဝေဖန်မှုတွေကို ကျွန်မတို့က မနှစ်သက်တတ်ပါဘူး။ သာမန် အားဖြင့်တော့ မိမိကို အဆိုးပြောလာခဲ့လျှင် ဒေါသဖြင့် တုံ့ပြန်တတ်ကြပါတယ်။



ကျွန်မတို့က ရုတ်တရက်ဆိုတော့ ဘာလုပ်ရမယ်ဆိုတာကို မသိတဲ့အတွက် မိမိကိုယ် မိမိ ကာကွယ်ပြောဆိုကာ ဒေါသဖြစ်တတ်၊ စိတ်ဓာတ်ကျတတ်ပြီး အဆိုးဝေဖန်ပြောဆိုလာသူကို ပြန်လည် လက်စားချေ တုံ့ပြန် ပြောဆိုတတ်ကြပါတယ်။ ဒီလိုမျိုး ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဝေဖန်သူရော၊ အဝေဖန်ခံရသူ နှစ်ဦး နှစ်ဘက်လုံးအတွက် မကောင်းလှပါဘူး။



မိမိကို အဆိုးဝေဖန်လာမှုတွေကို သံတမန်နည်းဆန်ဆန် ၊ ပညာရှိစွာ ပြန်လည် တုန့်ပြန်နည်းများကို ရွေးချယ်မယ်ဆိုရင် တုန့်ပြန်ပုံ၊ တုန့်ပြန်နည်း (၃) မျိုးရှိပါတယ်။ ကျွန်မတို့တွေက အဲဒီ နည်း (၃)သွယ်ထဲက တစ်ခုခုကို ရွေးချယ် တုံ့ပြန်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ အခြေအနေအရ လိုအပ်လာရင်တော့ နည်းလမ်း (၃) သွယ်လုံးကို အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။



၁) အသေးစိတ်ကို မေးမြန်းပါ။



မိမိကို အဆိုးဝေဖန်လာသူကို ဝေဖန်ရခြင်း အကြောင်းရင်းကို သေချာ ရှင်းလင်းပြောပြဖို့ မေးပါ။ မေးတဲ့အခါမှာလည်း ဘယ်သူ၊ ဘာ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာ့ကြောင့်၊ ဘယ်လို စတဲ့ ဖွင့်ထားတဲ့ မေးခွန်းမျိုးကို မေးသင့်ပါတယ်။



ပြန်လည်ဖြေကြားသူ အနေနဲ့ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတဲ့ အဖြေမျိုးထက် သူ့ရဲ့ ထင်မြင် ယူဆချက်ကို လွတ်လပ်စွာ ရှင်းလင်းပြောပြ ဖြေကြားနိုင်မယ့် မေးခွန်းမျိုး ဖြစ်စေဖို့နဲ့ ဖြေကြားသူကို လွတ်လပ်စွာ သူ့စိတ်ထဲရှိတဲ့အတိုင်း ဖြေနိုင်ဖို့အတွက် မေးခွန်းမေးတဲ့ အသံနေ အသံထားကလည်း အရေးကြီး ပြန်ပါတယ်။ မိမိက ဒေါသဖြင့် မေးလိုက်တာ မဟုတ်ဘူးဆိုတာကို တစ်ဘက်သားက သိစေသင့်ပါတယ်။



ကျွန်မတို့ကိုယ်တိုင်က ဝေဖန်မှုရဲ့ အတိမ် အနက် အကျယ်အဝန်းကို တိကျစွာ သိချင်တဲ့အတွက် ကျွန်မတို့ မေးလိုက်တဲ့ မေးခွန်းက ပြည့်စုံတဲ့၊ တိကျတဲ့ ရှင်းလင်း ပြောကြားချက်ကို ရရှိဖို့ ဦးတည်ရပါမယ်။ ဒါမှလည်း ဝေဖန်မှုကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို မကြီးထွားစေတော့ဘဲ ကျွန်မတို့အပေါ် ဝေဖန်မှုတွေရဲ့ လက်ရှိ အနေအထားကို နားလည်သဘောပေါက်မှာ ဖြစ်ပါတယ်။



၂) ဝေဖန်သူနှင့် သဘောတူညီပါ။




ကျွန်မတို့အပေါ်ကို ဝေဖန်တဲ့ ဝေဖန်ရေးဆရာ (သို့မဟုတ်) ဝေဖန်သူများနဲ့ ဒီကိစ္စမှာ သူ့အတွေး၊ သူ့ အမြင်နဲ့ သူ့ဝေဖန်မှုတွေ ကိုက်ညီတယ် ဆိုတာကို သဘောတူညီလိုက်တာပါပဲ။



၃) ရှင်းပြပါ။



ကျွန်မတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကျွန်မတို့ရဲ့ အခြေအနေတွေကို ရှင်းပြပါ။ ဝေဖန်ရေးဆရာက အခြေအနေတွေ အားလုံးကို အသေးစိတ် သိရှိပြီး ဖြစ်ပါသလား…သူကရော ကျွန်မတို့ လုပ်သလို၊ တွေးသလို တွေးမိပြီးပါပြီလား ဆိုတာ ကျွန်မတို့ မသိနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်တာ အစီအစဉ်တွေ၊ ဘာတွေဖြစ်ပွားတယ်ဆိုတာတွေ၊ အတွေးအခေါ် အယူအဆတွေကို ဝေဖန်သူကို ရှင်းလင်းပြောပြဖို့ အခွင့်အရေးရတာ ဖြစ်တာကြောင့် ရှင်းပြပါ။ ဝေဖန်ရေးဆရာရဲ့ အဆိုးဘက်မှ ဝေဖန်လိုမှု စိတ်ကို လျော့ပေးလိုက်သလို ဖြစ်တာကြောင့် ကျွန်မတို့က ရှင်းလင်းပြောပြဖို့ လိုအပ်ပါတယ်။



ရှင်းလင်းပြောကြားတဲ့အခါမှာ ကျွန်မတို့ရဲ့ လေသံ ၊ လေယူလေသိမ်းဟာ တည်ငြိမ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျန်မတို့ဟာ မိမိကိုယ်မိမိ ကာကွယ်ပြောဆိုနေပေမယ့်လည်း မိမိကိုယ်မိမိ ကာကွယ်ပြောဆိုနေခြင်း အနေအထားမျိုး မဖြစ်စေဘဲ အေးဆေးတည်ငြိမ်စွာ ရှင်းလင်းပြောကြားတယ်ဆို
တာမျိုး ဖြစ်သင့်ပါတယ်။


ရှင်းလင်းပြောကြားနေစဉ်မှာ ကျွန်မတို့က ဘယ်လိုပြောတယ် …ကျွန်မတို့ကို သူတစ်ပါးက ဘယ်လို မြင်ရတယ် ဆိုတာ အားလုံးပါသွားရပါမယ်။ ကျွန်မတို့ရဲ့ အသံက ကျွန်မတို့ပေးလိုက်ချင်တဲ့ အကြောင်းအရာရဲ့ ၃၈% တာသွားပါတယ်။ ကျွန်မတို့ရဲ့ မျက်နှာအမူအယာ၊ မျက်လုံးချင်း ဆုံမှုတွေဟာ ၅၅ % တာသွားပါတယ်။ ဒါဆိုရင် ပြောဆိုတဲ့ စကားလုံးတွေ မပါသေးဘဲနဲ့တင်ကို ကျွန်မတို့ ရှင်းလင်းပြောဆိုမယ့် အကြောင်းအရာက ၉၃% တာသွား အောင်မြင်နေခဲ့ပြီးပါပြီ။ ကျွန်မတို့ ပြောဆိုမယ့် စကားလုံးတွေကို ရွေးချယ်သုံးစွဲလိုက်မယ်ဆိုရင် အဆိုး ဝေဖန်မှု တစ်ခုကို တည်ငြိမ်အေးဆေးစွာ၊ ပညာရှိနည်းဆန်စွာ တုံ့ပြန်နိုင်လိုက်ပါပြီ။



တကယ်တော့ ဝေဖန်ခြင်းဆိုတာဟာ ကျွန်မတို့ကို လူပုဂ္ဂိုလ်အနေနဲ့ ဖယ်ထုတ်လိုက်တာ မဟုတ်ပါဘူး။ တစ်ဘက်က ကျွန်မတို့ အပေါ် ဘယ်လိုမြင်တယ် ဆိုတာကို ကျွန်မတို့က သိရှိလိုက်ရခြင်းပါ။ အဲဒီအတွက် တစ်ဘက်က ကျွန်မတို့ကို ဘာပြောတယ်ဆိုတာ (အကြောင်းအရာ) ကိုပဲ ကျွန်မတို့က တုံ့ပြန်သင့်ပါတယ်။ ဒီထက်ပိုလို့ ကျွန်မတို့ရဲ့ အတွေးတွေနဲ့ သူတစ်ပါးအတွေးတွေက မတူရကောင်းလားဆိုကာ တုံ့ပြန်နေမယ်ဆိုရင် အကျိုးမရှိဘဲ တန်ဖိုးရှိလာတဲ့ အချိန်များကို ဖြုန်းတီးရာရောက်သလို၊ ဝေဖန်သူနဲ့ ကျွန်မတို့ အကြားက ဆက်ဆံရေးပေါင်းကူးတံတားကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။



မလိုအပ်တာတွေအတွက် တုံ့ပြန်ဖို့ မလိုအပ်လှပါဘူး ဆိုတာ ကျွန်မတို့က သဘောပေါက်ထားမယ်ဆိုရင် ကျွန်မတို့ကို အဆိုးဝေဖန်မှုတွေ ဘယ်လောက်ပင် ကြုံစေဦးတော့ စိတ်ပေါ့ပါး ပျော်ရွှင်ကာ ဝေဖန်သူနဲ့လည်း ခင်မင်မှု ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မယ့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်။



ကိုးကား။ ။ Dealing with Criticism , Borneo Post, Saturday, 7 March,2009.


                                                                                                           ဟနစံ
                                                                                               ၇ရက်၊ မတ်လ၊ ၂၀၀၉ ခုနှစ်။

No comments:

Post a Comment