သူ့ နာမည်က ဒေါ်ခင်စွာစိ။ အသက်ကတော့ ၄၀ နှင့် ၄၅ နှစ်အတွင်းရှိမည်ထင်သည်။ အသက်ကို ဘယ်သောအခါမှ မပြော၍ မသိရချေ။
သို့သော် အပျိုကြီးဖြစ်သဖြင့် သူ့ကို အသက်၂၀ ပတ်ဝန်းကျင် ရုံးဝန်ထမ်းကောင်မလေးများက မမ ဟုခေါ်ရလေသည်။
အန်တီဟုယောင်ပြီး ခေါ်ကြည့်ပါလား။
အန်တီဟု
မခေါ်နှင့်ဟု တဲ့တိုးမပြောသော်ငြား ထိုနေ့အဖို့ မန်နေဂျာဖြစ်သော
ဒေါ်ခင်စွာစိ၏ မျက်စောင်းကြီးများကို လက်ဆောင်အဖြစ် မကြာခဏ ရရှိမည်ဖြစ်ပြီး
အပြစ်မရှိ အပြစ်ရှာကာ မြည်တွန်တောက်တီးခြင်းကို ခံရပေမည်။
ဒေါ်ခင်စွာစိ
ပေးသော အမှတ်များကို လိုချင်လျှင် မမက သိပ်လှတာပဲနော် ဟုသာ
မုသားစကားများဆိုသင့်ကြောင်းကို တစ်ရုံးလုံးအသိပဲပင်ဖြစ်ပေသည်။
မမက သိပ်အရွယ်တင်တာပဲနော် ဟုသွားမပြောမိပါလေနှင့်။
မျက်နှာထားက ချက်ချင်းတင်းသွားပြီး မျက်မှောင်ကြီးကုပ်ကာ အလိုမကျဟန်ဖြင့် ဒေါ်ခင်စွာစိကိုတွေ့ရပေမည်။
ဟုတ်သည်လေ...အရွယ်တင်သည်ဟုဆိုခြင်းမှာ အသက်ကြီးသည်ဟု ဆိုခြင်းပင် မဟုတ်ပါလား။
ဒေါ်ခင်စွာစိသည်
တစ်နေ့တစ်မျိုး မရိုးရအောင် အဝတ် ဝတ်လေ့ရှိသည်။ ဒေါ်ခင်စွာစိ ဘာဝတ်ဝတ်
လှသည်ဟုသာ ပြောသင့်ပေကြောင်း ရုံးဝန်ထမ်းများအားလုံး ကောင်းစွာ
သဘောပေါက်ထားကြပေသည်။
ဒေါ်ခင်စွာစိ၏ အလှကို ကွန်ပျူတာစာရေးကလေး အောင်မြင့်သူ ဖွဲ့ဆိုသည်မှာ...
ရူပါ လင်းလားမမေးပါနဲ့။ အသားကတော့ မှောင်တယ်။
လိပ်ခါး ဖားဖင်နဲ့ ကောက်ညှင်းထုပ် ဒီဇိုင်း...ဟု။
ညိုရုံမက
မည်းသည့်ဘက်ကိုရောက်နေသော အသားကို နံနက်စောစောထကာ သနပ်ခါးနှင့်မိတ်ကပ်
ရောကာ ခြေဆုံးခေါင်းဆုံးလိမ်းခဲ့ချေသည်။ ကော့ဆက်ဟုခေါ်သော
ဗိုက်ချပ်ဘောင်းဘီကို အကြပ်ဆုံးချိတ်များကို ချိတ်ဝတ်လျက်
ထဘီကို ခါးမှာတင်းတင်းဆွဲကာ ဝတ်ရသဖြင့် ပူနေသောဗိုက်မှာ အတန်ငယ် ချပ်ရပ်သွားချေသည်။
ငယ်နုစေရန်
ဆံပင်ကို မထုံး။ follow me တီဗွီကြော်ငြာမှ ထက်ထက်မိုးဦးကဲ့သို့ ဆံပင်ကို
အထက်နားတွင် တဝက်သိမ်းလျက် နောက်ဖက်တွင် ဖားလျားချထားပေသည်။
လိမ္မော်ရောင်၊
အဝါရောင်၊ အနီရောင် ၊ခရမ်းရောင် ဝမ်းဆက်များ ဝတ်လျှင် တစ်ရုံးလုံး
ပြုံးစိစိဖြစ်ကြသော်ငြား မမက အရမ်းလှတာပဲ...မမနဲ့
ဒီလိမ္မော်ရောင်တောက်တောက်လေးနဲ့ သိပ်လိုက်တာပဲဟုသာ ပြောရမည်ဖြစ်ကြောင်း
တံမြက်စည်းလှဲသည့် ဒေါ်သန်းလှကြီးပင် သိပေသည်။
ရုံးကားဒရိုင်ဘာ ဦးသာကျော်ကြီးကတော့ ဒေါ်ခင်စွာစိ၏ မျက်နှာအလှကို ဖွဲ့သည်မှာ
မင်းကွာ...ကမ္ဘာမှာ ဒီလိုမျက်နှာနဲ့ မိန်းမမျိုး တစ်ခါမှ မမြင်ဖူးဘူး။
ဘုရားသခင်ကို
လူဖန်ဆင်းပေးပါတောင်းဆိုတော့ လူဖန်ဆင်းပေးလိုက်တာ မျက်နှာ ပါမလာလို့
ဘုရားသခင်ကို မျက်နှာပြောင်ကြီးဖြစ်နေလို့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေ
ပေးပါ တောင်းလိုက်တာ ဘုရားသခင်က မအားတော့ ရော့ဆို မကြည့်ဘဲ နောက်ပြန်
ဒီအတိုင်း ပစ်ပေးလိုက်တာ ဟု။
ကပ်စေးနှဲသည်... သူ့ဆီကဆို ဘာမှ မစားရဘူးဟု ကွယ်ရာတွင် အတင်းတုပ်ကြသော်လည်း ရှေ့တွင်မူ
မမ စားပါဦးဟု လောကွတ်လုပ်ရလေသည်။
လောကွတ်လုပ်တိုင်း ငြင်းမည် မထင်ပါလေနှင့်။ လောကွတ်မလုပ်မိဘဲ ကိုယ်ချည်းစားနေပါလျှင်လည်း ဒေါ်ခင်စွာစိက
မှန်း...မြည်းကြည့်ဦးမယ်ဟုဆိုကာ
လက်ဖက်သုပ်၊ ရှောက်သီးသုပ်များကို သူချည်း ဒိုင်ခံစားသွားတတ်လေသဖြင့်
နောင်တွင် ရုံးဝန်ထမ်း မိန်းကလေးများမှာ လက်ဖက်သုပ်၊ ရှောက်သီးသုပ်များ
အိမ်မှ ထည့်ယူလာလျှင် နေ့လည်ဘက်တွင်
လက်ဖက်ရည်ဆိုင်သွားဦးမည်ဟုဆိုကာ
အချင်းချင်း မျက်စပစ်ကာ ရုံးနှင့်မျက်နှာချင်းဆိုင် တစ်ဖက်လမ်းရှိ
လက်ဖက်ရည်ဆိုင် ခွေးခြေပုခုံလေးများဆီသို့ သုတ်သုတ်နှင်ကြလေသည်။
တစ်နေ့တွင်တော့
ရုံးဝန်ထမ်း မာလာ၊ သီတာနှင့် ဝေဝေတို့ ၃ ဦးသား ရုံးရှေ့တွင်
အထမ်းဖြင့်လာရောင်းသော တိုဟူးသုပ်၊ ရှောက်သီးသုပ်အသည်ထံမှ ရှောက်သီးသုပ်ကို
ခေါ်ဝယ်လေသည်။ အသုပ်သည်မှာ ညစ်ထေးပြီးအညိုရောင်ဘက်ရောက်နေသော
စွပ်ကျယ်နှင့် အရောင်အဆင်းမရှိတော့သော ပုဆိုးကိုတိုတို ဝတ်ထားပြီး
နောက်မြီးပြတ်နေသော ရာဘာဖိနပ်ကို ခါးကြားတွင် ထိုးထားလေသည်။ ဖိနပ်ကို
မစီးဘဲ ခါးကြားတွင် ထိုးထားခြင်းအကြောင်းမှာ ပလက်ဖောင်း၊
ကတ္တရာလမ်းတို့တွင် ဖိနပ်မစီးဘဲ ဖိနပ်အနာသက်သာစေရန်
ခါးကြားတွင်ထိုးထားခြင်းဖြစ်သည်။ ချိုင့်ခွက်နှင့် ကျောက်ခဲများပေါများသော
မြေနီလမ်းများတွင်သာ ဖိနပ်ကို ချစီးလေ့ရှိပေသည်။
သီတာ၊
မာလာနှင့် ဝေဝေတို့က ၃ယောက်ပေါင်းကာ ရှောက်သီးသုပ် ၅၀ ကျပ်ဖိုး ဝယ်လျှင်
အသုပ်သည်မှာ ထမ်းထားသော အဆိုင်းထမ်းကိုချ၊ ခါးကြားထိုးထားသော ဖိနပ်ကို
ဖြုတ်ယူကာ မြေကြီးပေါ်တွင် ဖိနပ်ခု ထိုင်ပြီး ရှောက်သီးကို သူ၏
ဓားထက်ထက်ဖြင့် အခွံခွာကာ ရှောက်သီးအဖတ်လေးများကို နွှင်လေသည်။ ထို့နောက်
သွက်လက်မြန်ဆန်စွာ ကြက်သွန်နီတစ်ဥကို အခွံသင် လက်ပေါ်တွင်ပင် လှီးပြီးနောက်
ဆီချက်၊ ပဲမှုန့်၊ အချိုမှုန့် ၊ ငရုတ်သီးစိမ်း သေးသေးလှီးထားသည်များဖြင့်
ရောနယ်ကာ သုပ်ပေးလေသည်။
သီတာ၊ မာလာနှင့် ဝေဝေတို့ ၃ ဦးသား ရှောက်သီးသုပ် ပန်းကန်ကိုကိုင်ကာ ရုံးပေါ်သို့ ပြန်တက်လျှင်
သူ့ ရုံးခန်းထဲမှ ထွက်လာသော ဒေါ်ခင်စွာစိနှင့် တည့်တည့်တိုးလေတော့သည်။
ညည်းတို့ ဘယ်ပျောက်သွားကြတာလဲဟူသော အမေးကို
သမီးတို့ ရှောက်သီးသုပ်ဆင်းဝယ်တာ မမ ...မမ စားပါဦးလားဟု ဝေဝေက ဆိုလျှင်
မှန်း...မြည်းကြည့်ဦးမယ်။ ဒီ အသည်ကောင်းသလားလို့ ဟုဆိုကာ
ရှောက်သီးသုပ်ပန်းကန်ထဲမှ ဇွန်းကို မလွှတ်ချတမ်း စားလေတော့သည်။
ဝေဝေ၊ သီတာ၊ မာလာတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ငါတို့တော့ ငတ်ပါပြီဟု စိတ်မသက်မသာဖြစ်ကြရလေသည်။
ထိုနေ့
နေ့လည် ၃ နာရီခွဲခန့်တွင် ဒေါ်ခင်စွာစိတစ်ယောက် ဗိုက်ထဲမှာ ဂွမ်
ဟုမြည်သံကြားရပြီးနောက် ဇောချွေးများပျံကာ အိမ်သာသို့ အပြေးအလွှား
သွားရတော့သည်။ အိမ်သာသို့ အလျင်အမြန်ပြေးသော်လည်း အိမ်သာထဲတွင် သူ၏
ဗိုက်ချပ်ဘောင်းဘီမှ ချိတ်များကို တစ်ခုချင်းဖြုတ်နေရသည့်အပြင်
ဗိုက်ချပ်ဘောင်းဘီမှာ ကြပ်လွန်းသည်က တစ်ကြောင်း၊
ချွေးများနှင့်ကပ်နေသောကြောင့် တော်တော်နှင့် ချွတ်၍မရဘဲ ထွက်ချင်၍
အပေါက်ဝနားရောက်နေသည့်အရာများမှာ ဗွမ်းကနဲ ပွင့်ထွက်လေသည်။
ထိုနေ့...ဒေါ်ခင်စွာစိ
မည်သို့ မည်ပုံဆက်လက် စခန်းသွားသည်၊ မည်သို့ မည်ပုံ ရုံးဆင်း
အိမ်ပြန်သွားသည်ကို ဆက်လက်တွေးတော စေရန် ချန်ထားခဲ့သော်လည်း
နောက်ပိုင်းအဖြစ်များကို ဆက်လက်ပြောပြချင်ပါသည်။
ထိုနေ့မှ စ၍ အလွန့်
အလွန်လှချင်သော ဒေါ်ခင်စွာစိမှာ ဗိုက်ချပ်ဘောင်းဘီကို မဝတ်ဘဲ မနေသော်ငြား
ရုံးဝန်ထမ်း မိန်းကလေးများထံမှ အသုပ်များကို နှိုက်စားခြင်းမှ
ရှောင်ကြဉ်ခဲ့လေသည်။
မမ...စားပါဦးလားဟု လောကွတ်လုပ်လျှင်
လောကွတ်လုပ်သူသည် ဒေါ်ခင်စွာစိ၏ ရှုတည်တည်မျက်နှာနှင့် မျက်စောင်းကြီးကို
လက်ဆောင်ရရှိမည်ဖြစ်ကြောင်း တစ်ရုံးလုံး သဘောပေါက်သွားကြလေသည်။
No comments:
Post a Comment