ကွန်ပျူတာဆိုတာ မပေါ်သေးတဲ့ ဟိုးရှေးနှစ်တွေတုန်းက လူတွေ ဘယ်လိုများ
နေခဲ့ကြသလဲ မသိပါဘူး။ အခုတော့ ကျွန်မမှာ နံနက် ကျောင်းကိုရောက်လျှင်
ကွန်ပျူတာကို အရင်ဆုံးဖွင့်ရပါတယ်။ ကျောင်းအီးမေးလ်တွေ ဘာတွေ ဝင်နေသလဲ ။ ဘာ
အစည်းအဝေးက ဘယ်အချိန်၊ ဘယ်အခန်းမှာလဲ။ ဘယ်တွေကို သွားရမလဲ။ ဘာတွေကို
အစီရင်ခံစာ တင်ရမလဲ …စသည်ဖြင့် အဲဒါတွေက အီးမေးလ်နဲ့သာ စာ အသွား ၊
အပြန်ရှိသည်မို့ ကွန်ပျူတာ မရှိလျှင် ၊ နက်ဝါ့ခ်ကွန်နက်ရှင် ပျက်နေလျှင်
ကျွန်မ အတွက်တော့ ကျွန်မကို မျက်စိပိတ်ထားသလို ဖြစ်နေတော့တာပါပဲ။
စာသင်နေရင်းနဲ့
ရှင်းပြလို့ ဘယ်လိုပြောရမလဲ အဆင်မပြေတော့တဲ့အခါ အင်တာနက်မှာ ရှာပြီး
ပရိုဂျက်တာနဲ့ ပြလိုက်တော့ ကျောင်းသားတွေ သဘောပေါက်သွား ၊
နားလည်သွားတဲ့အတွက် ကျွန်မ ဝင်တဲ့ စာသင်ခန်းက ကွန်ပျူတာပျက်နေလျှင် ၊
အင်တာနက် မချိတ်လျှင် ၊ ပရိုဂျက်တာ ပျက်နေလျှင် ချက်ချင်းပဲ အိုင်တီဌာနကို
ဖုန်းခေါ် အကြောင်းကြားကာ ကွန်ပျူတာနဲ့ အင်တာနက် ကွန်နက်ရှင်ဆိုတာ
ကျွန်မအတွက် အရေးကြီးဆုံး ဖြစ်နေတော့တာပါပဲ။
စာသင်မယ့်
လက်ချာဆလိုက်တွေ ပါဝါပွိုင့်လုပ်တဲ့အခါမှာလည်း အင်တာနက်က မရှိမဖြစ်
လိုအပ်ပါလေရော။ ပုံတွေကို ဆွဲဖို့ဆိုတာ အချိန်ကြာလှ၊ အချိန်ကုန်လှတာမို့
ဆားကစ်ပတ်လမ်းပုံတွေ လိုချင်လျှင် google ဆိုတာက ကျွန်မရဲ့ အကောင်းဆုံး
သူငယ်ချင်း ဖြစ်နေတော့ တာပါပဲ။ တကယ်လို့များ google ကသာ အသက်ရှိ ဖြစ်ပြီး
စကားပြောတတ်မယ်ဆိုလျှင် သူ့ကို ခိုင်းလွန်းတဲ့ ကျွန်မကို ငြိုငြင်စကားတွေ
ပြောမှာ အသေအချာပါပဲ။
အိမ်ပြန်ရောက်တော့လည်း ညဘက်ဆိုလျှင်
ကွန်ပျူတာဖွင့် ၊ မိတ်ဆွေ ၊ သူငယ်ချင်းများထံမှ လာတဲ့ အီးမေးလ်များကို
အကြောင်းပြန်၊ ပို့ပေးလိုက်သော သီချင်းများကို ဒေါင်းလုတ်ဒ် ကာ ၊
သီချင်းနားထောင်ရင်း ကမ္ဘာ့သတင်းတွေကို ဖတ်ရသည်မှာက ညစဉ် ပုံမှန်
အလုပ်တစ်ခုပါပဲ။ အင်တာနက်ဆိုတာကို ဆက်သွယ်ရေးလုပ်ငန်း တစ်ခု
အဖြစ်ကောင်းကောင်း ကို အသုံးချနေတာပါ။ စာတိုက်ကနေ စာထည့်လျှင် စာရောက်ဖို့က
လမ်းမှာ အနည်းဆုံး တစ်ပတ်ခန့်ကြာနိုင်သေးသည်။ စာရောက် မရောက်ကလည်း
မသေချာနိုင်။ ခုတော့ ဘယ်လောက်များ ကောင်းပါသလဲ။ တံဆိပ်ခေါင်းလည်း
ဝယ်ကပ်စရာမလို ၊ စာတိုက်ကိုလည်း သွားစရာမလို၊ လက်ရေးနဲ့ ချရေးစရာလည်း
မလိုတော့ဘဲ မိတ်ဆွေ ၊ သူငယ်ချင်း ၊ ဆွေမျိုးသားချင်းများထံ စာက
ခုချက်ချင်းပို့ (ဟိုဘက်ကလည်း အွန်လိုင်းဖြစ်နေလျှင် ) ခုချက်ချင်း
ရောက်သွားတာ ဘယ်လောက် အကျိုးကျေးဇူးများပါသလဲ လို့တွေးမိကာ
ကွန်ပျူတာနှင့်အင်တာနက် ဆိုတာကို ကျေးဇူးတင်မိနေတော့တယ်။
ဒါတင်မကသေးပါဘူးလေ။
ယဟူး ၊ အမ်အက်စ်အန်၊ ဂျီတော့ခ် ဆိုတဲ့ မက်ဆန်ဂျာတွေကနေ တဆင့် ဘယ်လောက်ပဲ
ဝေးကွာနေစေဦးတော့ စကားတွေ ပြောနိုင်ပြီး ဖုန်းခ လည်း
အကုန်သက်သာနေတာပေ့ါနော်။ ဒီလောက် အကျိုးများတဲ့
အင်တာနက်ကိုသုံးစွဲနေရင်းနဲ့ ကျွန်မတို့ဟာ ကံ ၃ ပါးကို
ကျူးလွန်တတ်ကြတယ်ဆိုတာ တွေးမိပြန်ပါတယ်။
ဟိုယခင်က( လွန်ခဲ့တဲ့ ၄
နှစ်လောက်က) အထက်တန်းပြဆရာမ အဖြစ် အချိန်ပိုင်း အလုပ်လုပ် နေစဉ်က
အားလပ်ချိန် အထိုက်အလျောက် ရရှိတာမို့ မြန်မာမိတ်ဆွေများနဲ့ မြန်မာစကားတွေ
ပြောချင်တဲ့အတွက် ချက်ရွမ်း (chatroom) ဆိုတာကို ဝင်ခဲ့မိပါတယ်။ နစ်နိမ်း (
nick name)၂၀ သာ စကားပြောနိုင်တဲ့ ချက်ရွမ်းမှာ မသိတဲ့သူရော ၊ သိတဲ့
ကိုယ့်မိတ်ဆွေ တွေရောနဲ့ ချက်တင်း (chatting) လုပ်ခဲ့တဲ့ ကာလများမှာ ကံ ၃
ပါး ကို မစောင့်ထိန်းနိုင်ခဲ့ပါဘူး။ ကျွန်မက သူတပါးအကြောင်း
ကိုယ်ရေးကိုယ်တာ တွေကို မမေးတတ်သလို ကျွန်မကို လာမေးလျှင်လည်း စိတ်လိုလျှင်
ပြောတတ်ပြီး ၊ စိတ်မလိုလျှင် မပြောတတ်တာ ကျွန်မအကျင့်ပါပဲ။ (ငယ်စဉ်ကတည်းက
တစ်တန်းတည်း လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းရဲ့ အဖေ နာမည် ၊ အလုပ်ကို
မသိခဲ့တာ တက္ကသိုလ် နောက်ဆုံးနှစ်မှ သိတဲ့ ကျွန်မက အဲ့လောက်ထိကို
ပတ်ဝန်းကျင်လေ့လာမှု အားကောင်းတာပါပဲ။) ပြောပြသလောက်သာ သိခဲ့ပြီး
မပြောပြရင် မမေးတတ်တာလည်း ကျွန်မ အကျင့်ပါပဲ။ ပွင့်လင်းတယ်လို့ ထင်ရပေမယ့်
ကိုယ့်အကြောင်းတွေကို မေးရင် မပြောချင်ဘဲ ၊ မမေးတဲ့ မစပ်စုတဲ့သူကိုသာလျှင်
အမှန်ပြောပြဖြစ်တဲ့ ကျွန်မရဲ့ ဂွတီးဂွတ စိတ်ကြောင့် ချက်ရွမ်းတို့ ထုံးစံ
အေအက်စ်အယ်လ် (A, S , L) ဆိုပြီး လာမေးရင် ကျွန်မက ပြောချင်တာတွေ
လျှောက်ပြောလိုက်တော့တာပါပဲ။ ကျွန်မက သူများအကြောင်း၊ ကိုယ်ရေးကိုယ်တာကို
မေးတာတွေကို မနှစ်မြို့လှဘူး။
ကျွန်မကိုယ်တိုင်က သူတစ်ပါးကို
ကျောထောက်နောက်ခံအနေအထားတွေထက် သူ့ကိုယ်ပိုင်လက်ရှိ အရည်အချင်း၊ သူ့
အစွမ်းအစကိုသာ နှစ်လိုခင်မင်ချင်စိတ်ရှိသူ၊ မိတ်ဆွေများရဲ့ မိဘ
အသိုင်းအဝိုင်းကို ကျွန်မ စိတ်မဝင်စားဘဲ မိတ်ဆွေများရဲ့
လက်ရှိအခိုက်အတန့်ကာလလေးကိုသာ စိတ်ဝင်စားတတ်တဲ့ ဘုကျကျ တစ်ယောက်ပါ။
ရန်ကုန်မှ
မောင် ၊ ညီမဝမ်းကွဲလေးများ၊ မိတ်ဆွေများနဲ့ ချက်ရွမ်းမှာ ချိန်းပြီး
စကားပြောခဲ့ကြပါတယ်။ ကိုယ ်တစ်ခါမှ မသိဖူးတဲ့ သူတွေနဲ့လည်း
စကားပြောဖြစ်ခဲ့တယ်။ ကြာလာတော့ ကိုယ်နဲ့ ချက်တင်း လုပ်နေတဲ့သူကို
ယုံကြည်သလိုဖြစ်လာတော့မှ အမှန်တွေကို ပြောဖြစ်တယ်။ မမေးလျှင်လည်း မပြောတတ်၊
သူများကိုလည်း မမေးတတ်တဲ့ ကျွန်မက တစ်ခါတစ်ရံမှာ ချက်ရွမ်းမှာ ဂွကျကျ ၊
ဘုကျကျ တစ်ယောက်ပဲဖြစ်နေခဲ့တယ်။ အသက် ၆၀ ကျော်ပြီလို့
ပြောလိုက်တဲ့အခါလည်းရှိရဲ့ ။ ကလေး ၆ ယောက်အမေပါ လို့ပြောလိုက်တဲ့အခါလည်း
ရှိရဲ့ ။ ကလေး တစ်ယောက်နေမကောင်းလို့ ဆရာဝန်သွားပြမလို့ ဆိုကာ ကိုယ်
မအားလို့ လော့တ်အောက် (log out) လုပ်ချင်တာကို အကောင်းမပြောဘဲ အဲလို
နောက်ပြောင်လိမ်ညာ ပြောဖြစ်ခဲ့တာမျိုးလည်း ရှိရဲ့ ။
အဲဒီလို ကျွန်မက
နောက်ပြောင်ပြောလိုက်တာက အသေးအဖွဲလေး ၊ ဘာမှ မဖြစ်ဘူးလို့ ကျွန်မက
ထင်ပေမယ့် တကယ်တန်းကျတော့ ကျွန်မက အဲဒီလိုပြောဖို့ကို အရင် စိတ်မှာ
ကြံစည်တွေးတောတယ်။ မဟုတ်တာ မမှန်တာကို အရင်တွေးတော့ မနောကံ၊ နောက် အဲဒါကို
လက်ကနေ ကွန်ပျူတာကီးဘုတ် (computer keyboard) ပေါ်မှာ ချရိုက်လိုက်တော့
ကာယကံမြောက် ကျူးလွန်တဲ့ ကာယကံ ။ (တော်သေးတာက ချက်ရွမ်းမှာက ဂျီတော့ခ် ၊
ယဟူးမက်ဆန်ဂျာတို့မှာလို ဖုန်းခေါ် စကားပြောလို့မရလို့ ၀စီကံ မပါတာ။
ဂျီတော့ခ်ကနေ လိမ်ညာလှည့်စားသူတွေ အတွက်ဆိုလျှင်တော့ ၀စီကံပါ
ပါပေတော့မှာပေ့ါနော်။ ) အဲဒီတော့ ဘာမှ မဟုတ်တဲ့ ကိစ္စလေးမှာ ကျွန်မဟာ ကံ ၃
ပါးထဲက ၂ ပါးကို ကျူးလွန်မိတာပါပဲ။ ဒါဆိုရင် ချက်ရွမ်း မဝင်တာကမှ ကျွန်မ
အတွက် ငရဲကျ သက်သာပါဦးမယ်။ ဒါပေမယ့် မိတ်ဆွေ ၊ အပေါင်းအသင်းများနဲ့ ဖုန်းခ
မကုန်ဘဲ ဆက်သွယ်လို့ရတယ်။ အချိန်းအချက်တွေ လုပ်လို့ရတယ်။ မသိတာတွေ ရှိရင်
တစ်ယောက်ယောက် ကို လှမ်းမေးလိုက်လို့ရတယ်။ မြန်မာစကားကို နေ့စဉ်
ပြောလို့ရတယ် ဆိုတဲ့ အကျိုးတွေကြောင့် ချက်ရွမ်းဆိုတာကို အားရင် အားသလို
ဝင်နေခဲ့ဖြစ်တာ ပါပဲ။
ချက်ရွမ်းမှာ ရလာခဲ့တဲ့ သူငယ်ချင်းအသစ်တွေဟာ
ယခုအချိန်မှာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေလည်း ဖြစ်နေပါတယ်။ အခုဆိုရင်
ကျွန်မရဲ့ မြန်မာ မိတ်ဆွေအတော်များများဟာ အွန်လိုင်းမှာ
စသိခဲ့သူတွေဖြစ်ပြီး အပြင်မှာပါ တကယ့် မောင်နှမ ရင်းချာတွေလို
ခင်မင်သွားကြတာတွေလည်း ရှိပါတယ်။ ခုထိ မမြင်ဖူးသေးဘဲ အွန်လိုင်းမှာတင်သာ
သိနေရပြီး အကူအညီလိုလျှင် အမြဲပေးတတ်တဲ့ မိတ်ဆွေကောင်းတွေလည်း ရှိပါတယ်။
ကျွန်မက နောက်တီး နောက်တောက်လဲ အင်မတန်ရှိလေတော့လည်း ရန်လည်း ဖြစ်တဲ့
အခါတွေလည်းရှိတယ်။ အဲလို ရန်ဖြစ်တဲ့အခါ အပြင်လက်တွေ့ဘဝမှာတကယ်မဟုတ်ပေမယ့်
virtual world ဆိုတဲ့ အွန်လိုင်းမှာ အခိုက်အတန့်လေး ဒေါသဖြစ်သွားရတယ်။
အခိုက်အတန့်လေး ဆိုပေမယ့် ဒေါသဆိုတာ ပူလောင်ဆူဝေ တာပါပဲ။
အင်တာနက်ဆိုတာက
ကျွန်မအတွက် အကောင်းတွေကိုလည်း ပေးပါတယ် ။ အဆိုးတွေကိုလည်း ပေးပါတယ်။
ဒါပေမယ့် ကိုယ်က ယူမှ ဖြစ်တာမလား။ ကိုယ်တိုင် ဆင်ခြင်မိတဲ့အခါမှာ
အင်တာနက်မှာပဲ ဆိုပေမယ့် ကိုယ် မလိမ် မညာမိအောင် ကြိုးစားနေပြီး
ကိုယ်မပြောချင်တာဆိုရင် မပြောဘဲနေလို့ရတာပဲ။ ဘာမှမလုပ်ရင် ဘာမှ ဖြစ်မှာ
မဟုတ်ဘဲ အွန်လိုင်းလုပ်မှ ကံတစ်ပါးပါး ကျူးလွန်မိတယ်ဆိုတဲ့ အဖြစ်မျိုး
မဖြစ်ရအောင် အင်တာနက်ကို အကျိူးရှိတဲ့ဘက်မှာပဲ တတ်နိုင်သလောက် အသုံးချလိုက်
ပါတော့တယ်။
No comments:
Post a Comment