အားလပ်ချိန်မှာ အပန်းဖြေပုံ ဖြေနည်းအမျိုးမျိုးရှိကြပါသည်။ ဝါသနာပါရာကို အလိုက် တစ်ဦးချင်းစီမှာ အပန်းဖြေနည်း အနည်းဆုံးတစ်ခုတော့ ရှိတတ်ကြပါသည်။ အချို့က အားလပ်ချိန်တွင် စာဖတ်ကြသည်။ အချို့က ရုပ်ရှင်ကြည့်ကြသည်။ အချို့က သူငယ်ချင်းများနှင့် ချိန်းကာ အပြင်ထွက် လည်ပတ်လေ့ ရှိကြ သည်။ အချို့က လောင်းကစားနည်းတစ်မျိုးမျိုး ကစားကာ စိတ်အပန်းဖြေလေ့ရှိကြသည်။
ကိုယ်
ဝါသနာပါရာကိုလိုက်ပြီး အားလပ်ချိန်ကို အသုံးချပုံ ၊ အသုံးချနည်း
ကွဲပြားလေ့ရှိကြသည်။ ကိုယ်ပိုင် အားလပ်ချိန်မှာ ကိုယ်လုပ်ချင်ရာကို
လုပ်ပိုင်ခွင့်ရှိသည် ဆိုသော်ငြားလည်း မိမိကိုယ် မိမိကိုသော် လည်းကောင်း၊
မိသားစုအသိုင်းအဝိုင်းကိုသော်လည်းကောင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို
သော်လည်းကောင်း၊ ကိုယ့် မြို့၊ တိုင်းပြည်နိုင်ငံကို
မထိခိုက်စေလျှင်အကောင်းဆုံးဖြစ်ပေမည်။
ကော်ဖီ
မသောက်တတ်သူတစ်ဦးသည် စတင်ကာ နေ့စဉ်နံနက်တိုင်းကော်ဖီသောက်ခြင်းဖြင့်
ကော်ဖီသောက်တတ်သည့် အလေ့အထ (သို့မဟုတ်) အကျင့် ဖြစ်လာပေမည်။ ထို့အတူ
ဆေးလိပ်မသောက်တတ်သူတစ်ဦးသည် ဆေးလိပ်တစ်လိပ်စတင်သောက်ကာ
နေ့စဉ်ရက်ဆက်သောက်ခြင်းဖြင့် ဆေးလိပ်သောက်တတ်ခြင်း အကျင့်ဖြစ်ပေါ်လာပေမည်။
အကျင့်ဆိုသည်မှာ ကျွန်မတို့၏နေ့စဉ်ဘဝတွင် အလွန်စွမ်းအားကြီးလှသည်။
အကျင့်သည် အလုပ်တစ်ခုကို
နေ့စဉ်အချိန်မှန်၊
ပုံမှန် ပြုလုပ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် စိတ်က
သတိမမူမိလိုက်မိခင်မှာပင် မသိစိတ် စေ့ဆော်မှုဖြင့် လုပ်ဆောင်ပြုမူသည်။
ထိုအပြုအမူများသည် ကျွန်မတို့၏ စရိုက်လက္ခဏာများ ဖြစ်လာပေသည်။
ထိုစရိုက်လက္ခဏာများ၏ အကောင်း၊ အဆိုးသည် ကျွန်မတို့၏ နေ့စဉ်ပြုမူနေမိသော
အပြုအမူများအပေါ်တွင် အခြေခံပေသည်။
အသေးအဖွဲကိစ္စလေးတွေကိုပင်
ဒေါသထွက်မိခြင်းဖြင့် ဒေါသထွက်တတ်ခြင်း အလေ့အထ အကျင့်ဖြစ်လာပေမည်။
ထိုသို့ဆိုလျှင် သီအိုရီနည်းအရ သည်းခံခွင့်လွှတ်တတ်ခြင်း အလေ့အထကိုလည်း
အကျင့်ဖြစ်လာစေရန် အကျင့်ပြုလုပ်၍ ရပေသည်။ အားလပ်ချိန်တွင်
လောင်းကစားနည်းတစ်ခုခုကို ကစားခြင်းဖြင့် အားလပ်ချိန်တိုင်းတွင်
လောင်းကစားလုပ်တတ်သည့်အကျင့်ဖြစ်လာပေသည်။ ထိုအကျင့်သည်
ရာဇဝတ်မှုမြောက်သဖြင့် မကောင်းလှပါ။ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့်
စာဖတ်ခြင်းအလေ့အထကို အကျင့်ပြုလုပ်မွေးမြူလိုက်သောအခါတွင်
အကျိုးကျေးဇူးများစွာရပေသည်။ အားလပ်ချိန်တွင် ရပ်ရွာအကျိုးများ
ကူညီလုပ်ဆောင်ခြင်းဖြင့် ရပ်ရွာအကျိုးသယ်ပိုးသောအကျင့်ကို ရရှိလာပေသည်။
လူတစ်ဦးတစ်ယောက်၏
စရိုက်လက္ခဏာဖြစ်လာမည့် အကျင့်ဆိုသည်ကို လုပ်ယူပြောင်းလဲ၍ ရနိုင်သည်။
ယာဉ်ကားမောင်းနှင်သောအခါတွင် သတ်မှတ်ထားသော လမ်းစည်းကမ်း၊
ယာဉ်စည်းကမ်းများကို လိုက်နာကာ မောင်းနှင်ခြင်းအကျင့်ဖြင့် မိမိကိုယ်ကို
ဘေးအန္တရာယ်ကင်းစေသလို၊ မိမိ၏ ယာဉ်တွင်စီးနင်းလိုက်ပါလာကြသော
မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေများ၊ ခရီးသည်များသည်လည်း
ဘေးအန္တရာယ်ကင်းပေသည်။ ယာဉ်၊ ကား မောင်းနှင်သည့်အခါတွင် ခရီးစဉ်ကို
ကြိုတင်ပြင်ဆင်ခြင်း အလေ့အထကို မွေးမြူခြင်းဖြင့် အချိန်ကို
စီမံနိုင်ပေသည်။
ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားမှုများသည့်
ရုံးတက်ရုံးဆင်း၊ ကျောင်းတက်ကျောင်းဆင်းချိန်များတွင် အိမ်မှာ
စောစီးစွာထွက်ခွာလာခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှုကြောင့်
ရုံးချိန်မမီမည်ကို စိတ်ပူရန်မလိုတော့ချေ။ အချိန်မမီမည်ကို
စိတ်ပူရန်မလိုတော့သောအခါ လမ်းတွင် အခြားယာဉ်ကားများကိုလည်း
စိတ်ရှည်စွာသည်းခံနိုင်ပေမည်။ ကြိုတင်ပြင်ဆင်ခြင်းကို ပထမတစ်ရက်တွင်
စတင်ပြုလုပ်လိုက်ပြီးနောက် နေ့စဉ်ရက်ဆက် ထိုသို့ပြုမူမည်ဆိုလျှင်
အလေ့အကျင့်ဖြစ်လာပေမည်။
စည်းကမ်းတကျ
အမှိုက်စွန့်ပစ်ခြင်း၊ သတ်မှတ်ထားသော စည်းမျဉ်းဥပဒေများကို လိုက်နာခြင်း၊
တန်းစီခြင်း၊ စနစ်တကျလုပ်ဆောင်တတ်ခြင်း၊ ချိန်းဆိုထားသည့်အခါ အချိန်မှန်
ရောက်ရှိတတ်ခြင်း၊ နိုင်ငံကြီးသားပီသခြင်းတို့သည် အသေးအဖွဲဟု ယူဆထားကြသော
အမူအကျင့်လေးတစ်ခုမှ စတင်ကာဖြစ်ပေါ်လာသော လူတစ်ဦးတစ်ယောက်၏
စရိုက်လက္ခဏာများ ဖြစ်ကြသည်။ တစ်ပါးသူကို
လေးစားစွာပြုမူဆက်ဆံခြင်းအလေ့အထဖြင့် မိမိကိုလည်း သူတစ်ပါးက လေးစားစွာ
ပြုမူဆက်ဆံပေမည်။ မိမိ၏ စရိုက်လက္ခဏာကို သူတစ်ပါးက ဆောင်ရွက်ပေး၍
မရနိုင်ပေ။ မိမိ၏ ပြုမူလှုပ်ရှားမှုများသည်သာ မိမိ၏ စရိုက်လက္ခဏာဖြစ်ပေသည်။
လူတစ်ဦးတစ်ယောက်၏
စရိုက်လက္ခဏာသည် ထိုသူ၏ ဘဝကို ပုံဖော်လာသည်။ စရိုက်လက္ခဏာ အကောင်း၊
အဆိုးကို ဖော်ဆောင်လာမည့် အကျင့် အကောင်း၊ အဆိုးကို ဆင်ခြင်ပြုမူ
မွေးမြူသင့်လှသည်။
ဟနစံ
၇ရက်၊ ဇူလိုင်လ၊ ၂၀၁၀ ခုနှစ်။
No comments:
Post a Comment