Wednesday, 1 February 2017

မိတ်ဆွေဟူသည်



လူတိုင်းတွင် အကောင်းချည်းမရှိနိုင်၊ အဆိုးချည်းမရှိနိုင်။

သူတစ်ပါး၏ အပြစ်အနာအဆာများကိုသာ ကြည့်ရှုပြီး ထိုသူအား အပေါင်းအသင်းမှ ဖယ်ကြဉ်လျှင် အကျွန်ုပ်တို့တွင် အဘယ်မှာ အပေါင်းအသင်းမိတ်ဆွေ ရှိအ့ံ့နည်း။ ထို့အတူ အကျွန်ုပ်အား အဘယ်သူက မိတ်ဆွေဖွဲ့ အံ့နည်း။
 

လူတစ်ဦး၏ အပြစ်အနာအဆာများကို လျစ်လျူရှုကာ သူ၏ ကောင်းကွက်များကိုသာ မြင်ကာ မိတ်ဆွေများ ပေါင်းသင်းကြပေသည်။ မိတ်ဆွေစစ်ဟူသည် မိမိ၏မိတ်ဆွေ မှားနေသည်များရှိသော် ၊ မှားနေသည်များကို မြင်သော် အမုန်းခံရသော်လည်း ထောက်ပြရာ၏။

အကျွန်ုပ်၏ ဆိုးကွက်၊ အပြစ်အနာအဆာများကို အကျွန်ုပ်၏ အမှားများကို မိတ်ဆွေများက ဝေဖန်ထောက်ပြခြင်းဖြင့် အကျွန်ုပ် အမှန်ကို ပြင်နိုင်ခဲ့ရာ၏။ ထိုမိတ်ဆွေများကို အကျွန်ုပ်က ကျေးဇူးတင်မဆုံးတော့ချေ။ ညအိပ်ရာဝင် ဘုရားရှိခိုးတိုင်း ၊ နံနက်မိုးသောက် ဘုရားရှိခိုးတိုင်း မှန်းမျှော် ကန်တော့မိပေ၏။ အကျွန်ုပ်၏ မိုက်မဲမှုများ ၊ အပြစ်အနာအဆာများကို မိတ်ဆွေများက ရယ်သွမ်းသွေး ပြုံးရယ်မိကြပြီး အကျွန်ုပ်ကို ခွင့်လွှတ်ချစ်ကြခြင်းကြောင့်သာ အကျွန်ုပ်မှာ မိတ်ဆွေများ အများအပြားရှိနေခဲ့ခြင်းပင်။

ထို့အတူ အကျွန်ုပ်တို့ကလည်း အခြားသူများ၏ အပြစ်အနာအဆာများ၊ ဆိုးကွက်များကိုသာ ကြည့်ပြီး မိတ်ဆွေ မပြူလျှင် အကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် မိတ်ဆွေ ဆိုသည်မှာ အဘယ်နည်းဟုပင် မေးရချေအံ့။

ခွင့်လွှတ် ချစ်ခြင်းဖြင့်သာ အကျွန်ုပ်တို့ ကမ္ဘာကို အကျွန်ုပ်တို့ တည်ဆောက်နေကြခြင်းဖြစ်ပေ၏။





                                                                                                                 ဟနစံ
                                                                                   ၁၆ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၀ ခုနှစ်။

No comments:

No comments:

Post a Comment