ကျွန်မတို့
ပြောတတ်ကြတဲ့ စကားတစ်ခွန်းရှိတယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လုပ်လိုက်တယ်
ဆိုတဲ့စကား။ ရယ်စရာတစ်ခုလို့ ပေါ့ပေါ့ပါးပါးလေး ပြောဖြစ်နေကြတယ်။
လုပ်ရကိုင်ရခက်တဲ့ ကိုင်တွယ်ရခက်တဲ့ ကြန့်ကြာနေတဲ့ ကိစ္စတွေကို မြန်မာ့နည်း
မြန်မာ့ဟန်နဲ့ ဖြေရှင်းလိုက်လို့ အဆင်ပြေသွားတယ် ဆိုတာမျိုး တွေကို
ရယ်ရယ်မောမောပြောဖြစ်နေကြပေမယ့် အဲဒီ စကားက အင်မတန်ရင်လေးစရာစရာပါပဲ။
စနစ်တကျလုပ်ဆောင်ခြင်းကို ချိုးဖောက်တာပဲ မဟုတ်လား။
ဒီလိုပြောလို့
စကားကြီး စကားကျယ်တွေ ပြောနေတယ်ဆိုပြီး အမြင်ကတ်ခံရဖို့ကတော့ အသေအချာပါပဲ။
ဒါပေမယ့် စိတ်ထဲရှိရာတွေကို ဆက်ပြောပါရစေ။ ကျွန်မတို့တွေ ပြောကြတယ်။
"သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ပဲ... ထားလိုက်ပါ" ဆိုတာမျိုး။ သူ့အရပ်နဲ့
သူ့ဇာတ်နဲ့ အဆင်ပြေနေတာမို့ ဒီတိုင်းထားလိုက်ကြမယ်ဆိုရင်
ပြဇာတ်အဟောင်းကြီးကိုပဲ ထပ်ခါ ထပ်ခါ ကပြနေကြရဦးမှာပဲ။ မပြုပြင်ဘူး၊
မပြောင်းလဲဘူးဆိုရင် ပဒေသရာဇ်ခေတ်...သိပ်အဝေးကြီးမဟုတ်တဲ့ မင်းတုန်းမင်း၊
သီပေါမင်းခေတ်ကအတိုင်း ဘာမှမထူးတဲ့ ပြဇာတ်အဟောင်းကြီးကိုပဲ
ဆက်ကနေကြရဦးမှာပါပဲ။
ပြုပြင်ပြောင်းလဲဖို့ဆိုရင်
ဘာတွေကိုပြောင်းပစ်ရမှာလဲလို့ အရင်ဆုံးတွေးတော့ အားလုံးကိုပါပဲ။
စိတ်နေစိတ်ထားကစလို့ ပါပဲ။ လုပ်ငန်းခွင်မှာ ဖွဲ့စည်းပုံအရဆိုရင်
ကြီးကြပ်ရေးမှုးက စလို့ သူ့အထက်က မန်နေဂျာကနေအစ ဒါရိုက်တာအပါအဝင်
ရာထူးနဲ့သူတွေအကုန်လုံး ပြုပြင်ပြောင်းလဲရပါမယ်။ နေရာတစ်ခုတည်းမှာ၊
တစ်နေရာတည်းမှာ၊ စက်ရုံတစ်ခုတည်းမှာ၊ အလုပ်ရုံတစ်ခုတည်းမှာ ၊
အဖွဲ့အစည်းတစ်ခုတည်းမှာ သာမန်စာရေးဝန်ထမ်းကနေ အလုပ်ဝင်ခဲ့တာကြောင့် လုပ်သက်
(experience) နှစ်ကာလကြာရှည်လာတဲ့အခါမှာ ရာထူးအဆင့်ဆင့်တက်ပြီး
ကြီးကြပ်ရေးမှုး (supervisor) ၊ မန်နေဂျာ (manager) ဖြစ်လာတဲ့သူတွေမှာ
တကယ်တမ်း စီမံခန့်ခွဲမှုစွမ်းရည် (managing skills ) တွေ၊ ခေါင်းဆောင်မှု
စွမ်းရည် ( leadership skills ) တွေရှိနေမယ်လို့ တပ်အပ်ပြောလို့မရသလို
ဦးဆောင်သူတစ်ယောက်ရဲ့ ကျင့်ဝတ် (ethics )တွေ ရှိနေမယ်လို့လည်းလည်း တစ်ထစ်ချ
ယုံကြည်လို့မရပါဘူး။ မိရိုးဖလာထဲကနေ မဖောက်ထွက်ဘဲ နေ့စဉ်
ဒီလုပ်ငန်းခွင်တစ်မျိုးတည်းမှာ ၊ တစ်နေရာတည်းမှာ ဒီလူတွေနဲ့ပဲ
လုပ်ရိုးလုပ်စဉ် လုပ်နေကျအလုပ်တွေကိုပဲ ထပ်ခါ ထပ်ခါ
ပြုလုပ်ဆောင်ရွက်နေတဲ့အတွက် ဒီတစ်နေရာတည်းမှာ
လုပ်ငန်းကျွမ်းကျင်မှုရှိလာလို့ ဦးဆောင်သူ ကြီးကြပ်ရေးမှုး၊
မန်နေဂျာစသည်ဖြင့် ဖြစ်လာရတဲ့အတွက်ပါ။
စာသင်ကျောင်းဘက်မှာဆိုရင်တော့
ဆရာတစ်ယောက်ရဲ့ စာသင်ခန်းကြီးကြပ်နိုင်မှု(classroom management) ကို
သင်နေကျစာသင်ခန်းတွေနဲ့ မတိုင်းတာနိုင်ပါဘူး။ကိုယ့်ကျောင်းသား၊
ကိုယ့်အတန်းကို ထိန်းနိုင်တာ၊ စာသင်ပြနိုင်တာဟာဆရာတစ်ယောက်ရဲ့ စွမ်းရည်လို့
မသတ်မှတ်နိုင်ပါဘူး။ စွမ်းရည်ရှိတဲ့ ဆရာတစ်ယောက်ဟာ သင်နေကျ
စာသင်ခန်းအတန်းကနေ မသင်ဖူးတဲ့ တခြားစာသင်ခန်းများကို
ရုတ်ချည်းရောက်ရှိသွားပြီး သင်ကြားရမယ်ဆိုရင် အဲဒီအသစ်ဖြစ်တဲ့ စာသင်ခန်းကို
ကိုင်တွယ်ထိန်းနိုင်တဲ့သူ ဖြစ်မှသာ classroommanagement ကို
ပိုင်နိုင်တတ်ကျွမ်းတဲ့ဆရာလို့ သတ်မှတ်ပါတယ်။ဥပမာအားဖြင့်
မြစ်ကြီးနားကျောင်းက ဆရာတစ်ယောက်ဟာ တောင်ကြီးကကျောင်းကိုတစ်ရက်တစ်လ
သွားရောက် စာသင်တဲ့အခါမှာ စာသင်ခန်းကိုကိုင်တွယ်ထိန်းနိုင်တာမျိုး၊
မြောင်းမြကျောင်းကို ရောက်ရင်လည်း ကိုယ့်ကျောင်းသားဟောင်းတွေကို
စာသင်နေရသလိုမျိုးပဲ ဖြစ်နေတာမျိုး။ကိုယ့်ဆရာ ကိုယ့်တပည့်ဆိုတဲ့
ဘောင်ကျဉ်းကျဉ်းလေးထက်ပိုလို့အခြားတိုင်ပြည်များကိုဆိုရင် ပို၍
မကောင်းပေဘူးလား။
အဲဒီလိုပါပဲ။
စက်ရုံတစ်ခု၊ အလုပ်ရုံတစ်ခုက ကြီးကြပ်ရေးမှုးဟာ အခြေအနေအရေးကြုံလို့
အခြားစက်ရုံ၊ အလုပ်ရုံတစ်ခုကို ရုတ်တရက်
ခေတ္တသွားရောက်ကြီးကြပ်ရတာမျိုးတွေတွက် ကြီးကြပ်ရေးမှုး၊
မန်နေဂျာများဟာအဆင်သင့်ဖြစ်နေရပါမယ်။ ကြီးကြပ်နေကျ အလုပ်သမားတွေမဟုတ်ဘဲ
မျက်နှာစိမ်း အလုပ်သမားကို ကြီးကြပ်နိုင်မှသာ သူ့မှာ managing skill
ရှိတယ်လို့ပြောလို့ရပါတယ်။ ရန်ကုန်စက်ရုံက
ကြီးကြပ်ရေးမှုးဟာမြစ်ကြီးနားစက်ရုံကိုလည်း သွားရောက် ကြီးကြပ်နိုင်ရပါမယ်။
မန္တလေးက စက်ရုံကို လည်းကြီးကြပ်နိုင်ရပါမယ်။ နေပြည်တော်က
စက်ရုံကိုလည်းကြီးကြပ်နိုင်ရပါမယ်။ ထို့ထက်ပိုလို့မှ စင်္ကာပူ၊ ကွာလာလမ်ပူ၊
ဘန်ကောက်၊ပေကျင်း၊ ဖနွမ်းပင် ၊ မနီလာ အစရှိသည့် အာဆီယံနိုင်ငံများက
စက်ရုံတွေကိုလည်း ကြီးကြပ်နိုင်ရပါမယ်။ ဒါမျိုးတွေမလိုပါဘူး...လို့
ပြောလို့မရပါဘူး။ အခုအခြေအနေအရ ဆိုရင်တိုင်းပြည်ထဲကို
စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Joint Venture တွေအများကြီး
ဝင်လာနိုင်ပါတယ်။ ရှိနေခဲ့ပြီးသား Joint Venture တွေမှာကျွန်မတို့တွေ
ဘာလို့ နေရာမရသလဲ၊ ဘာလို့ တိုင်းတစ်ပါးသားများ ကသာကြီးစိုးနေသလဲ ၊
ဘာလို့တိုင်းတစ်ပါးသားတွေအတွက်သာဖြစ်နေသလဲ ဆိုတဲ့မေးခွန်းကို
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ကြီးကြပ်ရေးမှုး တော်လျက်သားနဲ့
လက်အောက်ငယ်သားတွေ မကောင်းလို့၊လက်အောက်ငယ်သားတွေ တော်လျက်
ကောင်းလျက်သားနဲ့ ကြီးကြပ်ရေးမှုး မတော်လို့စတဲ့ စကားတွေဟာ အကြောင်းပြချက်
(reason) မဟုတ်ဘဲ ဆင်ခြေ (excuse) သာဖြစ်ပါတယ်။ ကျွန်မတို့တွေကို
နာမည်ကောင်းနဲ့သာ ကမ္ဘာက သိလာဖို့ကိုမျှော်လင့်ဆန္ဒရှိပါတယ်။
ဟနစံ
၂၅ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်။
No comments:
Post a Comment