"ပန်း ...စနေညကျရင် ကို့ဧည့်သည်တွေကို ထမင်းကျွေးချင်တယ်"
ပန်းတစ်ယောက် အလုပ်သွားဖို့ ပြင်ဆင်နေတုန်း ကိုကိုကလည်း ရုံးသွားဖို့အတွက် ရေချိုးပြီး ရေချိူးခန်းမှ ထွက်လာပြီး ပြောလေသည်။
"ဟုတ်ကဲ့...ကိုကို...ဘယ်ဆိုင်ကမှာမလဲ...ဘယ်နှစ်ယောက်စာ reserve လုပ်ထားရမှာလဲ"
"ဆိုင်မှာ
မကျွေးချင်ပါဘူးကွာ...ကို့မိန်းမ လက်ရာတွေကျွေးချင်တာ..ကို့မိန်းမကို
ကြွားချင်တာကွ. ..ဧည့်သည်က ၅ ယောက်...၂ယောက်ကဥရောပလင်မယား"
ကိုကို့စကားကြောင့် ပန်း ပင့်သက်မောသွားသော်လည်း "ဟုတ်ကဲ့...ကိုကို" ဟုသာပြန်ပြောလိုက်သည်။
ကျောင်းမှာ
ကျောင်းသားတွေ စာမေးပွဲအဖြေလွှာများကို အမှတ်ခြစ်ပြီး မနက်ဖြန်
သောကြာနေ့အပြီး အမှတ်စာရင်းတွေ သွင်းပေးရတော့မှာ။ အိမ်ကို အလုပ်တွေ ယူလာမည်
စိတ်ကူးထားသော ပန်းတစ်ယောက် ညစာစားပွဲအတွက်လည်း စီစဉ်ရဦးမှာပါလားဟု
စိတ်မောသွားသည်။ နောက်တစ်ပတ်ထဲမှာလည်း Abstract တင်ထားပြီး
ရွေးချယ်ခံထားရသော စာတမ်းကို အပြီးသတ်ရေးပို့ရဦးမည်။
ဟူး...ဟု
စိတ်ထဲမှာသာ သက်ပြင်းချမိသည်။ ဆံထုံးကို အပြီးသတ်ထုံးလိုက်ရင်း ပန်းပန်ဖို့
သတိရမိသည်။ နံနက်က ခြံထဲဆင်းကာ ပန်းပင်များကိုရေလောင်းစဉ်က
ပန်းတစ်ပွင့်မခူးထားမိ။ တော်ပါပြီလေ... ပန်းမပန်တော့ရော ဘာဖြစ်မှာလဲ
ဟုတွေးကာ ပန်းမပန်ဖြစ်တော့။ အရင်ကဆိုလျှင် ဆံထုံးတွင် ပန်းတစ်ပွင့်
အမြဲပန်ထားလေ့ရှိသော ဒေါ်ပန်းသစ္စာတစ်ယောက် ခုတော့ ဆံထုံးတောင်
အနိုင်နိုင်ထုံးနေရတဲ့အဖြစ် ပါပဲလေ။
"ပန်း...ခြေအိတ်...ခြေအိတ် ...ကို့ ခြေအိတ်တွေ ဘယ်မှာလဲ...ဒီမှာ ဘီရိုထဲမှာ တစ်စုံမှ မရှိဘူး"
အဝတ်ဘီရိုဖွင့်ကာ ကိုကိုက အော်တော့
"ကိုကို့ခြေအိတ်တွေ
အဝတ်ခြောက်စက်ထဲမှာ ကိုကို...မိုးတွေရွာတော့ အဝတ်တွေမခြောက်ဘူး...အကုန်
ခြောက်စက်ထဲ ထည့်လှည့်ထားတာ ပန်း မထုတ်ရသေးလို့"
"ဟာကွာ...တောက် ...ဘာမှလည်း အဆင်သင့်မရှိပါလား"
"ပန်း...သွားယူပါမယ် ကိုကိုရယ်"
ဟုဆိုကာ အဝတ်ခြောက်စက်ထားရှိရာ အခန်းဘက်ကို အပြေးလေးကူးပြီး ကိုကို့ခြေအိတ်အစုံများကို ထုတ်ယူလေသည်။
"ညတုန်းက ပန်းစာတမ်းရေးနေလို့ မထုတ်ထားမိတာပါ ကိုကို...နောက်တစ်ပတ် အပြီး ပေးရတော့မှာလေ"
"မင်းမလည်း အဲဒီ စာတမ်းတွေပဲရေးနေ..."
မကျေမနပ်မြည်တွန်တောက်တီးကာ
ခြေအိတ်ဝတ်ပြီးနောက် ပန်းအဆင်သင့်ပြင် ထားပေးသော နေ့လည်စာ
ထမင်းချိုင့်နှင့် အချိုတည်းစရာ ပန်းသီး၊ သစ်တော်သီးနှင့် စပျစ်သီးကို
လှီးပြီးဆလတ်လုပ်ပြီး ထည့်ထား သည့်ဘူးတို့ ထည့်ထားသော ဆွဲခြင်းကို ဆွဲယူကာ
ဦးကိုကိုတစ်ယောက် အလုပ်သွားရန် ထွက်လေတော့ သည်။
ပန်းက
ကိုကို့ကားထွက်ရန် ခြံတံခါးအပြေးကလေး သွားဖွင့်ပေးပြီး
ကို့ကားထွက်သွားသည်ကို လက်ပြကာ အိမ်ထဲ အမြန်ပြေးဝင်ခဲ့သည်။ ပန်းလည်း
ကျောင်းသွားရဦးမည်လေ။ ကျောင်းသားတွေ စာမေးပွဲပြီးသွား၍ အတန်းတွေ
မဝင်ရတော့၍သာ နောက်ကျမှသွားလည်း ရနေတာ။ ကျောင်းသားတွေ ကျောင်းဖွင့်ရက်
ဆိုလျှင် နံနက် ၈ နာရီအတန်းဝင်ရမည့်ရက်များကလည်း ရှိသေးသည်။
နံနက် ၇ နာရီ ၁၅
မိနစ်လောက် အိမ်ကနေ ထွက်မှ လမ်းမှာ ကားလမ်းပိတ်တာနှင့်ရော ကျောင်းကို
ရောက်တော့ ၈ နာရီထိုးဖို့ ၅ မိနစ်၊ ၁၀ မိနစ်အလိုသာ။ နံနက် ၄ နာရီခွဲကတည်းက
အိပ်ရာထပြီး ဘုရားသောက်တော်ရေလဲ၊ ထမင်းချက်၊ ငါးပါးသီလခံယူ
ဘုရားရှိခိုးပြီး အရင်နေ့ညနေက ချက်ထားပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားသော
အသားဟင်းကိုထုတ်နွှေး၊ ဟင်းရွက်တစ်အိုးကြော်၊ ပဲပြုတ်သည် လာလျှင်
ပဲပြုတ်ဝယ် ၊ ထမင်းနှင့်ပဲပြုတ်ကြော်ပြီး ကော်ဖီဖျော်၊ ကော်ဖီကို
ဓာတ်ဘူးထဲထည့်ထားကာ နံနက်စာအတွက် ထမင်းစားပွဲပေါ်တွင် အဆင်သင့်ပြင်ပြီး
အုပ်ဆောင်းအုပ်ထားခဲ့ကာ ခြံထဲသို့ အပြေး အလွှားဆင်းရသည်။
ပန်းပင်တွေ
ရေလောင်းရသည်လေ။ အရင်ကလို ပန်းပင်တွေကို တယုတယပြုစုနိုင်ခြင်း မရှိတော့ဘဲ
ကမန်းကတန်း ရေလောင်းပြီးနောက် အိမ်ပေါ်ပြန်တက်ကာ အိမ်ရှေ့ဧည့်ခန်းကို
ဖုန်သုတ်၊ တံမြက်စည်း လှဲရသည်။ ညဘက်ဆို ကိုကိုက ညဉ့်နက်ထိ မအိပ်သေးဘဲ
ရုပ်ရှင်ကြည့်တာ ရုပ်မြင်သံကြားစက်ရှေ့မှာ လည်း ပွစာကျဲနေတတ်သည်။
ကိုကိုသောက်ထားသည့်
ဘီယာဘူးခွံ၊ ဖွထားသည့်စာအုပ်တွေနှင့် ပစ္စည်းတစ်ခုကိုယူလျှင် နေရာမှာ
ပြန်မထားဘဲ တွေ့ရာနေရာမှာ ချထားတတ်သည့် ကိုကို့ကြောင့် ပန်းမှာ
အိမ်သိမ်းရသည့်အလုပ်က အချိန်ကုန်တတ်ပြန်သည်။ ကိုကိုနိုးလာလျှင် ကိုကို
ရေချိုးခန်းဝင်ပြီး အိမ်ရှေ့မှ သတင်းစာကိုယူကာ ထမင်းစားခန်းဘက်ကို
ထွက်သွားလျှင် ပန်းမှာ ရေချိုးခန်းထဲဝင်ပြီး ကိုကို ရေဆွဲမချခဲ့သော
အိမ်သာနှင့် ရေချိုးခန်းကို အမြန် သန့်ရှင်းရေးလုပ်ရလေသည်။
ကျောင်းမသွားမီ
နံနက်ခင်းများမှာ အိမ်အလုပ်များကသီသလောက် ကိုယ်တိုင်အလုပ်သွားဖို့လည်း
ပြင်ဆင်ရသေးသည်။ ပစ်စလက်ခတ် ဝတ်စားပြင်ဆင်လို့ မရသည့် အနေအထားမှာ
ကိုယ်တိုင်ကလည်း လှပကျော့မော့နေဖို့ကလည်း အချိန်ယူရသေးပြန်သည်။
ဟိုအရင်တုန်းက ဒေါ်ပန်းသစ္စာ အေးဆေးသိမ်မွေ့သလောက် ခုများတော့လည်း
မြန်မြန်သွက်သွက် ဝုန်းဒိုင်းကျဲ အိမ်အလုပ်တွေလုပ်၊ ကျောင်းမှ ပါလာသော
အလုပ်များကိုလုပ်နေရလေသည်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် တစ်ပတ်စာ
စျေးဝယ်ခြင်း၊ ခြံသန့်ရှင်းရေးလုပ်ခြင်း၊
တစ်အိမ်လုံးသန့်ရှင်းရေးလုပ်ခြင်းတို့အပြင် ကိုကို့ကားနှင့် သူ့ကားကို
သန့်ရှင်းရေးလုပ်ကာ ကားရေဆေးရသည်။
တစျပတျစာ
တစ်ခါတစ်ရံတွင်
ကိုကိုက ကူခိုင်းတတ်သော ကိုကို့ ငွေစာရင်းများ၊
ကိုကို့ရုံးအလုပ်များနှင့်လည်း ချာချာလည်တတ်သေးသည်။ စနေ၊
တနင်္ဂနွေပိတ်ရက်များတွင်မှ ရှင်ပြုနားသ၊ ကလေးကင်ပွန်းတပ်၊ မွေးနေ့၊
မင်္ဂလာဆောင် စသည့် လှုမှုရေးဖိတ်ကြားမှုတွေကိုလည်း ကိုကိုနှင့်အတူ
သွားရသေးသည်။ ကိုကို ဝတ်ဖို့ ပုဆိုး၊ တိုက်ပုံကို မီးပူတိုက်ထားခြင်း၊
ကိုကိုနှင့်သူ အရောင်ဆင်တူဖြစ်မည့် ပုဆိုးနှင့် သူ့ချိတ်ထဘီ
ကိုရွေးချယ်ရခြင်းမှာလည်း အလှအပကို စိတ်မဝင်စားတတ်ခဲ့သည့် ပန်းတစ်ယောက်
အတွက်တော့ ဝန်ထုပ်ဝန်ပိုးပင်။ ကိုကိုက အလှကြိုက်သူပေမို့ ကိုကိုနှင့်အတူ
တွဲသွားသည့် လမ်းများမှာ ဒေါ်ပန်းသစ္စာ တစ်ယောက် ကျော့မော့လှပနေရသေးသည်။
မလွယ်တာမှ
တကယ့်ကို မလွယ်တာပါကွယ်။ ရုပ်မြင်သံကြားသတင်းကြည့်တတ်လေ့ရှိခဲ့သော ပန်းမှာ
အိမ်ထောင်ကျပြီးမှပင် နေ့စဉ်သတင်းမှန်မှန်မကြည့်ဖြစ်ေတာ့။ ကိုကို
ရုပ်မြင်သံကြားကြည့်နေသည်ကို ရီမုတ်ကွန်ထရိုးခဏတောင်းယူကာ
ကမန်းကတန်းလေးသတင်းပြောင်းကြည့်ဖြစ်သည့်ညများလည်း ရှိခဲ့သည်။
"ပန်း...မင်း ဆံပင်တွေကကွာ...လူကို လာထိတာ ယားလိုက်တာ..ရှုပ်နေတာပဲ"
မြည်တွန်တောက်တီးသော ကိုကို့စကားကြောင့်
"အမ်...ဟိုတုန်းကတော့ပန်းဆံပင်တွေရဲ့ အနံ့လေးကို ကိုကို သိပ်ကြိူက်တာပဲ..ကိုကိုဖြင့် ပန်းမသိအောင် ခိုးမွှေးရတာ ဆို"
ပန်းက ပြန်ချေပမိသည်။
"ခေါင်းလျှော်ထားလို့ ကိုကိုရဲ့...ခေါင်းကသေချာမခြောက်သေးဘူး...ဆံပင်တွေ မခြောက်သေးဘဲ ချည်ထားရင် ခေါင်းကိုက်တတ်တယ် ကိုကိုရဲ့"
သြော်...ယောကျ်ားတွေများ
ပြောင်းလဲတတ်ပါလားနော်...ဒီဆံပင်တစ်မျိုးတည်းကိုပဲ
အမျိုးမျိုးပြောတတ်သူပါလား။ အရင်တစ်ပတ်တနင်္ဂနွေနေ့က ခင်မင်ရသော ဆရာတို့
လင်မယားနှင့်အတူ သူငယ်ချင်းဖြစ်သူ နှောင်းက အိမ်ကိုလာလည်တော့
ပန်းတစ်ယောက်ရဲ့အဖြစ်ကို မျက်ဝါးထင်ထင် မြင်တွေ့ပြီး ရယ်လေသည်။
"တကယ်တော့
ဒါတွေဟာ နှောင်းပယောဂမကင်းဘူး...နှောင်းမှာလည်း တာဝန်ရှိတယ်...ကိုကို့တာဝန်
နှောင်းလည်းယူ" ဟု ပန်းက နောက်ပြောင်စကားဆိုတော့
"အောင်မလေး...သူ့ဟာသူ ဦးကိုကိုကိုနဲ့ကျမှ ကြွေဆင်းသွားပြီးတော့များ...နှောင်းကို အပြစ်လာဖို့နေတယ်"
ဟုနှောင်းက ရှောင်လေသည်။
"ဟုတ်တယ်လေ...ပန်းဘာသာ
ပန်း ယောက်ျားတစ်ယောက်ကို တာဝန်မယူချင်လို့ နေတာကို နိုင်အောင့်ကို
ငြင်းလိုက်လို့ရော၊ ကိုမင်းမော်က ပြန်ဆက်သွယ်လာတာကို လက်မခံလိုက်လို့ရော၊
ဖိုင်နယ်တုန်းက ချစ်ရေးဆိုဖူးတဲ့ အင်္ဂလန်ကိုထွက်သွားတဲ့ သူငယ်ချင်းက
ပြန်ဆက်သွယ်လာတာကို မတုန်မလှုပ်နေလို့ရော ပန်းကို နှောင်းပဲ
အပြစ်တင်ပြီးတော့.. သူငယ်ချင်းတွေကလည်း ပန်း အိမ်ထောင်မပြုတာကိုပဲ လာ
လာခလုတ်တိုက်နေကြတာကိုး"
"ဟမ်မလေး...ဘယ်သူမပြု
မိမိမှုပါ ဒေါ်ပန်းသစ္စာရယ်...အဒေါ်ကြီးဘာသာ အဒေါ်ကြီး ဦးကိုကိုနောက်ကို
ကျွန်တော်တို့ တားချိန်တောင် မရလိုက်ဘဲ ပါသွားတာများ" ဟု ဆရာက ဆိုလေသည်။
ဆရာကတော် မမစန္ဒာက
"မမလေး ဘာသာ မမလေး မောင့်မျက်နှာတစ်ရွာထင်တဲ့ကိစ္စ...မမလေး ခုတော့ တစ်ရွာမက မြို့တော်ကြီးပါ မြင်နေပြီ မဟုတ်လား"
ဟု ရယ်မောပြောလေသည်။
"ရှိပါစေတော့...ပန်းအပြစ်နဲ့ပန်းသာ ရှိပါစေတော့" ဟု မျက်နှာလေးရှုံ့မဲ့ကာ ပြောသော ပန်းကို ရယ်မောကြလေသည်။
တစ်ခုသော
စနေနေ့တွင်အိမ်အတွက် လိုအပ်သည့် ပစ္စည်းများကို City Mart မှာစျေးဝယ်တော့
ပန်းတစ်ယောက် လှည်းတစ်ခုစာအပြည့် အိမ်သုံးပစ္စည်းများနှင့်
မနိုင်မနင်းဖြစ်ရသည်။
"ဟယ်...တီချယ်ပန်း...တီချယ်
တစ်ယောက်တည်းလား...ဟယ် ကိုယ်ဝန်ကြီးနဲ့လား...တီချယ် ဘာလေးလဲ
သိရပြီလား..တီချယ့်အမျိုးသားရော မပါဘူးလား..."
ဆိုသည့်စက်သေနတ်ပစ်လိုက်သလို နှုတ်ဆက်ကာ မေးခွန်းများတရစပ်ထွက်လာသည့် တပည့်ဟောင်းများကို မျက်နှာလေးပြုံးပြီး
"တီချယ့်အမျိုးသားက ဂေါက်နေတယ်..အဲလေ...ဂေါက်ကွင်းမှာ ပြိုင်ပွဲရှိလို့ပါကွယ်" ဟု ပြန်ဖြေပြီး နှုတ်ဆက်ထွက်လာခဲ့မိသည်။
အိမ်အပြန်လမ်းမှာ
ကားမောင်းလာရင်းနှင့် ဘဝဆိုတာ ဘကုန်းနဲ့ ဝထက် ပိုပါတယ် ကောင်မလေးရယ် ဟု
ဖတ်ဖူးသည့် ကဗျာတစ်ပုဒ်ထဲမှ စကားလုံးတွေကို သတိရမိသည်။
ဟုတ်ပါတယ်လေ...ဘဝဆိုတာ တကယ်တမ်းကျတော့ ဘကုန်းနဲ့ ဝထက်ကို ပိုပါတယ်။
ဟနစံ
၁၄ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၁ ခုနှစ်။
No comments:
Post a Comment