Wednesday, 1 February 2017

ပိုက်ဆံကို ဂရုစိုက်ပါ

ပိုက်ဆံက ရလာလိုက် ၊ ကုန်သွားလိုက်ပါပဲ…စုကို မစုဖြစ်ပါဘူးဆိုတဲ့ ညည်းတွားစကားကို ကျွန်မတို့တွေ ကိုယ်တိုင်လည်းပြောနေဖြစ် ၊ မကြာခဏ လည်း ကြားနေရပါတယ်။ ဒီဘက်နှစ်တွေမှာ ကျွန်မတို့တွေဟာ လူသုံးကုန် ၊ စားသောက်ကုန် နဲ့ ဓာတ်ဆီ တွေအတွက် ငွေကြေးကို ပိုမို သုံးစွဲလာရပြီး စုဆောင်းနိုင်ခြင်း မရှိပါဘူး။



        ဘာဖြစ်လို့ ကျွန်မတို့တွေ ငွေကြေးမစုဆောင်းနိုင်ရတာလဲ ဆိုတဲ့ မေးခွန်း မေးလာစရာရှိပါတယ်။ တကယ်တော့ ငွေကြေးစုဆောင်းခြင်းဆိုတာ ကျွန်မတို့အတွက် အလွန် ကောင်းမွန်တဲ့ အလေ့အထ ဖြစ်တယ်ဆိုတာ သိနေပေမဲ့လည်း ဘာကြောင့် ကျွန်မတို့ ငွေကြေးမစုဆောင်းနိုင် ရတာပါလဲ။



         ယနေ့ခေတ်မှာ ငွေကြေးစုဆောင်းခြင်းဟာ အင်မတန်မှကို ခက်ခဲလှ ပါတယ်။ကျွန်မတို့ရဲ့ဝင်ငွေဟာ စားသောက်ကုန် နဲ့ ကားဓာတ်ဆီ အတွက် သင့်လျော်လောက်တဲ့ ပမာဏ မဟုတ်ဘူး ဆိုရင် ငွေကြေးစုဆောင်းဖို့ အင်မတန်မှကို ခက်ခဲပါလိမ့်မယ် လို့ University of California မှ psychology professor ဖြစ်သူ Anthony Pratkanis ကဆိုပါတယ်။ယနေ့အချိန်မှာ စားသောက်ကုန်နဲ့ ဓာတ်ဆီစျေးဟာ တဖြည်းဖြည်း သိသိသာသာရော ၊ မသိမသာပါ တက်နေပါတယ်။ပြီးခဲ့တဲ့နှစ်ကတည်းက စားသောက်ကုန်စျေးနှုန်း ဟာ ၄၀ % တက်လာတယ်လို့ UN Food and Agriculture Organization ကဆိုပါတယ်။တစ်ချိန်တည်းမှာပဲ ရေနံစိမ်းစျေးက ၂၀၀၂ ခုနှစ်ကတည်းကစလို့  ၅ဆ  တက်လာပါတယ်။ ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ်မှု နဲ့ ငွေကြေးဖောင်းပွလာမှုကြောင့် ငွေကြေးစုဆောင်းမိဖို့ ပိုမို ခက်ခဲလာရပါတယ်။



         ခရက်ဒစ် ကဒ် (အကြွေးဝယ်ခွင့် ကဒ်) များ ကြောင့်လည်း ငွေကြေး စုဆောင်းနိုင်မှု မရှိခြင်း ရဲ့ အကြောင်းရင်း တစ်ခု ဖြစ်နေပြန်ပါသေးတယ်။ ဘဏ်များက စည်းကမ်းချက်များနှင့် ကိုက်ညီတဲ့ သူများကို ခရက်ဒစ်ကဒ် ထုတ်ပေးနေခြင်းဟာ ငွေကြေးသုံးစွဲမှုကို ပိုမိုလွယ်ကူစေပြီး ငွေကြေးစုဆောင်းနိုင်ခြင်းကို လျော့နည်းစေပါတယ်။အာရှပစိဖိတ်ဒေသမှာ ခရက်ဒစ်ကဒ် သန်းပေါင်း ၅၈၀ လည်ပတ်နေပြီး ၂၀၀၂ ခုနှစ်မှစကာ ခရက်ဒစ်ကဒ် သုံးစွဲသူပေါင်း ၅၄% တိုးမြင့်လာတယ် လို့ Euromonitor Report ကလေ့လာကာ ပြောကြားခဲ့ပါတယ်။



၅ နှစ်တာ ကာလအတွင်းမှာ ခရက်ဒစ်ကဒ် လုပ်ငန်းဆောင်ရွက်မှု ၆၂% တိုးမြင့်လာပါတယ်။ အာရှနိုင်ငံများဖြစ်သော စင်္ကာပူ ၊ မလေးရှား နိုင်ငံများမှာ ပစ္စည်းဝယ်ယူခြင်း ၊ ငွေသားထုတ်ယူခြင်း အကြောင်းရင်းတို့ အပါအဝင် ခရက်ဒစ်ကဒ် သုံးစွဲမှုဟာ ၁၉၉၈ မှ ၂၀၀၅ ခုနှစ်ကာလအတွင်း ၂၀၀ မှ ၅၀၀ % ထိ တိုးမြင့်လာတယ် လို့ the Bank for International Settlements ရဲ့ လေ့လာမှုများက ဆိုပါတယ်။အဲဒီလို ခရစ်ဒစ်ကဒ်များ အလွယ်တကူ ရရှိနေခြင်းကြောင့်  flat TV  လိုမျိုး အိမ်တွင်း ဇိမ်ခံပစ္စည်းများကို ပလပ်စတစ် ခရက်ဒစ်ကဒ် ထိုးပေးလိုက်ရုံဖြင့် လွယ်ကူစွာ ဝယ်ယူနိုင်ပြီး ငွေကြေးစုဆောင်းဖို့ ခဲယဉ်းလာပြန်ပါတယ်။  



    မလိုအပ်သေးသော ပစ္စည်းများကို လွယ်လင့်တကူ ဝယ်ယူခြင်းဟာလည်း ငွေကြေးစုဆောင်းရန် ခက်ခဲတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ မလိုအပ်ဘဲ ဖိနပ်အသစ် တစ်ရံ ဝယ်မယ်ဆိုရင် အခုချက်ချင်း ဝယ်လိုက်လို့ရပါတယ်။ ဒါပေမယ့် ဒီ ဖိနပ်အသစ်တစ်ရံကို အခု ဝယ်လိုက်မလား..နောင် နှစ် ၂၀ မှာ ပင်စင်ယူပြီးချိန်မှာ မပူမပင် မကြောင့်မကြ ဘဲ နေမလား ဆိုတာ ကျွန်မတို့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ စိတ်ပျော်ရွှင်မှုကို  နောင် အနာဂတ်မှာ ပျော်ရွှင်ရမှုထက် ပိုလို့ အလေးထားမိမှာပါပဲ။ ဒါပေမယ့် နောင်အနာဂတ်မှာ ရရှိလာမယ့် အကျိုးဆက်ကတော့ ပိုလို့ ကြီးမားနေပါတယ်။



          ငွေကြေးကျွမ်းကျင်သူ ပညာရှင်များက တကယ်လို့ သင်ဟာ အခု အသက် ၂၀ ရှိပြီး တစ်လကို ငွေ ၁၀၀ ဒေါ်လာကို ဘဏ်မှာစုမယ်ဆိုရင် ၈% အတိုးရရှိပြီး သင် ပင်စင်ယူချိန်မှာ သင့်မှာ ငွေ ၅၂၇ ၄၅၄ ဒေါ်လာ ရှိနေမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အသက် ၂၀ မှာ စမစုဘဲ အသက် ၃၀ ထိတိုင်အောင် ၁၀ နှစ်နောက်ကျပြီး စောင့်လိုက်မယ်ဆိုရင် သင် ပင်စင်ယူချိန်မှာ သင့်ထံမှာ ငွေ ၂၂၉ ၃၈၈ ဒေါ်လာသာ ရှိနေပါမယ် လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ရဲ့ အမြင်အာရုံထဲကို လှပဆွဲဆောင်မှု ရှိသော လူသုံးကုန် ၊ အိမ်သုံးကုန် ပစ္စည်းများက ဝင်ရောက်လာ တဲ့အခါမှာ ဘယ်လိုပင် ပြောစေဦးတော့ အနာဂတ်ဆိုတာကို ကျွန်မတို့ ဦးနှောက်က မစဉ်းစားမိကြတော့ပါဘူး။ အဲဒီအခါမှာ ကျွန်မတို့က ပန်းတိုင် တစ်ခုထားဖို့ လိုအပ်လာပါတယ်။ အဲဒီ ပန်းတိုင်က ဘာလဲဆိုတော့ ကျွန်မတို့ ပင်စင်ယူရင် ဘယ်လိုနေမလဲ ဆိုတာပါ။ပင်စင်ယူပြီးချိန်မှာ သက်တောင့်သက်သာ ရှိသော အိမ်ကြီးမျိုးနှင့်နေလိုတယ် ဆိုလျှင်တော့ ကျွန်မတို့ရဲ့ စားပွဲပေါ်က သီချင်းခွေများ၊ ဖိနပ်ဘီရိုထဲက မစီးဖြစ်သော ရှုးဖိနပ်များ၊ မဖတ်ဖြစ်ဘဲ ဝယ်ထားသော စာအုပ်များ၊ မလိုအပ်သော အလှပြင်ပစ္စည်းများ နဲ့ ကျွန်မတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ အိမ်ကောင်းကောင်း တစ်လုံးနဲ့ နှိုင်းယှဉ်ကာ ကျွန်မတို့ရဲ့ စိတ်ကို ကျွန်မတို့ နိုင်နင်းစွာ ပိုင်းဖြတ်ရမှာ ဖြစ်ပါတယ်။ မိတ်ဆွေများ ၊မိသားစုဝင်များကိုလည်း မိမိရဲ့ ပန်းတိုင်ကို ပြောပြပြီး ထိုပန်းတိုင်ကို ရရှိရန်အတွက် မနှောင့်ယှက်ကြရန် ပြောထားပါ။ မိမိ မလိုအပ်သော ပစ္စည်းများကို ဝယ်ယူမှာ မဟုတ်ဘူူးဆိုတာကို မိသားစုဝင်များ၊ မိတ်ဆွေများကို အသိပေး ပြောကြားထား သင့်ပါတယ်။



          မိမိစိတ်ကို မိမိပြုပြင်ပြောင်းလဲပြီး ငွေကြေးစုဆောင်းခြင်း အလေ့အထ ကိုမွေးမြူကာစမှာ မိမိအတွက် မိမိ အနစ်နာခံခြင်းဖြစ်ပေမယ့်  နောင်အနာဂတ် မှာ စိတ်အေးချမ်းသာစွာ နေထိုင်ရမှာ ဖြစ်ပါတယ်။



        ငွေကြေးစုဆောင်းခြင်းအလေ့ဟာ ကျွန်မတို့ကို ပိုမိုကောင်းမွန်တဲ့ လူသားတစ်ဦး ဖြစ်လာစေပြီး ပျော်ရွှင်ချမ်းမြေ့ စေမှာဖြစ်ပါတယ်။ အစပထမ မှာတော့ ခက်ခဲကောင်း ခက်ခဲပေမယ့် ကြိုးစားဖြစ်အောင် ကြိုးစားပြီး စုဆောင်းခြင်းဖြင့် ကျွန်မတို့ရဲ့ အနာဂတ် ၊ ကျွန်မတို့ရဲ့ ရင်သွေးတွေအတွက် ပျော်ရွှင်ချမ်းမြေ့သော ဘဝ တစ်ခု ဖြစ်လာမှာ မလွဲပါဘူး ရှင်။





၂၀၀၈ ၊ အောက်တိုဘာလထုတ် ရီးဒါးစ်ဒိုင်ဂျက်စ်မဂ္ဂဇင်းမှ Jean Chatzky ၏ Mind Over Money ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ 

No comments:

Post a Comment