ပတ်ဝန်းကျင်မှာ မိခင်မေတ္တာကို အလွယ်တကူ မြင်နေနိုင်ပေမယ့် ဖခင်တစ်ယောက်ရဲ့
မေတ္တာကိုတော့ အမှုမှတ်အမှတ်မဲ့ ဖြစ်နေတတ်ပါတယ်။ ချက်ပြုတ်ကျွေးမွေး ၊
ဖီးလိမ်းပြင်ဆင်ပေးတာက မိခင်၊ ကျောင်းသွားဖို့မုန့်ဖိုးလိုလို့
ပေးတာကမိခင်၊ နေထိုင်မကောင်းလို့ အနီးကပ်စောင့်ရှောက်တာက မိခင်ဖြစ်တဲ့အတွက်
မေမေ့ကျေးဇူးတွေကို သိသာထင်ရှားစွာ မြင်တွေ့နေရပေမယ့် ဖခင်တစ်ယောက်ရဲ့
မေတ္တာနဲ့ ကျေးဇူးကျုတော့ လွယ်လင့်တကူ မြင်ဖို့ ခဲနေတတ်ပါတယ်။
နေ့စဉ်
ထမင်းစားရဖို့ကို ရှာဖွေပေးတဲ့ဖခင်တစ်ယောက်ကတော့ ခက်ခဲပင်ပန်းစွာ
လုပ်ကိုင်ရှာဖွေနေရတဲ့အတွက် သား၊သမီးများနှင့် အချိန်ပြည့်နေရဖို့
မရှိသလောက်မို့ သား၊ သမီးများနှင့် အနေဝေးနေတတ်ပါတယ်။ ဒါပေမဲ့လည်း
နေ့စဉ်မပူမပင် မကြောင့်မကြ ထမင်းစားနေနိုင်တာ ဘယ်သူ့ကြောင့်ပါလဲ ဆိုရင်
အဖေ့ကြောင့်ပါပဲ။ ရာသီဥတုအလိုက် အပူ၊ အအေး မျှတအောင် ဝတ်စားဆင်ယင်နေနိုင်တာ
အဖေ့ကြောင့်ပါပဲ။
ဖခင်တွေဟာ သက်စွန့်ဆံဖျား
အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်နေတာ သက်စွန့်ဆံဖျားအလုပ်ကို
ဝါသနာပါလို့ ဟုတ်နိုင်ပါ့မလား။ လှိုင်းလေကြီးတဲ့ မြစ်ပြင်မှာ
သမ္ဗာန်ခတ်နေတဲ့ ဖခင်၊ အဆောက်အဦးဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ
လှုပ်လီလှုပ်လဲ့ ဝါးငြမ်းတွေပေါ်တက်ပြီး အလုပ်လုပ် ငွေရှာတဲ့ ဖခင်၊
ရေနံတွင်းရှိရာ ပင်လယ်ပြင်ထဲက ပလက်ဖောင်းပေါ်ကို ခက်ခက်ခဲခဲသွားရောက်
အလုပ်လုပ်နေတဲ့ ဖခင်၊ အေးအေးဆေးဆေး အနားယူချင်ပေမယ့် ညောင်းညာနေအောင်ကို
လူနာတွေ ကြည့်ရှုဆေးကုသပေးနေတဲ့ ဖခင်၊ ငွေစာရင်း ဇယားများနဲ့ ခေါင်းပူ
ခေါင်းရှုပ်စွာ ဦးနှောက်သုံး စီမံအုပ်ချုပ်အလုပ်လုပ်နေကြတဲ့ ဖခင်တွေ၊ ဒီလူက
လူလည်ဖျံကြီးပါကွာလို့ ပတ်ဝန်းကျင်က အဆိုးဆိုလည်း လူတစ်ယောက်ရဲ့
ကိုယ်ကျင့်တရား၊ သိက္ခာကို စတေးလို့ ငွေရှာနေတဲ့ ဖခင်တွေ၊ ...ဖခင်တွေ...၊
.....ဖခင်တွေ၊ နောက်ဆုံး ယုတ်စွအဆုံး သီချင်း ၃ ပုဒ်ဆိုပြီး ကပြမယ်၊
ရှောက်သီးဆေးပြားဝယ်ရမယ်နော်ဆိုတဲ့ မျက်နှာမှာ ဆေးဆိုးပန်းရိုက်နဲ့
လမ်းတကာကို လှုပ်လီလှုပ်လဲ့လမ်းလျှောက်သွားလာ သီဆိုကပြနေတဲ့ သူတွေဟာ
အိမ်ပြန်ရောက်ရင် လိမ်းခြယ်ထားတာတွေကို ချွတ်လို့ ကျားကျားလျားလျား
ဖခင်တစ်ဦးဖြစ်နေတာတွေ.....။
ဒါတွေဟာ ဖခင်တွေ
ဘာ့ကြောင့်ဒီလိုအလုပ်တွေ လုပ်နေရတာလဲဆိုရင် လွယ်လွယ်ပြောရရင်တော့
ငွေရှာဖို့ပါပဲ။ ငွေရှာဖို့ အဲလောက်တောင်လိုလားဆိုရင်
တစ်ဦးတစ်ယောက်တည်းအတွက်ဆိုရင်တော့ အဲဒီလောက် လိုချင်မှ လိုမှာပေ့ါ။
ဒါဆိုရင် ဘယ်သူတွေအတွက်လဲဆိုရင် အဖြေက ရှင်းရှင်းလေးပါပဲ။
ရှုပ်ထွေးပွေလီလှတဲ့
တရုတ်ဒရာမာရုပ်ရှင်ကား၊ ကိုရီးယားအိမ်ထောင်ရေးကားတွေမှာ မိန်းမတစ်ယောက်ကို
မချစ်မနှစ်သက်သော်ငြား ကိုယ့်ရင်သွေးဆိုတာကို လွယ်ထားတယ်လို့ သိလိုက်တာနဲ့
ကိုယ့်ဘဝအိမ်ထောင်ရေးရည်မှန်းချက်ဟာ တခြားတစ်ပါးဖြစ်နေလင့်ကစား
ကိုယ့်ရင်သွေးကို လွယ်ထားတဲ့ အဲဒီမိန်းမကို တာဝန်ယူစောင့်ရှောက်တာ
ဘာကြောင့်ပါလဲ။ ဖခင်မေတ္တာကြောင့်ဆိုတာ ပြောဖို့မလိုအောင်ကို
အဖြေကရှင်းလွန်းလှပါတယ်။
ယောကျ်ားဆိုတာကတော့ ယောက်ျားပါပဲ။
ယောကျ်ားတစ်ဦးပင်ဖြစ်တဲ့အတွက် ယောကျ်ားတစ်ဦးကဲ့သို့ပင်
စိတ်ဆန်းပြားပွေလီနေနိုင်တဲ့ ဖခင်တွေ အချိန်တန်လို့ အိမ်ပြန်လာတာ
ဘယ်သူတွေကြောင့်ပါလဲ။ ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ ကျေးဇူးတွေကို အလွယ်တကူ
မမြင်နိုင်ပါဘူး။
အဖေ့ရဲ့ ဆိုဆုံးမစကားတွေကို
ဆိုဆုံးမစဉ်မှာတော့ ဖေဖေကလည်း သိပ်ဆူတတ်တာပဲလို့ မနှစ်သက်တတ်ပေမယ့်
တကယ်တမ်း လုပ်ငန်းခွင်မှာ လူတွေထဲပတ်သက်ဆက်ဆံတဲ့မှာ ဖေဖေ့ရဲ့
ဆိုဆုံးမစကားတွေကို အလိုအလျောက် လိုက်နာလို့
ကျင့်သုံးမိလျက်သားဖြစ်နေပါတယ်။ ဘဝမှာ အခက်အခဲကြုံတွေ့ရတဲ့အခါတိုင်း၊
ဘဝမုန်တိုင်းကို ရင်ဆိုင်ဖြတ်ကျော်ရတဲ့အခါတိုင်း၊ စိန်ခေါ်မှုများကို
ရင်ဆိုင်ဖြေရှင်းရတဲ့အခါတိုင်းမှာအဖေ့ရဲ့ စိတ်ဓာတ်၊ အဖေ့ရဲ့
ဆိုဆုံးမစကားတွေကို အလိုအလျောက် လိုက်နာကျင့်သုံးမိလျက်သားဖြစ်နေပါတယ်။
အဖေ့ကိုချစ်တဲ့ အဖေတူသမီးတွေဟာ ဘဝရဲ့ စိန်ခေါ်မှုတိုင်းကို
အဖေ့စိတ်ဓာတ်အမွေနဲ့ ရင်ဆိုင်နေကြပါတယ်။ အဖေတူသမီးတွေဟာ အဖေ့လိုပဲ
ရည်ရွယ်ချက်ပန်းတိုင်တွေ အမြင့်ကြီး ရှိနေပါတယ်။ အဖေတူသမီးတွေဟာ ဘဝမှာ
မုန်တိုင်းတွေ ကြံုလာတိုင်း အဖေ့ကို အရင်ဆုံး သတိရတတ်ကြပါတယ်။
အဖေတူသမီးတွေဟာ အဖေ့လိုပဲ ဖြူစင်တဲ့ လုပ်အားခငွေကို ရှာဖွေတိုင်း အရင်ဆုံး
အဖေ့ကို သတိရတတ်ကြပါတယ်။ အဖေတူသမီးတွေဟာ အဖေ့ကို လေးစားအထင်ကြီးမှုနဲ့အတူ
အဖေနဲ့ စိတ်နေစိတ်ထား၊ စိတ်ဓာတ်ဆင်တူတဲ့ ယောကျ်ားမျိုးကိုပဲ
လေးစားအထင်ကြီးမေတ္တာမျှတတ်ကြပါတယ်။ အဖေတူသမီးတွေဟာ
အဖေတူသမီးဖြစ်နေရခြင်းကို ဂုဏ်ယူကျေနပ်နေတတ်ကြပါတယ်။
အစိုးမရတဲ့
မိုးလေဝသအခြေအနေတွေမှာ စက်အပြည့်အစုံကောင်းမွန်ခြင်းမရှိတဲ့ သက်တမ်းရင့်
(အပိုပစ္စည်းတောင်မှ အခြားဘယ်တိုင်းပြည်မှာမှ ဝယ်လို့ မရတော့တဲ့ ၊
အခြားဘယ်တိုင်းပြည်မှာမှတောင် အသုံးပြုခြင်းမရှိတော့တဲ့)
လေယာဉ်တွေကိုအသက်အန္တရာယ်ကြီးစွာ မောင်းနှင်ပျံသန်းနေရတဲ့ အဖေ့အတွက်
ရည်စူးလို့ သာသနာ့ဘောင်ကို ၃ ကြိမ်၊ ၃ခါ ဝင်ခဲ့ပါတယ်။ သားယောကျ်ားလေး
မဟုတ်တဲ့အတွက် သင်္ကန်းစည်း၊ ရှင်ပြုနိုင်ခြင်းမရှိပေမယ့်
အဖေတူသမီးတစ်ယောက်ရဲ့ အဖေ့အတွက် လုပ်ပေးနိုင်ဆုံးအရာတွေထဲက တစ်ခုပါပဲ။
အဖေ့အတွက် ရည်စူးလို့ ဘဝမှာ စတုတ္ထအကြိမ်မြောက် သာသနာ့ဘောင်ကို
ဝင်ဖို့ဆုံးဖြတ်ခဲ့မိသည်နှင့်အတူ အဖေတူသမီးတွေရဲ့ အဖေ့အတွက်
လုပ်ပေးနိုင်တဲ့အရာတွေဖြစ်တဲ့ အဖေတူသမီးအဖြစ်ဆက်လက်ပြီး
အဖေတူသမီးဖြစ်နေဦးမယ်ဆိုတာတစ်ခုရောပါပဲ။
No comments:
Post a Comment