Wednesday, 1 February 2017

ခင်ဗျားတို့နဲ့ ကျွန်တော်

 ကိုယ့်ခရီး ကိုယ်သွားနေတုန်း
လမ်းမှာ တွေ့တယ်
သာရဲ့လား မာရဲ့လား မေးတယ်
ဖြေချင် ဖြေမယ်
မဖြေချင် မဖြေဘူး။

မဖြေတော့မှ ပိုသိလိုတယ်
ရမ်းသမ်းတုတ်ဆိုတာ
ရွာက ဦးတုတ်ကြီးသမီး မဟုတ်ဘူး။

ခင်ဗျားတို့ လိုရာဆွဲယူ
ကောက်ချက်ချတာတွေ
လိုက်ဖြေရှင်းဖို့ ကျွန်တော့်မှာ
တာဝန် မရှိဘူး။

အရသာကောင်းလို့
ခင်ဗျားတို့ မြည်းနေတဲ့ ကျွန်တော့်အကြောင်း
လက်ဖက်ရည်ဝိုင်းကို လာ ရှင်းပြဖို့
ကျွန်တော့် တာဝန်မရှိဘူး။

လမ်းဆုံးရောက်ရင် ရွာတွေ့မယ်
ခရီးသွားတုန်း ခြေခံထိုးတာ
ပြန်လှည့် ဂရုစိုက်နေဖို့
ကျွန်တော့် ဘဝမှာ ခပ်သုတ်သုတ်လုပ်စရာတွေက
ပို အရေးကြီးတယ်။

ခင်ဗျားတို့ ပြောတဲ့ ကျွန်တော့်အကြောင်း
ကျွန်တော် တစ်ခါမှ မကြားဖူးခဲ့လို့
google လိုက္တဲ့ခါ
ကျွန်တော် အစစ်အမှန်ကို
ကျွန်တော် မြင်ခဲ့တယ်။

ကဲ...ကျွန်တော် ဘာမှ ပြောမနေဘူး
ဘဝက အချိန်သိပ်မပေးထားဘူး
ကျွန်တော်လုပ်ချင်ရာတွေ ကျွန်တော်
ခပ်သုတ်သုတ် လုပ်ရဦးမယ်။

(ဟနစံ)

ဝါဆိုမိုး ပုန်းညက်ကြွေ

~~~ ဝါဆိုပန်း ပွင့်ဝေ ပုန်းညက်နွမ်း ရက်လွန် ကြွေပြီမို့ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ…~~~

လသာနေတာနဲ့ အိမ်နောက်က အုတ်ကန်ဘောင်ပေါ်မှာ ထိုင်ပြီး ဂီတာ တီးကာ သံစဉ်တွေလျှောက်စမ်း ၊ ပါးစပ်ထဲ ရောက်ရာ သီချင်း အော်ဆိုမိ တော့ ခိုင်ထူးရဲ့ ခတ္တာ သီချင်းဖြစ်နေသည်။ ပြုံးစိစိ ဖြစ်မိပြီး တစ်ဘက်ခြံက မမပုန်းညက်ဝေ ၏ အိပ်ခန်းရှိရာ အပေါ်ထပ် ကို လှမ်းကြည့်မိတော့ မမရ ဲ့ အခန်းက မီးမှောင်နေပြီ။ တော်သေးတာပေါ့…မမ မကြားလို့…ကြားရင် အရင်ကလိုပဲ ထမီလေး စွန်တောင်စွဲကာ တမင် လုပ်ယူထားတဲ့ စိတ်တိုတဲ့ ဟန်လေးနဲ့

“ပုန်းညက် မနွမ်းဘူးဟေ့..ပုန်းညက် မကြွေဘူးဟေ့…ပုန်းညက် အလန်းကြီး အလတ်ကြီး ရှိသေးတယ်”

ဟု နှုတ်ခမ်းစူကာ ပြောပြီး သူ့ခေါင်းကို မနာအောင် ခေါက်ပေဦးတော့မည်။ မမပုန်းညက်ဝေကို သူ့အစ်မအရင်းဟုပင် မသိတဲ့သူတွေက ထင်ကြသည်။ သူ ၇ နှစ်သားအရွယ်မှာ ဒီ အိမ်ကို စ ပြောင်းလာကတည်းက ဘေးခြံမှ
မမ စံပယ်မေ နဲ့ မမ ပုန်းညက်ဝေ တို့ ညီအစ်မ နှစ်ဦးက မောင်နှမ သားချင်း မရှိတဲ့ သူ့အတွက် အစ်မများ ဖြစ်ခဲ့ကြသည်။ အဲဒီတုန်းက အသက်၁၆ နှစ် အရွယ် မမစံပယ်မေက ဘာသိဘာသာ အေးဆေးစွာ နေတတ်ပေမယ့် အသက် ၁၄ နှစ်အရွယ် မမပုန်းညက်ဝေကတော့ သူတို့ အိမ်ပြောင်းလာတာ တွေ့တာနဲ့ မမရဲ့ မိဘများနှင့်အတူ ဒီဘက်ခြံကို လိုက်ပါလာပြီး အိမ်နီးချင်း အသစ်များကို လာရောက် နှုတ်ဆက် စကားပြောကြသည်။ သူ့ကို မြင်တော့

“မောင်လေး နာမည် ဘယ်လိုခေါ်လဲ”

ဟု မေးတော့ သူက ရှက်ပြီး မေမေ့ ထမီစကို ဆွဲကာ မေမေ့နောက်မှာ ပုန်းနေလိုက်မိသေးသည်။

“လာပါ သားရဲ့ …မမ မေးတာ ဖြေလိုက်လေ”
ဟု မေမေက သူ့ကို ပြောတော့မှ
“ဝါဆိုမိုး”
ဟု သူ မပွင့်တပွင့် ပြန်ဖြေခဲ့သည်။ သူ ကျောင်း အသစ်ကို တက်ရတော့ မမပုန်းညက်ဝေတို့ ကျောင်းမှာပင် ဖြစ်သည်။ မမတွေနဲ့ အတူကျောင်းကို သွားခဲ့သည်။ မမတွေ အိမ်မှ ကားဖြင့်တစ်လှည့် ၊ သူတို့ အိမ်မှ ကားဖြင့် တစ်လှည့် ၊ ကြုံသလို ကျောင်းကို သွားကြပေမယ့် များသော အားဖြင့် မမတွေ အိမ်မှ ကားဖြင့်ပင် သွားဖြစ်ခဲ့သည်။ မမစံပယ်မေက ၁၀ တန်း ၊ မမ ပုန်းညက်ဝေက ၈ တန်း အတန်းကြီးတွေမို့ သူတို့ မူလတန်းကျောင်းဆောင်နဲ့ ဝေးသော်လည်း မမပုန်းညက်ဝေက ထမင်းစားဆင်းချိန် ၊ မုန့်စားဆင်းချိန်များ မှာ အမြဲပင် သူ ရှိရာ ၂ တန်း အခန်းထဲကို လာကာ သူ နှင့်အတူ ထမင်း လာစား ၊ မုန့် လာစားကာ သူ ထမင်း မစားချင်သည့် နေ့များမှာ သူ့ကို ထမင်းခွ့ံ့တတ်သည်။

“စားပါ…မောင်လေးရဲ့ …အန်တီဆွေ ချက်တဲ့ဟင်း …ကောင်းလိုက်တာ… အာလူးကတ်တလိပ်ကြော်… ကောင်းမှကောင်း…ရော့ ဒီမှာ ကြက်သားတစ်လှည့် ၊ အာလူး တစ်လှည့်”

ဟုဆိုကာ သူ့ကို စိတ်ရှည် လက်ရှည် ထမင်းခွံ့တတ်သည့် ၊ မုန့်ကျွေးတတ် သည့် မမပုန်းညက်ဝေကို ငယ်စဉ်ကတည်းကပင် သူ့ သူငယ်ချင်းများက သူ့ အစ်မအရင်းဟု ပင် ထင်ခဲ့ကြသည်။ အိမ်မှာဆိုလည်း သူ့ကို စာကူကျက်ပေး၊ အိမ်စာတွေ ကူလုပ်ပေးသည့် မမပုန်းညက်ဝေကို မမစံပယ်မေထက် သူက ပိုခင်တွယ်ခဲ့လေသည်။ ကျောင်းပိတ်ရက်များတွင် ဟင်းချက်သင်နေသော မမပုန်းညက်ဝေ၏ လက်ရာများကို ဒိုင်ခံစားသူမှာ သူ ဖြစ်ခဲ့လေသည်။ သူ့ အတွက် စက္ကူရုပ်လေးများ ချိုးပေးတတ်သည့်၊ မြရာပင်မှ အရွက်နုများကို ခူးကာ ဘောင်းကနဲ မြည်အောင် အတူဖောက်ဆော့ပေးတတ်သည့်၊ မြရာသီးများနှင့် ဘောင်ဘောင်ဖောက် ဆော့ကာ သေနတ်ပစ်တမ်း အတူဆော့ပေးတတ်သည့် မမ ပုန်းညက်ဝေ ဘယ်ကိုသွားသွား ၊ သူက အဖော် အဖြစ်လိုက်ပါ ခဲ့သည်။ နွေကျောင်းပိတ်ရက်များတွင် သူက အမြဲပင် မမပုန်းညက်ဝေတို့ အိမ်မှာ ရှိနေခဲ့သည်။ ထမင်းစားလည်း မမတို့
အိမ်မှာပင် ။ ဘဘကြီးနဲ့ ကြီးကြီးမေ ကလည်း သူ့ကို ချစ်ကြသည်မို့ သူကတော့ အိမ်မှာလည်း ဗိုလ်၊ မမတို့အိမ်မှာလည်း ဗိုလ်ပင် ဖြစ်သည်။

ညနေဘက်များတွင် စာအုပ်အငှားဆိုင်မှာ စာအုပ်သွားငှားသည့် မမပုန်းညက်ဝေကို သူက အဖော်လိုက်ပေးခဲ့ရသည်။ မမက မဂ္ဂဇင်း စာအုပ်များ သွားငှားတတ်သည်။ သူက မမနှင့်အဖော်လိုက်ရင်း သူဖတ်ချင်သည့် ကာတွန်းစာအုပ်များကို ငှားတတ်သည်။

“ေယာက္ဖ”

သူနဲ့ မမပုန်းညက်ဝေ တို့အတူ လမ်းလျှောက်လာတိုင်း မမနဲ့ ရွယ်တူ ကောင်လေးများက အဲဒီလို မကြားတကြား ခေါ်တတ်သည်ကို အစက သူ နားမလည်ခဲ့။

“မမ …အဲဒါ ဘာပြောတာလဲ”
ဟု မမကိုမေးမိတော့ မမ မျက်နှာလေးရဲကာ
“မသိဘူး”
ဟုပြောခဲ့လေသည်။

“မေမေ …ယောက်ဖ ဆိုတာ ဘာလဲ …မမနဲ့ အတူတူ သွားတိုင်း ခဏခဏ အဲလို ပြောခံရတယ်။ ကျောင်းမှာလည်း မမတို့ အတန်းက လူတွေ သားကို အဲလို ခေါ်တယ်”
ဟု မေမေ့ကို မေးကြည့်မိတော့မှ
“သားက မမရဲ့ မောင်လေးလေ…အဲဒီတော့ တစ်နေ့ကျရင် မမနဲ့ ယူတဲ့သူက သားကို ယောက်ဖ တော်ရမှာပေ့ါ…သားနဲ့ ဆို ယောက်ဖ ပေ့ါ”
ဟု မေမေရှင်းပြသည့် အချိန်မှ စ၍ သူ့ကို ယောက်ဖ ဟုခေါ်သည့်သူတွေကို လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အံကြိတ်ကာ မိုက်ကြည့် ပြန်ကြည့် တတ်ခဲ့သည်။

မမစံပယ်မေ ၁၀ တန်းအောင်ပြီးသွားတော့ သူနှင့် မမပုန်းညက်ဝေသာ ကျောင်းကို တူတူ သွားရတော့သည်။ မမ ပုန်းညက်ဝေက ကျောင်းစာတွေ အရေးကြီးလာလို့ စာတွေ ကျက်နေရသည်ဟု ဆိုကာ ဟိုအရင်ကလို စာအုပ်အငှားဆိုင်ကို မသွားကြတော့သော်လည်း သူ့ကို မုန့်တစ်ခုခု ကျွေးချင်ပြီ ဆိုလျှင် ဝါဆိုရေ ဟု အော်ခေါ်တတ်ကာ သူကလည်း မမ အသံကြားသည်နှင့် မမတို့ ခြံဘက် အပြေးရောက်ခဲ့သည်ပဲ။ ဆေးကျောင်းတက်နေသည်ဆိုသည့် မမစံပယ်မေကတော့ သူ့ကို ချစ်သော်လည်းပဲ မမပုန်းညက်ဝေလို သူ့ အပေါ် အနွံအတာ မခံတတ်။ မမပုန်းညက်ဝေလို သူ့ကို စကားတွေ မပြောတတ်။ အမြဲပင် ပြုံးနေတတ်သော မျက်နှာအေးအေးလေးနှင့် မမစံပယ်မေ ထက် သွက်သွက်လက်လက်နှင့် သူ့ကို အရေးအရာယူ စကားတွေ ပြောတတ်သည့် မမပုန်းညက်ဝေကိုပဲ သူ့ မမ လို့ သူ ထင်ခဲ့သည်။

“ယောက်ဖ …မင်း အစ်မကို ဒီ စာ ပေး ပေးပါ”
ဟု ဆိုကာ စာအိတ်အပြာရောင်လေးများ ကို သူ့ လက်ထဲ လာထည့်သော ပြုံးစိစိမျက်နှာတွေနဲ့ မမတို့ အတန်းမှ လူများကို သူ့ အရပ်မမီ မကမ်းနဲ့ ဆွဲထိုး ခဲ့သဖြင့် ဆရာမ ဆူတာ ခံရသည်။ မမကလည်း ဆူသည်။

“လူကလေးကဖြင့် ပိစိလေးနဲ့ …သူနဲ့ မတန်မရာ အရွယ်နဲ့ လူကြီးတွေနဲ့ ရန်ဖြစ်သတဲ့ …မပြောလိုက်ချင်ဘူး”
“သူတို့က သားကို ဘာလို့ ယောက်ဖ လို့ခေါ်သေးတုန်းဗျ”
မမ ဆူတော့ သူ တစ်ခွန်းမှကို မခံခဲ့။ မမက နောက်ဆို ရန်မဖြစ်ရဘူး မှာထားသော်လည်း မမကြောင့် သူ ရန်ဖြစ်ခဲ့တဲ့ အကြိမ်ပေါင်း အများကြီးပဲ ဆိုတာကို သူ့ အိမ်ကိုရော ၊ မမကိုရော အသိမပေးခဲ့။ ကျောင်းပိတ်ရက်မှာ မေမေနဲ့ စျေးလိုက်သွားတော့ စျေးထဲမှာ ပုန်းညက်ပင် တစ်တောင်လောက် သာသာ အရွယ်တွေကို ပလပ်စတစ်အိတ် မြေကြီးထုပ်ဖြင့် ရောင်းနေတာ တွေ့သည်။ မေမေက
“အဲဒါ ပုန်းညက်ပင်ပေ့ါ”
လို့ ပြောတော့ သူက
“ဒါဆို မမ ပန်းတွေပွင့်မှာလား မေမေ”
ဟု သူ ပြန်မေးခဲ့သည်။ မေမေ ရယ်ခဲ့တာကို သူ မှတ်မိသည်။ သူက ပုန်းညက်ပင် စိုက်ချင်သည်ဆိုတော့ မေမေက သူ့ အတွက် တစ်ပင် ဝယ် ပေးခဲ့သည်။ အိမ်ပြန်ရောက်တော့ မမတို့ခြံနှင့် သူတို့ခြံ ကြားထောင့် ခြံစည်းရိုးနှင့်ကပ်ကာ ပုန်းညက်ပင်လေးကို သူစိုက်ခဲ့သည်။ သူကိုယ်တိုင် တူရွင်းဖြင့် မြေကြီးတူးပြီး စိုက်သော ပုန်းညက်ပင်လေးကို ရေမှန်မှန်လောင်းကာ သူ ပြုစုခဲ့သည်။ မမ ကို

“ဒါ မမ အပင်ပေ့ါ …မမပန်းတွေ ပွင့်မှာ…”
ဟုပြောတော့ မမက သူ့ခေါင်းလေးကို အုပ်ကိုင်ကာ
“မောင်လေးက ပန်းပင်လည်း စိုက်တတ်သားပဲ”
ဟု ဆိုသည်။

မမ ၁၀တန်း အောင်သွားပြီးတော့ ကျောင်းကို သူ တစ်ယောက်တည်း သွားရတော့သည်။ အရင်ကလို ယောက်ဖ ဟု ကျောင်းမှာ အခေါ် မခံရ တော့ချေ။ ဒါပေမယ့် မုန့်စားဆင်းချိန် ၊ ထမင်းစားဆင်းချိန်များတွင် မမ ရှိရင် ကောင်းမှာပဲ ဟုတွေးမိခဲ့လေသည်။ တက္ကသိုလ် တက်နေသော မမ က အရင်ကထက် ပိုလှလာသည်ဟု သူ တွေးမိခဲ့သေးသည်။

မမ အပင် ဟု သူ ဆိုသော ခြံထောင့်မှ ပုန်းညက်ပင်ကလည်း စိုက်ပြီး ၈ နှစ်ခန့်အကြာ မိုးတွေ သည်းသည့် ရာသီမှာ အပွင့်တွေ ဝေစည်အောင် စပွင့်သည်။ အိမ်ရှိဘုရားစင်မှ ပန်းအိုးများ၊ မမတို့ အိမ်က ဘုရားစင် ပန်းအိုးများတွင် သူ စိုက်ခဲ့သော မမပန်း အပွင့်တွေက ဝေဆာနေခဲ့သည်။

သူ ၁၀ တန်းရောက်သည့် နှစ်မှာပင် မမက မဟာဘွဲ့ ရရှိပြီး၍ တက္ကသိုလ်မှာ ဆရာမ အလုပ် လုပ်နေခဲ့သည်။ သူ့ ၁၀ တန်း ကျောင်းစာတွေကို မမက သူနှင့်အတူ စာကျက်ပေးခဲ့သည်။ မမစံပယ်မေကတော့ အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့ သွားခဲ့ချေပြီ။ ကိုယ်ခန္ဓာ သေးသေးသွယ်သွယ်လေးနှင့်
အရပ် ၅ ပေ ၃ လက်မ ရှိသော မမထက် သူက လူကောင်ကြီး ကြီးထွား နေပြီး မမထက် အရပ် ၆ လက်မ ပိုမြင့်နေသည်။ စာ မရလျှင် မမ က ခေါင်းခေါက် ၊ ဆံပင်ဆွဲနှင့် မမကို တစ်ခါတစ်ရံ သူ စိတ်တိုမိသည်။

သူ့ မှတ်စု စာအုပ်ကြားက ကဗျာအတိုအစလေးကို တွေ့တော့
“ဒါ…ဘာလဲ”
ဟု မမက မေးခဲ့သည်။
“ကဗျာ”
ဟု သူက တိုတိုပြတ်ပြတ် ပြန်ဖြေတော့
“အေးလေ…ကဗျာ …ဝါဆို မင်း…ရည်းစားထားနေပြီလား”
ဟုမေးတော့
“အာ …မထားရသေးပါဘူးဗျာ။ ခုမှ ထားမလို့ ကြံရွယ်နေတုန်း…”
ဟု အတန်းထဲမှ စုသဒ္ဓါ ကိုမျက်စိထဲမြင်လျက် သူ ပြန်ဖြေလိုက်သည်။

“ကောင်စုတ်လေး…လူကလေးကဖြင့် နို့နံ့တောင် မစင်သေးဘူး…ရည်းစားက ထားချင်နေပြီ… ၁၀ တန်း မအောင်ဘဲ ရည်းစားထားလို့ကတော့ ကျုပ်နဲ့ တွေ့ပြီ သာမှတ်… စာရအောင်ကျက် …စာမရရင် အခေါက်ခံရမယ်…”

သူ ၁၀ တန်းနှစ်က စာတွေ ရနေခဲ့တာ ၊ ၁၀တန်းအောင်တော့ ဂုဏ်ထူး
၄ ဘာသာပါခဲ့တာ မမ ကျေးဇူးတွေလည်း ပါသည်။ ၁၀ တန်းဖြေမယ့် သူ ထက်ပင် မမက ပိုလို့ စိတ်ပူနေကာ သူ စာမေးပွဲဖြေနေစဉ် မမက ကြက်ဥပူတင်း လုပ်ပေးလိုက်၊ မှော်ဘီဘက်က နွားနို့ စစ်စစ် ဟုဆိုကာ နွားနို့တွေ ကျိုတိုက်လိုက် ၊ ကြက်ဥပြုတ်ကျွေးလိုက်ဖြင့် သူကတော့ မမ ကျွေးသမျှ အကုန် စားလေသည်။

သူ ၁၀ တန်းအောင်ပြီးတော့ ကျောင်းမဖွင့်ခင်မှာ မမနဲ့ အရင်ကလို စာအုပ်ဆိုင်ကို အတူ သွားသော်လည်း အတူသွားတဲ့ အကြိမ်တွေ ကျဲခဲ့သည်။ မမနှင့်အတူ အပြင်မထွက်ချင်တော့ ။ သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ရတာကို သူ ပိုခုံမင်လာခဲ့သည်။ ကောင်မလေးတွေကို ငေးမောဖို့က မမနှင့်အတူ အပြင်သွားရတာက မကောင်းလှ။ လက်ဘက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းဖြစ်သူ အောင်ကျော်က သူ့ကို

“ယောက်ဖ ..မမပုန်းညက် ငါ့ကိုပေး”
ဟုဆိုတော့ သူ ဒေါသတွေ ဆူဝေကာ
“ဘာ …ဟေ့ကောင်”

“မင်း မမမှာ ရည်းစားရှိနေမှာပါကွာ…ဒီအရွယ်ရောက်နေပြီ..ဒီအရွယ်မှ အမြီးမပေါက်ရင် ဘာမျောက်တုန်းကွ”

ဟု သူငယ်ချင်းအချို့ ရဲ့ မခံချင်အောင် စ တာတွေကို မမကို ပြန်မပြော ဖြစ်ခဲ့။ သူ သိသလောက် မမမှာ ယောကျ်ားလေး သူငယ်ချင်းပင် မရှိ သလောက်ပင်။ မမကို တစ်ခါမှ တစိမ်းယောကျ်ားတစ်ယောက်နှင့် တွဲ၍ မမြင်ဖူးခဲ့။ မိန်းကလေး သူငယ်ချင်းများဖြင့်သာ အပြင်သို့ ရံဖန် ရံခါ သွားလေ့ရှိပြီး အလုပ် မသွားလျှင် အိမ်မှာပင် မမ အနေများသည်။ မမကို အိမ်မှာပင် အိမ်အလုပ်လုပ်၊ အားတဲ့အချိန်တွေမှာ စာဖတ်နေတာပဲ မြင်ရဖူးသည်။

မမ အလုပ်က နယ်ကို ပြောင်းရမည်ဆိုတော့ မမ က အလုပ်ထွက်ပြီး ဝိုင်းကျုရှင် ၊ ဟုမ်းကျူရှင်များ လိုက်ပြ စာသင်ခဲ့လေသည်။ သူကတော့ နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်ရသဖြင့် အိမ်နှင့်ဝေးကွာလွန်းသော ကျောင်းသို့ နေ့စဉ် သွားတက်နေခဲ့ရသည်။ သူ သီချင်းဆိုမိရာမှ အတွေးတွေ နယ်ချဲ့ မိရင်း သတိရမိလို့ ကြည့်လိုက်တော့ အချိန်က ညည့်နက် သန်းခေါင် ကျော်နေချေပြီ။ အုတ်ရေကန်ဘောင်ပေါ်မှ ခုန်ဆင်းပြီး အိမ်ထဲဝင်၊ အိပ်ခန်း ထဲရောက်တော့ ခေါင်းအုံးပေါ်တွင် ထားခဲ့သော သူ့ မိုဘိုင်းလ်ဖုန်းမှာ မစ်စ်ကောလ် တွေ့သည်။
နှင်းသက်သက်ဖြူ
သူ့ ရဲ့ ချစ်သူလေး…။ စိတ်ကောက်ချေတော့မည်ဟု တွေးမိကာ ဖုန်းပြန် ခေါ်ပြီး စကားတွေ ပြောတာနဲ့ သူ အိပ်ရာဝင်ချိန် အတော် နောက်ကျ ခဲ့လေသည်။
……………………………………………………….

မနက် အိပ်ရာနိုးတော့ အတော်လေး နေမြင့်နေချေပြီ။ အိပ်ခန်းထဲမှ ထွက်တော့ ဝတ်ကောင်းစားလှ များဖြင့် လှနေသော မေမေနှင့်ဖေဖေကို တွေ့သည်။ ဒီနေ့ စနေနေ့ …အလှု တစ်ခုခု သွားမလို့လား ဟု သူ တွေးလိုက်မိသည်။

“သား…နိုးပြီလား…မေမေတို့ ဟိုဘက်ခြံ သွားလိုက်ဦးမယ်..ပုန်းညက်ကို ကောင်လေး မိဘတွေ လာကြောင်းလမ်းကြမှာ…မေမေတို့က ပုန်းညက်ဘက်က အဒေါ်တွေ ၊ ဦးလေးတွေ အဖြစ်နဲ့ သွားလိုက်ဦးမယ်”

မေမေ့စကားကို ကြားတော့ သူ အံ့အားသင့်သွားသည်။
“မမ ဒီတစ်သက် အပျိုကြီးလုပ်မယ် ထင်ထားတာ…ရည်းစား မရှိ ဘာမရှိနဲ့ ဘယ်လိုလုပ် လာကြောင်းလမ်းကြတာလဲ”
“ကောင်လေးက စံပယ့် သူငယ်ချင်း…အင်္ဂလန်မှာ ဆရာဝန်ပဲ…ပုန်းညက်နဲ့ ရည်ငံနေတာ… ခု ဒီကိုခဏပြန်လာတာ… မင်္ဂလာဆောင်ပြီးရင် ပုန်းညက်ကို ခေါ်သွားတော့မှာ…စံပယ်လည်း ပုန်းညက် မင်္ဂလာဆောင်နီးမှ ပြန်လာမယ် …ပုန်းညက်လည်း ငယ်တော့တာမှ မဟုတ်ဘဲ…၂၈ ထဲရောက်နေပြီ...”

မေမေ ပြောမှပင် မမမှာ ရည်းစား ရှိတာ သူ သိရတော့သည်။
“ဘယ်နှယ့်…ဝါတွင်းကြီးဗျ”
သူပြောတော့ မေမေကရယ်ပြီး
“ဝါထွက်မှ မင်္ဂလာဆောင်မယ် ထင်တယ်”
ဟုပြောလေသည်။

မေမေနဲ့ ဖေဖေ ဟိုဘက်ခြံကို ထွက်သွားကြတော့ သူ တစ်ယောက်တည်း ထမင်းစားပွဲမှာ မေမေ ပြင်ထားပေးခဲ့သော နံနက်စာကို စားရင်း ငေါင်တောင်တောင်။ မမကို လူကြီးတွေ လာရောက် စေ့စပ်တဲ့ပွဲမှာ သူက လူရာသွင်းခြင်း မခံရပါလား ဟုတွေးမိကာ ဝမ်းနည်းသလိုလို။

နောက်နေ့တွေမှာ မမဆီကို လူတစ်ယောက် လာ လာနေတာ တွေ့သည်။ အရပ်မြင့်မြင့် အသားလတ်လတ်နှင့် ဆရာဝန်ဆိုသော ထိုလူနှင့် မမကို ခြံထဲမှာ လမ်းလျှောက် စကားပြောနေတာ သူ လှမ်းမြင်သည်။ ပျော်နေပုံရ သော မမ မျက်နှာလေးမှာ ပိုပြီးနုနယ် လန်းဆန်းနေသလိုပင်။ ထိုလူ့ ပခုံးစွန်းကို မမ ခိုးနမ်းလိုက်တာ မြင်တော့ သူ ဒေါသထွက်သွားသည်။ ဘာကြောင့် ဒေါသထွက်မှန်းတော့ မသိ။ ရင်ထဲမှာ ဆူဝေနေပြီး တောက် ခေါက်မိသည်။

နောက် မမနဲ့တွေ့တော့
“ဗျိုး…မမ အပျိူကြီး….ဒီတစ်သက် မစွံဘူးထင်နေခဲ့တာ... ယောကျ်ားရတော့မှာမို့ ပျော်နေတာလားဗျ”
သူ လှမ်းအော် နောက်တော့ မျက်နှာလေးရဲကာ
“ခွေးကောင်လေး”
ဟု မမက ပြန်ပြောသည်။ ရှက်သွားတဲ့ မမ မျက်နှာလေးကို ငေးမောရင်း နှမြောမိသလိုလို ခံစားရရင်း ဝမ်းနည်းလာသည်။

မမတို့ မင်္ဂလာပွဲအတွက် စီစဉ် အလုပ်ရှုပ်နေတဲ့အထဲမှာ သူ့ မိဘတွေပါ ပါနေတာ ကြည့်မရ ဖြစ်မိလာသည်။ ဟိုဘက်ခြံနှင့် ဒီဘက်ခြံ ဘာတွေ ရှုပ်နေကြမှန်းမသိ။ လူကြီးတွေကို ကြည့်ရတာ သူ မျက်စိနောက်လာသည်။

မမ နေမကောင်းဖြစ်ကာ ဖျားနေသည်ဟု သူ ကြားရသည်။ မင်္ဂလာပွဲကိစ္စဖြင့် အပြင်ကို ထွက်ရလွန်းပြီး ပင်ပန်းကာ ဖျားသည်တဲ့။ “မပင်ပန်းလည်း ဖျားမှာပဲ…ဒီလို မိုးတွင်းကြီးမှာ အပြင် ဒီလောက်ထွက်နေမှတော့…နဂိုတည်းက ချုချာ ညောင်နာ နဲ့”
မမကို ဒေါသဖြစ်ကာ သူ့ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ခုရက်တွေ သူ ဒေါသတွေ အလိုလိုကြီးနေသည်။ မမကို ဒေါသထွက်နေသည်။ ဘာကြောင့် ဒေါသထွက်နေမှန်းတော့ သူ မသိ။

ညနေဘက်ကျတော့ မမ ကြေးအိုးများ သောက်ချင်မလားလို့ သူ ပူမိသေး သည်။ မမ တို့ အိမ်ဘက် သူ ကူးခဲ့သည်။ ဧည့်ခန်းထဲမှာ ဒရင်းဘက်ဒ်ပေါ်မှာ ခပ်လျော့လျော့ မှီလှဲနေရင်း တီဗွီ စီအန်အန် သတင်း ကြည့်နေသော မမ ကိုတွေ့သည်။ အနွေးထည် မိုးပြာရောင်လေးနှင့် မမ ပုန်းညက်ဝေမှာ ဖြူဖျော့နေသည်။ မျက်နှာ ဖြူဖြူသေးသေးလေးမှာ အရင်ကထက် ပိုလို့ သေးနေသလိုပင်။

သူ့ကို မြင်တော့ ခပ်ယဲ့ယဲ့ပြုံးပြီး
"ကောင်လေး …ပျောက်နေတာ ကြာပြီ”
ဟုဆိုသည်။
“ကျွန်တော်က မပျောက်ပါဘူးဗျာ…ရှိပါတယ်…ခင်ဗျားသာ မင်္ဂလာဆောင်အတွက် အားတက်သရောနဲ့ ခုတော့ ဖျားပြီ မလား”
သူ့ ခပ်ရင့်ရင့် စကားကို မမ က မျက်နှာ တစ်ချက်ပျက်ကာ
“ဟဲ့”
ဟုဆိုသည်။
“ကဲ…ထ… ကြေးအိုး သွားသောက်မယ်”
“မသောက်တော့ပါဘူးကွာ…မမ အပြင်မထွက်ချင်ဘူး”
“မရဘူး ဗျာ…လာ…ထ…နောက်ဆို ခင်ဗျားက လင်ယူပြီး လင်နောက်လိုက်သွားတော့မှာ… ကျွန်တော်က အစ်မ တစ်ယောက်လုံး လင်နောက်ပါသွားတော့ တစ်ယောက်တည်း ငေါင် ကျန်ရစ်မှာ… လာ…လိုက်ခဲ့…ခုချိန်လေးပဲ သွားရမှာ”

သူ တမင်သက်သက် ဆိုးလိုက်မိသည်။ မမက ခပ်ယဲ့ယဲ့လေးပဲ ပြုံးပြီး

“ရင့်လိုက်တာ ဝါဆိုရယ် …လိုက်ဆိုလည်း လိုက်ပါ့မယ်”

ဟုဆိုကာ ဖြေးဖြေးထကာ လိုက်လာခဲ့သည်။ အပြင်ဘက်မှာ မိုးက ဖွဲဖွဲ ရွာ နေသည်။ အိမ်မှ ထွက်တော့ မိုးရွာတာ နည်းနည်း စိပ်လာသည်။ ကားမှန်တံခါးတွေ အကုန် ပိတ်ထားရတာကြောင့် အဲကွန်း ဖွင့်လိုက်တော့ မမက ကိုယ်လေး ကျုံ့ ကာ ချမ်းသည့်ပုံ ဖြစ်သွားသည်။ ကားမှန် ဝိုက်ပါ ကိုဖွင့်ပြီး ကားမောင်းနေရင်းနဲ့ သူ မမကို အကဲခတ်ကြည့်မိသည်။ သူ့ နံဘေးမှာ ထိုင်နေပုံလေးက တလောကလုံးကို အလျော့ပေးထားတဲ့ ပုံ၊ ခပ်လျော့လျော့ အသွင်လေးနဲ့ အားနည်းနေပုံ ရသည်။ မျက်နှာ ဖြူဖြူလေးမှာ အဖျားသွေးကြောင့် အနည်းငယ် နီနေသည်။ သူ မမ ကိုနှမြောမိလာသည်။ မမကို သူတပါး လက်ထဲ ပေးလိုက်ရမှာကို အူတို မိလာသည်။
ဒါ သူ့ မမ …တခြား ဘယ်သူမှ မယူရဘူး ဟု စိတ်ထဲမှာ တွေးပြီး ဒေါသတို့ ဖြစ်လာသည်။ အင်းစိန်က ဟန်နီ မှာ ကြေးအိုးသွားသောက်မည်ဟု စိတ်ကူးပြီး ပြည်လမ်းအတိုင်း မောင်းရာမှ သူ အင်းစိန်ဘက်ကို မချိုးကွေ့တော့။

မင်္ဂလာဒုံဘက်ကို ရောက်တော့မှ မမ က
“ဘယ်အထိ သွားမလို့လဲ ဝါဆို…ဟန်နီကို သွားမှာ မဟုတ်ဘူးလား”
ဟုမေးသည်။ သူ မမ အမေးကို ဘာမှ ပြန်မဖြေဘဲ လီဗာကိုသာ စွတ်နင်းလိုက်သည်။ မမက ကား ပြတင်းမှ တဆင့် အပြင်ကို ငေးမောရင်း လိုက်ပါလာသည်။ ထောက်ကြန့် ရောက်တော့ မမ က သူ့ကို မေးပြန်သည်။

“ဝါဆို…ဘယ်သွားမလို့လဲ…အိမ်နဲ့ အတော်ဝေးလာပြီနော်”

သူ မမ ဘက်ကို တစ်ချက်လှည့်ကြည့်ပြီး

“မမ ကို ခိုးပြေးလာတာ”

ဟု ခပ်ပြတ်ပြတ် ဖြေလိုက်သည်။
“ဘာ”
မမ အသံ ကျယ်လောင် သွားပြီးနောက် အံ့သြသည့် မျက်နှာနဲ့ သူ့ကို ဇဝေဇဝါ ကြည့်သည်။
“ဟုတ်တယ်…မမကို ခိုးပြေးလာတာ…ကျွန်တော့်မမ ကို ဘယ်သူမှ မယူရဘူး.. မမကို ကျွန်တော်ချစ်တယ်…မမကလည်း ကျွန်တော့်ကိုပဲ ချစ်ရမယ်…ကျွန်တော်ကလွဲလို့ ဘယ်သူ့ကိုမှ မချစ်ရဘူး”

“ဝါဆို…မင်း ရူးနေပြီ…ပြန်ရအောင်ကွာ…မောင်လေး ….ကား ပြန်လှည့်နော်”

မမရဲ့ ညင်သာ တိုးတိမ်တဲ့ စကားကို သူ လျစ်လျူရှုကာပဲ ကားကို လီဗာ တင်မောင်းလိုက်သည်။ မိုးက ပိုသည်းလာသည်။ မိုးက တအားသည်း လာသည့် အပြင် လေတိုက်နှုန်းပါ ကြမ်းပုံရသည်။ သစ်ပင်တွေ အကိုင်း အခက်တွေ ယိမ်းနွဲ့ နေတာ မြင်ရသည်။ မီးကြီးဖွင့်ပြီး မနည်း အားစိုက်ကာ ရှေ့ ကို ကြည့်နေရသည့်ကြားမှ သူ ကားမောင်းသည့်နှုန်းက ကြောက်စရာ။ မှော်ဘီ ဆပ်သွားတောနားရောက်တော့ မမက ငိုပါလေတော့သည်။

“ဝါဆိုရယ်…ပြန်ရအောင်…မောင်လေးက မဆိုးပါနဲ့…နော်”
စကားတွေကို မနည်း အားစိုက်ကာ ပြောနေရပုံ ရသည်။ မမ အသံက တိုးတိမ်ပြီး စကားပြောလိုက်တိုင်း မောနေပုံရသည်။ သူ ဘာမှ ပြန်မပြောဘဲ ကားကိုသာ အာရုံစိုက်မောင်းနေတော့ မမ ပိုငိုပါတော့သည်။ ရှိုက်ငိုနေတဲ့ မမ ငိုသံကြောင့် သူ မမကို သနားလာသည်။ မမ ဒီလောက် ငိုတာ သူ တစ်ခါမှ မတွေ့ဖူးဘူးလေ။ ဒါပေမယ့် သူ အလျော့မပေးချင်။ သူ မမ ကိုဆုံးရှုးံရမှာ ကြောက်သည်။ မိုးသည်းလွန်းလို့ ရှေ့ကို သဲသဲ ကွဲကွဲ မမြင်ရ။ သူ ကားကို လမ်းဘေး ထိုးချ ရပ်လိုက်သည်။ မမ ဘက်ကို လှည့်ကြည့်တော့ ရှိုက်ကြီး တငင်ကို ငိုလို့ ကောင်းနေသည့် မမကို သူ ပိုစိတ် တိုသွားရသည်။

“ခင်ဗျားကို ခိုးပြေးလာတယ် ဆိုတော့ ဒီလောက်တောင် ငိုရလား…. ဘာလဲဗျ…ကျွန်တော်က အင်္ဂလန်မှာ အထူးကုဘွဲ့ရ ဆရာဝန် မဟုတ်လို့လား…ကျွန်တော်လည်း အင်ဂျီနီယာဖြစ်မှာပါဗျာ…သိပ်တော့ စိတ်မပူပါနဲ့”

မမမျက်နှာကို ကြည့်ပြီး သူ ပြောလိုက်တော့

“ဝါဆို…မင်း”

မမ စကား ဆုံးအောင် ဆက်မပြောနိုင်ဘဲ သူ့ မျက်နှာကို အံ့အားသင့်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း စတဲ့ ခံစားချက်တွေ ရောထွေးနေသော ၊ ငိုနေသဖြင့် နီရဲနေသော မျက်နှာဖြင့်ကြည့်သည်။ မမကို ကြည့်ရင်း သူ အသည်းယား လာကာ မမ လက်မောင်းကို ဆွဲကာ မမကိုယ်လေးကို သူ့ရင်ခွင်ထဲ သွင်း လိုက်မိသည်။

“မငိုပါနဲ့ဗျာ…မမကို ကျွန်တော် သိပ်ချစ်တာ…မမ ကျွန်တော်ကလွဲရင် ဘယ်သူမှ မချစ်ရဘူး… ကျွန်တော့် တစ်ယောက်တည်းကိုပဲ မမ ချစ်ရမယ်”

သူ မမ ဆံပင်ညိုပျော့ပျော့လေးတွေကို နမ်းမိရင်း သူ့ရင်ထဲက စကားတွေကို ပြောလိုက်မိသည်။ မမက ရှိုက်လို့ ငိုနေတော့ သူ မမမျက်နှာကို မေးဖျားမှ ဆွဲမော့စေ့လိုက်ကာ မမ နဖူးနှင့်ပါး တို့ကို နမ်းမိသည်။ မမ ရုန်းနေတာ သူ သိသည်။ ဒါပေမယ့် အားချင်းမမျှလို့ မမ မရုန်းနိုင်ဘဲ ရှိနေသည်။

“ဝါဆို …မင်း ..ငရဲကြီးမယ်”

မမ စကားကြောင့် သူ တုန်လှုပ်သွားသည်။ မမ…သူ့ မမ ကိုသူ ဒီလို စိတ်ဆင်းရဲအောင် လုပ်မိတာ သူ ငရဲကြီးမှာတဲ့လား။ မမကို သူ သိပ်ချစ်တာ တွေက ငရဲကျမှာတဲ့လား။ သူ မမ ရုန်းတာကို ဖြေလျော့ပေးလိုက်တော့ မမ က ချက်ချင်းပဲ ကားတံခါးကို ဖွင့်ကာ ဆင်း ပြေးလေတော့သည်။ မိုးတွေ သည်းသည်းရွာနေသည့်ကြားမှာ ပြေးဆင်းသွားတဲ့ မမကို သူ စိုးရိမ်ပြီး နောက်မှ လိုက်မိသည်။ မိုးရေတွေ ရွှဲရွဲစိုနေသော မမကို သူ ဖမ်းမိလိုက်တဲ့ အခါမှာ သူ့ လက်ထဲမှာ မမ ပျော့ခွေကာ လဲကျသွားသည်။

“မမ”
“မမ”
“မမ ပုန်းညက်”

သူ ခေါင်းနပန်းကြီးသွားသည်။မမ ကိုယ်လေးက ခြစ်ခြစ်တောက် ပူနေသည်။ မမကို သူ ပွေ့ချီကာ ကားဆီသို့ ပြန်လာပြီး နောက်ကြောင်းပြန်လှည့်ကာ ရန်ကုန်ဘက်သို့ မောင်းလိုက်သည်။ အနီးဆုံး ဆေးခန်းကို ရှာဖွေရင်း သူ့ခေါင်းထဲမှာ ဘာမှ မလုပ်မလုပ်တော့သလို။ မမ အတွက် သူ စိုးရမ်စိတ်တွေက ဗလောင်ဆူကာ မိုးကိုလည်း ဆဲမိနေသည်။ ကားကို လီဗာတင်ကာ အမြန်နှုန်းနဲ့ မောင်းရင်း မမကို ဘယ်ဆေးခန်းကို ပို့ရမည်နည်း ခေါင်းထဲမှာ အပြေးအလွှား စဉ်းစားနေမိသည်။ သုခကမ္ဘာက သူ့ ခေါင်းထဲ ဝင်လာကာ သုခကမ္ဘာကို အမြန်ဆုံးမောင်းတော့သည်။ ဆေးရုံ အရေးပေါ်ကို မမကို သူ ပွေ့ချီပြီး ပြေးတော့ မမ ကိုယ်လေးက ပြာနှမ်းနေသည်။ လူနာတွန်းလှည်းဖြင့် မမကို ခေါ်သွားတော့ သူ မလိုက်ရတော့။ သူအပြင်မှာ စောင့်ကျန်ရစ်ရင်း မိုးရေတွေရွှဲနေသော သူ ခိုက်ခိုက်တုန်လာသည်။ သူ အိမ်ကို ဖုန်းဆက်ဖို့ သတိရမိပြီး မေမေ့ကိုဖုန်းဆက် ပြောလိုက်သည်။
“မေမေ…မမ သုခကမ္ဘာမှာ …ဘဘကြီးနဲ့ ကြီးမေ ကို ပြောလိုက်ပါဦး”
ဟုသာ သူ တိုတို ပြောပြီး ဖုန်းချလိုက်သည်။ သူ့ ကို အပြစ်တင်ကြမည့် မျက်ဝန်းတွေကို သူ ဘယ်လို ရင်ဆိုင်ရမလဲ။ မမရဲ့ ချစ်သူကို သူ ဘယ်လို ရင်ဆိုင်ရမလဲ။

……………………………………………

မိုးတွေ သည်းသည်းမည်းမည်း ရွာနေပြန်ပြီ။
ခြံထောင့်က ပုန်းညက်ပင်ကြီး လည်း အကိုင်းအခက်တို့က လေတိုက်တိုင်း ယိမ်းထိုးနေကာ ပုန်းညက်ပွင့်တွေကို မိုးစက် မိုးပေါက်တွေက ရိုက်ခတ်ကာ ခြွေချလိုက်သဖြင့် မြေပြင်တွင် ပုန်းညက် ပွင့်ဖတ်တို့ ကြွေနေပြီ။ နေ့စဉ် ညတိုင်း သူ့ရဲ့ နောင်တတွေ နဲ့ ကြေကွဲမှုတွေဟာ ဒီလို ပုန်းညက်ပန်းတို့ ပွင့်လေသည့် ရာသီရောက်တိုင်း ပို၍ ဆိုးလာသည်။ ညဘက်တွေ မအိပ်သဖြင့် အိပ်ဆေး တွေ သောက်အိပ်တဲ့ ညတွေများလာရင်း အိပ်ဆေး မသောက်ရင် မအိပ်တော့တဲ့ သူ့ကို မေမေတို့က ဆရာဝန်နှင့် အမြဲ မှန်မှန် ပြနေတာ သူ သိသည်။ မိုးတွေ ရွာတိုင်း မမ ပုန်းညက် လာဦးမှာ ဟုဆိုကာ သူ ပုန်းညက်ပင် အောက်မှာ ထီးတစ်ချောင်းနှင့် ရပ်စောင့်နေတတ်ခဲ့သည်။ ယခုလည်း ပုန်းညက်ပန်းတွေ တူတူ ခူးဖို့ သူ့ဆီ မမပုန်းညက် လာချေ ရော့မည်။ သူ အိမ်ထဲမှ ထွက်ကာ ထီးဖွင့်လိုက်ပြီး ပုန်းညက်ပင်ဆီ သို့ တရွေ့ ရွေ့ လျှောက်သွားလေတော့သည်။

ဟနစံ

ချစ်သူများအတွက် လက်ဆောင်

St. Valentine’s Day ဆိုတဲ့ ချစ်သူများနေ့အတွက် ကြိုတင်ပြီးတော့ ချစ်သူတွေ အလုပ်ရှုပ်နေကြပြီပေ့ါ။

နှင်းဆီပန်းလေးတွေ ကြိုတင်မှာထားရဦးမယ်လေ။ ချစ်သူ အံ့သြဝမ်းသာ သွားစေမယ့် လက်ဆောင်လေးတွေ စဉ်းစား စိတ်ကူးပြီး ဝယ်ရဦးမှာပေ့ါ။

ချစ်သူများနေ့မှာ အထိမ်းအမှတ် အဖြစ် နှင်းဆီပန်း ပန်းစည်းလေးများ၊ ချော့ကလက်များ၊ အမှတ်တရလက်ဆောင် မွေးပွ ဝက်ဝံရုပ်လေးများကို ချစ်သူကို လက်ဆောင်ပေးလေ့ရှိကြသလို သာယာချမ်းမြေ့ တဲ့ ညစာ စားပွဲလေးတစ်ခု ဖန်တီးပြီး ချစ်သူနှင့်အတူ စားသောက် ပျော်ရွှင် လေ့ရှိကြပါတယ်။

ချစ်သူကို တန်ဖိုးကြီးလက်ဆောင်တွေ ဝယ်ပေးမှသာလျှင် မိမိက ချစ်သူက ချစ်တယ်ဆိုတာ ဖြစ်တော့မှာလား။ ပျော်ရွှင်မှုကိုပေးတဲ့ အချစ်ဆိုတာကို လူသားတိုင်း ခံစားတတ်ကြပါတယ်။ ကိုယ့်ချစ်သူကို တန်ဖိုးကြီး လက်ဆောင် တွေ ဝယ်ပေးမှသာလျှင် ချစ်ခြင်း မည်တာ မဟုတ်ပါဘူး။ မိမိချစ်သူကို သစ္စာစောင့်သိကာ ချစ်တယ်ဆိုရင် ဒါဟာ တန်ဖိုး အကြီးဆုံး လက်ဆောင် ပါပဲ။

မိမိဟာ ချစ်သူ့ အနီးမှာရော၊ ချစ်သူ့ ကွယ်ရာမှာပါ၊ ဘယ်နေရာကိုပဲ ရောက်ရောက် မိမိ ချစ်သူအပေါ် သစ္စာ စောင့်သိတယ်ဆိုရင် ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးဆုံး လက်ဆောင်ကို ချစ်သူကို ပေးလိုက်တာပဲပေ့ါ။

ချစ်သူ မရှိသေးတဲ့ တစ်ကိုယ်တည်း သမားတွေကရော … ချစ်သူများနေ့ဆိုတာ ကိုယ်နဲ့ မဆိုင်ဘူးလို့များ တွေးနေပါသေးသလား။ တကယ်တော့ ချစ်သူများနေ့ ဆိုတာ ချစ်သူစုံတွဲတွေ အတွက်သာ မဟုတ်ပါဘူး။ အချစ်ဆိုတာကို ခံစားတတ်တဲ့ လူသားတိုင်းနဲ့ ဆိုင်တဲ့နေ့လေး တစ်နေ့ပါ။

ကိုယ်ချစ်တဲ့သူတွေ အားလုံးနဲ့လည်း ဆိုင်တယ်။ ကိုယ့်ကို ချစ်တဲ့သူတွေ အားလုံးနဲ့လည်း ဆိုင်ပါတယ်။

ကိုယ့် မိဘ၊ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆရာ၊ဆရာမတွေ အားလုံးကို ကိုယ်က ချစ်တယ်ဆိုမှတော့ ဒီနေ့လေးဟာ ကိုယ့်အတွက်လည်း ဖြစ်ပါတယ်။ ရာဂကင်းတဲ့ချစ်ခြင်း ဖြစ်တဲ့ ၅၂၈ သွယ်သော မေတ္တာနဲ့ ချစ်သူတွေ အားလုံးနဲ့လည်း ဆိုင်တဲ့နေ့လေးပေ့ါ။

အဲဒီတော့ ကိုယ် ချစ်တဲ့သူတွေ အားလုံးအတွက် ကိုယ်က လက်ဆောင်တစ်ခု ပေးလိုက်မယ်လေ။ အဲဒီ လက်ဆောင်ကတော့ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအားလုံးကို လူကောင်းတစ်ယောက် အဖြစ် ကိုယ်က လက်ဆောင်ပေးလိုက်မှာပေါ့။

သူတို့တွေ ကိုယ့်ကြောင့် စိတ်ဆင်းရဲခြင်း၊ စိတ်စနိုးစနောင့် ဖြစ်ရခြင်း၊ ပူပန်ကြောင့်ကြရခြင်း အလျှင်းမရှိစေရဘဲ ကိုယ် ရှိနေတဲ့ ပတ်ဝန်းကျင်လေး ဟာ ပျော်ရွှင် သာယာနေအောင် ကိုယ့်ကိုကိုယ် လူကောင်းအဖြစ်နဲ့ ပတ်ဝန်းကျင်ကို လက်ဆောင်ပေးလိုက်ကြရအောင်လား ရှင်။

တကယ်တော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှသာလျှင် ချစ်သူများနေ့ မဟုတ်ပါဘူး။

တစ်နှစ်မှာရှိတဲ့ ၃၆၅ ရက်လုံးလုံးဟာ ချစ်သူများနေ့ပါပဲ။

နေ့တိုင်း နေ့တိုင်း ကိုယ် ချစ်တဲ့သူတွေ၊ ကိုယ်က ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင် သာယာနေမယ့် ချစ်သူများနေ့ဟာ တစ်နှစ်တာပတ်လုံး ဖြစ်ပါတော့တယ် ရှင်။

ဟနစံ

အင်တာနက်နှင့်ကံ ၃ ပါး

ကွန်ပျူတာဆိုတာ မပေါ်သေးတဲ့ ဟိုးရှေးနှစ်တွေတုန်းက လူတွေ ဘယ်လိုများ နေခဲ့ကြသလဲ မသိပါဘူး။ အခုတော့ ကျွန်မမှာ နံနက် ကျောင်းကိုရောက်လျှင် ကွန်ပျူတာကို အရင်ဆုံးဖွင့်ရပါတယ်။ ကျောင်းအီးမေးလ်တွေ ဘာတွေ ဝင်နေသလဲ ။ ဘာ အစည်းအဝေးက ဘယ်အချိန်၊ ဘယ်အခန်းမှာလဲ။ ဘယ်တွေကို သွားရမလဲ။ ဘာတွေကို အစီရင်ခံစာ တင်ရမလဲ …စသည်ဖြင့် အဲဒါတွေက အီးမေးလ်နဲ့သာ စာ အသွား ၊ အပြန်ရှိသည်မို့ ကွန်ပျူတာ မရှိလျှင် ၊ နက်ဝါ့ခ်ကွန်နက်ရှင် ပျက်နေလျှင် ကျွန်မ အတွက်တော့ ကျွန်မကို မျက်စိပိတ်ထားသလို ဖြစ်နေတော့တာပါပဲ။

စာသင်နေရင်းနဲ့ ရှင်းပြလို့ ဘယ်လိုပြောရမလဲ အဆင်မပြေတော့တဲ့အခါ အင်တာနက်မှာ ရှာပြီး ပရိုဂျက်တာနဲ့ ပြလိုက်တော့ ကျောင်းသားတွေ သဘောပေါက်သွား ၊ နားလည်သွားတဲ့အတွက် ကျွန်မ ဝင်တဲ့ စာသင်ခန်းက ကွန်ပျူတာပျက်နေလျှင် ၊ အင်တာနက် မချိတ်လျှင် ၊ ပရိုဂျက်တာ ပျက်နေလျှင် ချက်ချင်းပဲ အိုင်တီဌာနကို ဖုန်းခေါ် အကြောင်းကြားကာ ကွန်ပျူတာနဲ့ အင်တာနက် ကွန်နက်ရှင်ဆိုတာ ကျွန်မအတွက် အရေးကြီးဆုံး ဖြစ်နေတော့တာပါပဲ။

စာသင်မယ့် လက်ချာဆလိုက်တွေ ပါဝါပွိုင့်လုပ်တဲ့အခါမှာလည်း အင်တာနက်က မရှိမဖြစ် လိုအပ်ပါလေရော။ ပုံတွေကို ဆွဲဖို့ဆိုတာ အချိန်ကြာလှ၊ အချိန်ကုန်လှတာမို့ ဆားကစ်ပတ်လမ်းပုံတွေ လိုချင်လျှင် google ဆိုတာက ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်း ဖြစ်နေတော့ တာပါပဲ။ တကယ်လို့များ google ကသာ အသက်ရှိ ဖြစ်ပြီး စကားပြောတတ်မယ်ဆိုလျှင် သူ့ကို ခိုင်းလွန်းတဲ့ ကျွန်မကို ငြိုငြင်စကားတွေ ပြောမှာ အသေအချာပါပဲ။

အိမ်ပြန်ရောက်တော့လည်း ညဘက်ဆိုလျှင် ကွန်ပျူတာဖွင့် ၊ မိတ်ဆွေ ၊ သူငယ်ချင်းများထံမှ လာတဲ့ အီးမေးလ်များကို အကြောင်းပြန်၊ ပို့ပေးလိုက်သော သီချင်းများကို ဒေါင်းလုတ်ဒ် ကာ ၊ သီချင်းနားထောင်ရင်း ကမ္ဘာ့သတင်းတွေကို ဖတ်ရသည်မှာက ညစဉ် ပုံမှန် အလုပ်တစ်ခုပါပဲ။ အင်တာနက်ဆိုတာကို ဆက်သွယ်ရေးလုပ်ငန်း တစ်ခု အဖြစ်ကောင်းကောင်း ကို အသုံးချနေတာပါ။ စာတိုက်ကနေ စာထည့်လျှင် စာရောက်ဖို့က လမ်းမှာ အနည်းဆုံး တစ်ပတ်ခန့်ကြာနိုင်သေးသည်။ စာရောက် မရောက်ကလည်း မသေချာနိုင်။ ခုတော့ ဘယ်လောက်များ ကောင်းပါသလဲ။ တံဆိပ်ခေါင်းလည်း ဝယ်ကပ်စရာမလို ၊ စာတိုက်ကိုလည်း သွားစရာမလို၊ လက်ရေးနဲ့ ချရေးစရာလည်း မလိုတော့ဘဲ မိတ်ဆွေ ၊ သူငယ်ချင်း ၊ ဆွေမျိုးသားချင်းများထံ စာက ခုချက်ချင်းပို့ (ဟိုဘက်ကလည်း အွန်လိုင်းဖြစ်နေလျှင် ) ခုချက်ချင်း ရောက်သွားတာ ဘယ်လောက် အကျိုးကျေးဇူးများပါသလဲ လို့တွေးမိကာ ကွန်ပျူတာနှင့်အင်တာနက် ဆိုတာကို ကျေးဇူးတင်မိနေတော့တယ်။

ဒါတင်မကသေးပါဘူးလေ။ ယဟူး ၊ အမ်အက်စ်အန်၊ ဂျီတော့ခ် ဆိုတဲ့ မက်ဆန်ဂျာတွေကနေ တဆင့် ဘယ်လောက်ပဲ ဝေးကွာနေစေဦးတော့ စကားတွေ ပြောနိုင်ပြီး ဖုန်းခ လည်း အကုန်သက်သာနေတာပေ့ါနော်။ ဒီလောက် အကျိုးများတဲ့ အင်တာနက်ကိုသုံးစွဲနေရင်းနဲ့ ကျွန်မတို့ဟာ ကံ ၃ ပါးကို ကျူးလွန်တတ်ကြတယ်ဆိုတာ တွေးမိပြန်ပါတယ်။

ဟိုယခင်က( လွန်ခဲ့တဲ့ ၄ နှစ်လောက်က) အထက်တန်းပြဆရာမ အဖြစ် အချိန်ပိုင်း အလုပ်လုပ် နေစဉ်က အားလပ်ချိန် အထိုက်အလျောက် ရရှိတာမို့ မြန်မာမိတ်ဆွေများနဲ့ မြန်မာစကားတွေ ပြောချင်တဲ့အတွက် ချက်ရွမ်း (chatroom) ဆိုတာကို ဝင်ခဲ့မိပါတယ်။ နစ်နိမ်း ( nick name)၂၀ သာ စကားပြောနိုင်တဲ့ ချက်ရွမ်းမှာ မသိတဲ့သူရော ၊ သိတဲ့ ကိုယ့်မိတ်ဆွေ တွေရောနဲ့ ချက်တင်း (chatting) လုပ်ခဲ့တဲ့ ကာလများမှာ ကံ ၃ ပါး ကို မစောင့်ထိန်းနိုင်ခဲ့ပါဘူး။ ကျွန်မက သူတပါးအကြောင်း ကိုယ်ရေးကိုယ်တာ တွေကို မမေးတတ်သလို ကျွန်မကို လာမေးလျှင်လည်း စိတ်လိုလျှင် ပြောတတ်ပြီး ၊ စိတ်မလိုလျှင် မပြောတတ်တာ ကျွန်မအကျင့်ပါပဲ။ (ငယ်စဉ်ကတည်းက တစ်တန်းတည်း လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းရဲ့ အဖေ နာမည် ၊ အလုပ်ကို မသိခဲ့တာ တက္ကသိုလ် နောက်ဆုံးနှစ်မှ သိတဲ့ ကျွန်မက အဲ့လောက်ထိကို ပတ်ဝန်းကျင်လေ့လာမှု အားကောင်းတာပါပဲ။) ပြောပြသလောက်သာ သိခဲ့ပြီး မပြောပြရင် မမေးတတ်တာလည်း ကျွန်မ အကျင့်ပါပဲ။ ပွင့်လင်းတယ်လို့ ထင်ရပေမယ့် ကိုယ့်အကြောင်းတွေကို မေးရင် မပြောချင်ဘဲ ၊ မမေးတဲ့ မစပ်စုတဲ့သူကိုသာလျှင် အမှန်ပြောပြဖြစ်တဲ့ ကျွန်မရဲ့ ဂွတီးဂွတ စိတ်ကြောင့် ချက်ရွမ်းတို့ ထုံးစံ အေအက်စ်အယ်လ် (A, S , L) ဆိုပြီး လာမေးရင် ကျွန်မက ပြောချင်တာတွေ လျှောက်ပြောလိုက်တော့တာပါပဲ။ ကျွန်မက သူများအကြောင်း၊ ကိုယ်ရေးကိုယ်တာကို မေးတာတွေကို မနှစ်မြို့လှဘူး။
ကျွန်မကိုယ်တိုင်က သူတစ်ပါးကို ကျောထောက်နောက်ခံအနေအထားတွေထက် သူ့ကိုယ်ပိုင်လက်ရှိ အရည်အချင်း၊ သူ့ အစွမ်းအစကိုသာ နှစ်လိုခင်မင်ချင်စိတ်ရှိသူ၊ မိတ်ဆွေများရဲ့ မိဘ အသိုင်းအဝိုင်းကို ကျွန်မ စိတ်မဝင်စားဘဲ မိတ်ဆွေများရဲ့ လက်ရှိအခိုက်အတန့်ကာလလေးကိုသာ စိတ်ဝင်စားတတ်တဲ့ ဘုကျကျ တစ်ယောက်ပါ။

ရန်ကုန်မှ မောင် ၊ ညီမဝမ်းကွဲလေးများ၊ မိတ်ဆွေများနဲ့ ချက်ရွမ်းမှာ ချိန်းပြီး စကားပြောခဲ့ကြပါတယ်။ ကိုယ ်တစ်ခါမှ မသိဖူးတဲ့ သူတွေနဲ့လည်း စကားပြောဖြစ်ခဲ့တယ်။ ကြာလာတော့ ကိုယ်နဲ့ ချက်တင်း လုပ်နေတဲ့သူကို ယုံကြည်သလိုဖြစ်လာတော့မှ အမှန်တွေကို ပြောဖြစ်တယ်။ မမေးလျှင်လည်း မပြောတတ်၊ သူများကိုလည်း မမေးတတ်တဲ့ ကျွန်မက တစ်ခါတစ်ရံမှာ ချက်ရွမ်းမှာ ဂွကျကျ ၊ ဘုကျကျ တစ်ယောက်ပဲဖြစ်နေခဲ့တယ်။ အသက် ၆၀ ကျော်ပြီလို့ ပြောလိုက်တဲ့အခါလည်းရှိရဲ့ ။ ကလေး ၆ ယောက်အမေပါ လို့ပြောလိုက်တဲ့အခါလည်း ရှိရဲ့ ။ ကလေး တစ်ယောက်နေမကောင်းလို့ ဆရာဝန်သွားပြမလို့ ဆိုကာ ကိုယ် မအားလို့ လော့တ်အောက် (log out) လုပ်ချင်တာကို အကောင်းမပြောဘဲ အဲလို နောက်ပြောင်လိမ်ညာ ပြောဖြစ်ခဲ့တာမျိုးလည်း ရှိရဲ့ ။

အဲဒီလို ကျွန်မက နောက်ပြောင်ပြောလိုက်တာက အသေးအဖွဲလေး ၊ ဘာမှ မဖြစ်ဘူးလို့ ကျွန်မက ထင်ပေမယ့် တကယ်တန်းကျတော့ ကျွန်မက အဲဒီလိုပြောဖို့ကို အရင် စိတ်မှာ ကြံစည်တွေးတောတယ်။ မဟုတ်တာ မမှန်တာကို အရင်တွေးတော့ မနောကံ၊ နောက် အဲဒါကို လက်ကနေ ကွန်ပျူတာကီးဘုတ် (computer keyboard) ပေါ်မှာ ချရိုက်လိုက်တော့ ကာယကံမြောက် ကျူးလွန်တဲ့ ကာယကံ ။ (တော်သေးတာက ချက်ရွမ်းမှာက ဂျီတော့ခ် ၊ ယဟူးမက်ဆန်ဂျာတို့မှာလို ဖုန်းခေါ် စကားပြောလို့မရလို့ ၀စီကံ မပါတာ။ ဂျီတော့ခ်ကနေ လိမ်ညာလှည့်စားသူတွေ အတွက်ဆိုလျှင်တော့ ၀စီကံပါ ပါပေတော့မှာပေ့ါနော်။ ) အဲဒီတော့ ဘာမှ မဟုတ်တဲ့ ကိစ္စလေးမှာ ကျွန်မဟာ ကံ ၃ ပါးထဲက ၂ ပါးကို ကျူးလွန်မိတာပါပဲ။ ဒါဆိုရင် ချက်ရွမ်း မဝင်တာကမှ ကျွန်မ အတွက် ငရဲကျ သက်သာပါဦးမယ်။ ဒါပေမယ့် မိတ်ဆွေ ၊ အပေါင်းအသင်းများနဲ့ ဖုန်းခ မကုန်ဘဲ ဆက်သွယ်လို့ရတယ်။ အချိန်းအချက်တွေ လုပ်လို့ရတယ်။ မသိတာတွေ ရှိရင် တစ်ယောက်ယောက် ကို လှမ်းမေးလိုက်လို့ရတယ်။ မြန်မာစကားကို နေ့စဉ် ပြောလို့ရတယ် ဆိုတဲ့ အကျိုးတွေကြောင့် ချက်ရွမ်းဆိုတာကို အားရင် အားသလို ဝင်နေခဲ့ဖြစ်တာ ပါပဲ။

ချက်ရွမ်းမှာ ရလာခဲ့တဲ့ သူငယ်ချင်းအသစ်တွေဟာ ယခုအချိန်မှာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေလည်း ဖြစ်နေပါတယ်။ အခုဆိုရင် ကျွန်မရဲ့ မြန်မာ မိတ်ဆွေအတော်များများဟာ အွန်လိုင်းမှာ စသိခဲ့သူတွေဖြစ်ပြီး အပြင်မှာပါ တကယ့် မောင်နှမ ရင်းချာတွေလို ခင်မင်သွားကြတာတွေလည်း ရှိပါတယ်။ ခုထိ မမြင်ဖူးသေးဘဲ အွန်လိုင်းမှာတင်သာ သိနေရပြီး အကူအညီလိုလျှင် အမြဲပေးတတ်တဲ့ မိတ်ဆွေကောင်းတွေလည်း ရှိပါတယ်။ ကျွန်မက နောက်တီး နောက်တောက်လဲ အင်မတန်ရှိလေတော့လည်း ရန်လည်း ဖြစ်တဲ့ အခါတွေလည်းရှိတယ်။ အဲလို ရန်ဖြစ်တဲ့အခါ အပြင်လက်တွေ့ဘဝမှာတကယ်မဟုတ်ပေမယ့် virtual world ဆိုတဲ့ အွန်လိုင်းမှာ အခိုက်အတန့်လေး ဒေါသဖြစ်သွားရတယ်။ အခိုက်အတန့်လေး ဆိုပေမယ့် ဒေါသဆိုတာ ပူလောင်ဆူဝေ တာပါပဲ။

အင်တာနက်ဆိုတာက ကျွန်မအတွက် အကောင်းတွေကိုလည်း ပေးပါတယ် ။ အဆိုးတွေကိုလည်း ပေးပါတယ်။ ဒါပေမယ့် ကိုယ်က ယူမှ ဖြစ်တာမလား။ ကိုယ်တိုင် ဆင်ခြင်မိတဲ့အခါမှာ အင်တာနက်မှာပဲ ဆိုပေမယ့် ကိုယ် မလိမ် မညာမိအောင် ကြိုးစားနေပြီး ကိုယ်မပြောချင်တာဆိုရင် မပြောဘဲနေလို့ရတာပဲ။ ဘာမှမလုပ်ရင် ဘာမှ ဖြစ်မှာ မဟုတ်ဘဲ အွန်လိုင်းလုပ်မှ ကံတစ်ပါးပါး ကျူးလွန်မိတယ်ဆိုတဲ့ အဖြစ်မျိုး မဖြစ်ရအောင် အင်တာနက်ကို အကျိူးရှိတဲ့ဘက်မှာပဲ တတ်နိုင်သလောက် အသုံးချလိုက် ပါတော့တယ်။

ခံစားချက်များနှင့်

ကျွန်မတို့ရဲ့စိတ်ခံစားချက်တွေ တစ်နေ့ နဲ့ တစ်နေ့ ၊ တစ်ချိန်နဲ့ တစ်ချိန်မတူဘဲ

အတက် ၊ အကျတွေနဲ့ လှိုင်းသဖွယ် ဖြစ်နေတယ်လို့ ဆိုလို့ရပါတယ်။



တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ အဆိုးစိတ်ခံစားချက်တွေဖြစ်တဲ့ ဒေါသ ၊ လောဘ၊ မနာလိုဝန်တိုမှု ၊

ကြောက်ရွံ့ ထိတ်လန့်မှု ၊ ဝမ်းနည်းမှု ၊ စိတ်ဆန္ဒပြင်းပြမှုတွေကို ချုပ်ထိန်း ထားကြရပါတယ်။

ကျွန်မတို့ရဲ့ စိတ်မှာ လက်မခံထားသင့်တဲ့ စိတ်ခံစားချက် တွေကို ဖယ်ထုတ်ထားနိုင်ဖို့

ကြိုးစားရပါတယ်။ တကယ်လို့သာ ကျွန်မတို့က ဒီလို အဆိုး စိတ်ခံစားချက်တွေကို

ကျွန်မတို့ရဲ့စိတ်မှာ ခံစားဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် အဲဒီ မကောင်းဆိုးဝါး

စိတ်ခံစားချက်တွေက အတားအဆီးမဲ့စွာနဲ့ ကျွန်မတို့ရဲ့ အတွေး တွေထဲကို ဝင်ရောက်

စီးဝင်လာပြီး ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပြီးနောက် ကိုယ်ကျန်းမာရေးကိုပါ

အန္တရာယ်ဖြစ်စေပါတော့မယ်။ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာ ထဲကို မကောင်းတဲ့ စိတ်ခံစားချက်တွေက

အတားအဆီးမဲ့ ဝင်ရောက်လာခြင်းကို ခုခံတားဆီးဖို့ လိုပါတယ်။ အကောင်းဖြစ်စေတဲ့

စိတ်ခံစားမှုမျိုးဖြစ်တဲ့ ပျော်ရွှင်ခြင်း ၊ ဝမ်းသာခြင်း ၊ ကြည်နူးခြင်း၊ နှစ်သက်ခြင်း ၊

အေးချမ်းခြင်း စတာတွေဟာ ကျွန်မတို့ရဲ့ကိုယ်ခန္ဓာထဲကို စီးဝင်လာမယ် ဆိုရင်တော့

ကျွန်မတို့ရဲ့စိတ်ကျန်းမာရေး ၊ ရုပ်ကျန်းမာရေးအတွက် ကောင်းမွန်မှာ ဖြစ်ပါတယ်။



ခံစားဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုတွေကို ကျွန်မတို့က ကိုယ်အမူအရာနဲ့

ဖော်ပြ လေ့ရှိကြပါတယ်။

ကျွန်မတို့ ဝမ်းနည်းပူဆွေးနေလျှင် ငိုကြွေးတတ်ကြပြီး ၊ ဒေါသဖြစ်နေလျှင်

အော်ဟစ် လိုက်ကြပါတယ်။

ကြောက်ရွံ့ ထိတ်လန့်နေလျှင်တော့ ကျွန်မတို့က ပုန်းကွယ်ဖို့ ကြိုးစားကြပါတယ်။

စိတ်ခံစားမှုဆိုတာ ဖြစ်လာပြီး အချိန်အတိုင်းအတာ တစ်ခုထိသာ တည်ရှိနေပြီးနောက်

ပျောက်သွားတတ်တာမျိုးပါပဲ။ တစ်သမတ်တည်း ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း၊

ကြောက်ရွံ့ ခြင်း ၊ ဒေါသဖြစ်ခြင်း စတာတွေကို ခံစားနေရတာ မဟုတ်ပါဘူး။ ဘယ်လိုပဲ

ခံစားနေရပါစေ ၊ ကိုယ့်စိတ်မှာ ခံစားနေရတာဖြစ်တာကြောင့် ကိုယ့်မှာသာလျှင်

တာဝန်ရှိနေပြန်ပါတယ်။ တကယ်လို့ ကျွန်မတို့က အိမ်နီးချင်းနဲ့ ပတ်သက်လို့ စိတ်အလိုမကျ၊

ဒေါသထွက်နေတာဆိုရင် အိမ်နီးချင်းကို အပြစ်မတင်ဘဲ ကျွန်မတို့ကိုယ်တိုင် ပြုပြင်

ကြည့်လိုက်ပါမယ်။ ကျွန်မတို့က စိတ်မှာ သတိမထားမိလိုက်ဘဲ ကျွန်မတို့ရဲ့အိမ်နီးချင်းကို

စိတ်အနှောင့်အယှက် ဖြစ်အောင် ၊ စိတ်ကသိကအောက် ဖြစ်အောင် တစ်ခုခု လုပ်ခဲ့မိ

ကောင်းလည်း ရှိနိုင်ပါတယ်။ ကျွန်မတို့က အကြောင်းရင်းခံ ဘာကြောင့်ရယ်

ဆိုတာ မသိရဘဲ အဲဒီ အိမ်နီးချင်းက ခုလောလောဆယ်မှာ ကျွန်မတို့ အပေါ်မှာ

အင်မတန် ဆိုးနေတာမျိုးလည်း ကြုံဖူးကြမှာပါ။ တကယ်လို့ ကျွန်မတို့ရဲ့ စိတ်နှလုံးမှာ

အိမ်နီးချင်းအပေါ်ကို မေတ္တာထားတယ်ဆိုရင် အိမ်နီးချင်းကလည်း ကျွန်မတို့အပေါ်

ဆိုးနေစရာ အကြောင်းမရှိပါဘူး။



မသိစိတ်ရော ၊ သိစိတ်ရောမှာ မှန်သားပြင်ကဲ့သို့ ပြုမူမှုများ ရှိနေပါတယ်။

ကျွန်မတို့က မှန်ရှေ့ မှာရပ်ပြီး ပြုံးနေ မယ်ဆိုရင် မှန်ထဲက

ကျွန်မတို့ရဲ့ ပုံရိပ်ကလည်း ပြုံးနေမှာပဲ ဆိုတာ ကျွန်မတို့ အားလုံး အသိပဲ ဖြစ်ပါတယ်။

ဒီလိုဆိုရင် ကျွန်မတို့ကိုယ်တိုင်ဟာ ကျွန်မတို့ရဲ့ အတွေးတွေ ၊ ပြုမူ

လှုပ်ရှားမှုတွေ ၊ အပြော အဆိုတွေအတွက် တာဝန်ရှိရုံသာမကဘဲ ကျွန်မတို့ ရဲ့ ဘေးပတ်ဝန်းကျင်က

သူများရဲ့ အပြူအမူ ၊ အပြောအဆိုများ အတွက်ပါ တာဝန်ရှိနေပြန်ပါတယ်။ ကျွန်မတို့ကိုယ်တိုင်က

သိမ်မွေ့ နူးညံ့ကာ ယဉ်ကျေးစွာ ဒီဘဝခရီးလမ်းကို လျှောက်မယ် ဆိုရင် ဒီခရီးမှာ

ကျွန်မတို့ ကြုံတွေ့ရတဲ့သူတွေကလည်း ကျွန်မတို့လိုပဲ ယဉ်ကျေး သိမ်မွေ့သော

စိတ်နေစိတ်ထားကောင်းသောသူများ ဖြစ်နေမှာပါပဲ။



အဲဒီတော့ အရင်ဆုံး ကျွန်မတို့ကိုယ်

ကျွန်မတို့ စိတ်နေစိတ်ထားကောင်းတဲ့လူများ အဖြစ်သို့ ရောက်အောင်ပြုပြင် ကြိုးစား

လိုက်ပါတော့မယ်။



ဟနစံ

အပြုံးများနှင့်ဘဝ

ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ ဟာသလေးများ ပြောတတ်တဲ့သူ ၊ သူတစ်ပါးကို
ရယ်မောစေတတ်တဲ့သူမျိုးကို ခင်မင်သူ အလွန်ပေါများတတ်ကြပါတယ်။
ဘဝမှာ အကောင်းကိုပဲ တွေးပြီး ပျော်ရွှင်စွာ ရယ်မောတတ်မယ်ဆိုရင် တစ်နေ့ထက် တစ်နေ့
နေ့စဉ် အချိန်ဇယားတွေနဲ့ လှုပ်ရှားနေရခိုက်မှာ အရင်ကထက် ပိုမို ပျော်ရွှင်လာပြီး လုပ်သမျှလည်း
အောင်မြင်လာတတ်ကြပါတယ်။ ဟုတ်ပါတယ်..အမှန်စင်စစ်မှာတော့ အကောင်းဘက်ကိုပဲတွေးတတ်ပြီး
ရယ်မောပျော်ရွှင် တတ်ခြင်းက ဘဝမှာ အောင်မြင်ခြင်းရဲ့ သော့ချက် ဖြစ်ပါတယ်။
အနည်းဆုံးတော့လူချစ် လူခင်များခြင်းဆိုတာကို ရရှိပါတယ်။

လူတစ်ယောက်ဟာ ကျဉ်းထဲ ကြပ်ထဲရောက်ချိန်မှာ စိတ်ပျက် အားငယ်မှုများ ၊
တုန်လှုပ်ကြောက်ရွံ့များ ဖြစ်တတ်ကြပေမယ့် အဲဒီ စိတ်ခံစားမှုမျိုးက
အခြေအနေတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။

ဟာသဉာဏ်ရှိခြင်းဟာ စိတ်မှာ အဆိုးခံစားရခြင်းကို အောင်နိုင်စေပြီး ဘယ်လို ပြဿနာမျိုးပဲ ဖြစ်ဖြစ်
ကြုံတွေ့နေရစေဦးတော့ ဖြေရှင်း သွားနိုင် ပါတယ်။

နေ့စဉ် နေ့တိုင်းမှာ ပျော်ရွှင်ရဖို့ဆိုတာကို အလေ့အကျင့် တစ်ခု အနေနဲ့ ပြုလုပ်လို့ ရပါတယ်။
ဘဝမှာ ပြောင်းလဲခြင်း အနည်းငယ်ကို စတင်လိုက်တဲ့ အနေနဲ့ အကောင်းဘက်ကိုပဲ ရှာဖွေ
တွေးတောပြီး ရယ်မောတတ်တဲ့ အလေ့အထကို အခြေခံအဖြစ် ပုံမှန်
ပြုလုပ်လိုက်ပါမယ်။ ပျော်ရွှင်ခြင်း အလေ့အထ ဆိုတာက ကျွန်မတို့ ဘဝမှာ ကျွန်မတို့ မြင်ရတဲ့
အရာတွေကို ကြည့်ပုံ ၊ ကြည့်နည်း ဆိုရင်လည်း မမှားပါဘူး။ ဘဝမှာ ကြုံတွေ့သမျှတွေကို
အမှန်အတိုင်း ကြည့်မြင်တတ်ဖို့ အရေးကြီးပြီးတော့ အဲဒီ မြင်တွေ့ရမှု အပေါ်မှာ
ခံစားရတဲ့ စိတ်နေ စိတ်ထားကို အကောင်းဘက်ဖြစ်အောင် မွေးမြူပြီး စိတ်ပိုင်းဆိုင်ရာ
ကျန်းမာရေး ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတိုးတက် ကောင်းမွန်လာစေနိုင်ပါတယ်။

စိတ်မပျော်ရွှင်လျှင် စိတ်ဖိစီးမှုကို ခံစားတတ်ရပါတယ်။ စိတ်ဖိစီးမှု အချိန်ကြာရှည်
ခံစားနေရလျှင် စိတ်ကျခြင်း ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ ကိုဆက်နွယ် ခံစား
လာရပါတယ်။ အကောင်းဘက်ကိုတွေးဖို့ဆိုတာ အလေ့အကျင့် ပြုလုပ်
ယူလို့ ရပါတယ်။ ပြဿနာ တစ်ခုကို ကြုံတွေ့နေရပြီ ဆိုလျှင် ပြဿနာကိုမတွေးဘဲ
ပြဿနာကို ဘယ်လို ဖြေရှင်းမယ်ဆိုတာကိုပဲ တွေးသင့်ပါတယ်။
ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းကိုသာ
အထူး ဂရုပြုသင့်ပါတယ်။ ရယ်မောလိုက်ဖို့ အကျင့်မရှိသေးဘူးဆိုရင် ရယ်ရွှင်ဖွယ်
ဟာသ ကာတွန်းများ ၊ ၀ထ္ထုများကို ဖတ်ရှုနိုင်သလို ဟာသရုပ်ရှင်ကားများ ကိုလည်း ကြည့်ရှုကာ
ရယ်မောခြင်း အလေ့အထကို ပြုလုပ်နိုင်ပါတယ်။ ကျွန်မတို့ကို စိတ်အနှောင့်အယှက်
ဖြစ်စေတဲ့ အရာလေးတွေကိုပင် ဟာသရှုထောင့်မှ ကြည့်ကာ ရယ်မောလိုက်နိုင်ခြင်း အလေ့အထ
ဖြစ်လာနိုင်အောင် မွေးမြူသင့်ပါတယ်။ အဲလိုမျိုး အဆိုးလေးတွေကို ရယ်မော
ပစ်လိုက်နိုင်ပြီဆိုရင် ဘယ်အရာကမှ အဲဒီထက် မဆိုးတော့ပါဘူး။

ဂီတ ဆိုတာကလည်း လူ့စိတ်ကို ကြည်နူးစေတတ်တာကြောင့် သီချင်းနားထောင်ခြင်း ၊
ဂီတမှာ ပျော်ဝင်ခြင်း အလေ့အထရှိတာဟာ စိတ်လက်ပေါ့ပါးစေပါတယ်။ ကျွန်မတို့
နှစ်သက်ရာ စာအုပ်များကို ဖတ်ရှုပြီး တွေးတောခြင်းဖြင့် ကျွန်မတို့ကို အဆိုးများကို
တွေးနေခြင်းမှ လျော့ပါး စေနိုင်ပါတယ်။ သူများအတွက် ကျွန်မတို့ တတ်နိုင်တာ
လေးတွေကို ကူညီပေးတတ်သလို မိမိကိုယ်မိမိ တတ်နိုင်သလောက် ကူညီမယ်
ဆိုရင် ကျွန်မတို့တွေ ပျော်ရွှင်ခြင်း အလေ့အထ ရှိလာမှာပါပဲ။ သူတစ်ပါးအတွက်
ပျော်ရွှင်ပေးလိုက်သလို သူတစ်ပါး ပျော်ရွှင်ခြင်းကိုလည်း မနာလို ဝန်တိုခြင်း မရှိအောင်
ကြိုးစားနေထိုင်သင့်ပါတယ်။ ကျွန်မတို့ ကိုယ်တိုင် မပျော်ရွှင်နေတဲ့ အချိန်မှာ သူတပါး
ပျော်ရွှင်နေတာကို မြင်ရလျှင် စိတ်ထဲမှာ ထိုသူတို့ကို မနှစ်မြို့
သလိုဖြစ်တတ်ပါတယ်။ ထိုသူတို့ ပျော်ရွှင်တာကို ကျွန်မတို့က မနှစ်သက်သလို
ဖြစ်မိမယ့်အစား သူတို့ ပျော်ရွှင်နေခြင်းအတွက် ကျွန်မတို့က သူတို့အတွက် ပျော်ရွှင်ပေးဖို့
ကြိုးစားရပါတယ်။ သူတစ်ပါးကို ပျော်ရွှင်စေနိုင်ရုံတင်မကဘဲ ကျွန်မတို့
ကိုယ်တိုင်လည်း ပျော်ရွှင်လာမှာ ဖြစ်ပါတယ်။ ကျန်းမာရေးကို
ထိခိုက်စေနိုင်သော အကျိုးဆက် ဖြစ်ပေါ်လာစေတဲ့
အဆိုးဘက်ကို တွေးတောခြင်းမှ လျော့နည်း လာစေနိုင်ပါတယ်။ ကျွန်မတို့ အနီးအပါးက
မိတ်ဆွေတွေကလည်း ကျွန်မတို့ ထံမှ ပျော်ရွှင်မှုများ ကူးစက်ကာ ပျော်ရွှင်သော
ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

လူဆိုတာက အပြစ်ကင်းစင် ကောင်းမွန်လှတယ်ဆိုတာ မရှိတတ ်ကြပါဘူး။ ပုထုဇဉ်မို့
အနည်းနဲ့ အများတော့ အမှားအယွင်း ၊ အပြစ်တွေရှိကြမှာပါပဲ။
အရာရာတိုင်းကို သိမြင် တတ်ကျွမ်း တယ်ဆိုတာလည်း မရှိပါဘူး။
ကိုယ်မစွမ်းဆောင်နိုင်တဲ့ အရာတွေလည်း
ရှိနိုင်ပါတယ်။ ကျွန်မတို့ကိုယ် ကျွန်မတို့က ကိုယ့် ပညာရေးနောက်ခံ နယ်ပယ်မဟုတ်တဲ့
နေရာမှာ အသုံးမကျသူ ၊ မသိ မတတ်သူလို့ ကိုယ့်ဘာကိုယ် အပြစ်တင်တဲ့အတွေးတွေ
တွေးနေမယ့်အစား ကျွန်မတို့ တတ်မြောက် တတ်ကျွမ်းတဲ့ အရာတွေအတွက် ကျွန်မတို့ကိုယ်
ကျွန်မတို့ ချီးကျူးလိုက်ပါမယ်။ ကျွန်မတို့ဟာ ကျွန်မတို့ တတ်ကျွမ်းတတ်မြောက်တဲ့
နယ်ပယ်မှာ အသုံးကျသူ ၊ အသုံးဝင်သူ ဖြစ်တာကြောင့် တခြား ကိုယ့်နယ်ပယ်
မဟုတ်တဲ့နေရာတွေမှာ မတတ်ကျွမ်းတာ ကျွန်မတို့ အပြစ်မဟုတ်ပါဘူး။ တတ်မြောက်ထားတယ်
ဆိုရင်တော့ သာလွန် ကောင်းမွန်တာပေ့ါနော်။ ဒီလိုတွေးလိုက်တော့ ကျွန်မတို့ကိုယ်ကျွန်မတို့
အသုံးမကျသူလို့ မမြင်တော့ဘဲ နေထိုင်လို့ကောင်းလာပြီး ပျော်ရွှင်လာပါတယ်။

ယနေ့ခေတ်မှာ နေ့စဉ်ဘဝဆိုတာက မလွယ်လှပါဘူး။ ရုန်းကန် လှုပ်ရှားရတဲ့ ဘဝထဲမှာ
စိတ်ညစ်ငြူးစရာတွေ အနည်းနဲ့ အများဆိုသလို ရှိမှာပါပဲ။ အလုပ်တွေများလို့ သိပ်ကို
စိတ်ညစ်နေပြီဆိုလျှင် ကျွန်မတို့ မိုဘိုင်းလ်ဖုန်းကို ပိတ်ထားလိုက်ပြီး ၊ တီဗွီ ၊ ကွန်ပျူတာ
အင်တာနက် စတာတွေကို ခဏလောက် ပိတ်ထားလိုက်ပြီး အေးဆေး တိတ်ဆိတ်တ ဲ့နေရာလေး
တစ်ခုမှာ လုံလောက်တဲ့ အနားယူမှုများရအောင် နေလိုက်ပါမယ်။
တခဏတာလောက် ကျွန်မတို့ရဲ့ စိတ်ကို ကျွန်မတို့ လွတ်လပ်ခွင့်လေး ပေးထားလိုက်ပါမယ်။
ဒါမှလည်း အနားယူပြီး အလုပ်ပြန်လုပ်တဲ့အခါမှာ စိတ်အာရုံစူးစိုက်နိုင်မှု ကောင်းမွန်မှာ
ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘဝမှာ ကျွန်မတို့ချမှတ် ရည်ရွယ်ထားတဲ့ ပန်းတိုင်တွေကို ရယ်မော
ပျော်ရွှင်ပြီး ရောက်ရှိသွားနိုင်မှာ ဖြစ်ပါတယ်။

ကိုးကား ။ ။ သတင်းစာဆောင်းပါး A Life of Positive Thinking and Laughter

ဟနစံ

လူမှုဆက်ဆံရေး

ကျွန်မတို့ လူသားတွေဟာ တစ်ဦးတစ်ယောက်တည်း နေတာမဟုတ်ဘဲ အသိုင်းအဝိုင်း၊
ပတ်ဝန်းကျင် ၊ လုပ်ငန်းခွင်မှာ လူအမျိုးမျိုးနဲ့ ပတ်သက်ပြောဆို ဆက်ဆံနေရပါတယ်။

လူတစ်ယောက်နှင့်တစ်ယောက် ပြောဆို ဆက်ဆံတဲ့ လူမှုဆက်ဆံရေးမှာ ကိုယ်က ဘယ်လို ပြောဆို ဆက်ဆံလိုက်တယ်၊ သူတစ်ပါးက ကိုယ့်ရဲ့ပြုမူ ဆက်ဆံပုံကို ဘယ်လို တွေးတောတယ်၊ ဘယ်လို ခံစားချက်မျိုး ဖြစ်သွားစေတယ် ဆိုတာ အားလုံး အကျုံးဝင်နေပါတယ်။


ကိုယ်ပေးလိုက်တဲ့ message ကို လက်ခံသူက သူနားလည် သဘောပေါက်တဲ့ အပေါ် မူတည်ပြီး ပြန် reply လုပ်တယ် ဆိုတာက လူမှုဆက်ဆံရေးဖြစ်နေပါတယ်။ လူမှုဆက်ဆံရေးမှာ နည်းအမျိုးမျိုး ရှိနေပါတယ်။

နှုတ်စကားဖြင့် ပြောဆိုတဲ့ လူမှုဆက်ဆံရေး ၊ စာဖြင့် ပြောဆိုတဲ့ လူမှုဆက်ဆံရေး၊ နှုတ်မှ တစ်ခွန်းမှ မထုတ်ဖော်ဘဲ ကိုယ်အမူအယာဖြင့် ပြသတဲ့ လူမှုဆက်ဆံရေး၊ မျက်နှာအမူအယာဖြင့် ပြသတဲ့ လူမှုဆက်ဆံရေး၊ မြင်သာသိလွယ်သော ရုပ်ပုံ ကားချပ်များဖြင့် ပြသတဲ့ လူမှုဆက်ဆံရေး စသည်ဖြင့် အမျိုးမျိုးရှိနေပါတယ်။

မျက်နှာချင်းဆိုင် အပြန်အလှန် စကားပြောခြင်းဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ပြောဆိုခြင်းဖြင့်ဖြစ်စေ ၊ အင်တာနက်မှာ အသံနဲ့ ပြောဆိုခြင်းဖြင့် ဖြစ်စေ ပြောဆိုခြင်းများ အားလုံးက နှုတ်စကားဖြင့် ပြောဆိုတဲ့ လူမှုဆက်ဆံရေး ဖြစ်ပါတယ်။ဒီလိုပြောဆိုတဲ့အခါမှာ ပြောဆိုတဲ့ အကြောင်းအရာတွေပေါ်မှာ မူတည်လို့ လူ့စကားသံ အနိမ့် ၊ အမြင့် ၊ စကားပြော မြန်ဆန်မှု ၊ လေးမှု တွေကွာခြားသွားပါတယ်။

စာဖြင့် ပြောဆိုတဲ့ လူမှုဆက်ဆံရေးကတော့ စာတိုက်မှစာပေးပို့ခြင်း၊ အင်တာနက်မှ အီးမေးလ်ပေးပို့ခြင်း စသည်တို့ဖြစ်ပြီး စာရေးတဲ့အခါမှာ သုံးထားတဲ့ ဝေါဟာရ၊ သဒ္ဒါ ၊ ဝါကျ ရှင်းလင်းမှု တို့ကလည်း စာရေးသူရဲ့ လတ်တလော စိတ်ခံစားချက်နဲ့ အကျုံးဝင်ပါတယ်။

ကိုယ်အမူအယာ လူမှုဆက်ဆံရေးကတော့ စကားတစ်ခွန်းမှမပြောဘဲ ဖြစ်စေ ၊ စကားပြောနေစဉ်ဖြစ်စေ လူတစ်ယောက်ရဲ့ ကိုယ်အမူအယာ ၊ လှုပ်ရှားမှု၊ ကိုယ်နေဟန်ထား၊ ခြေဟန် လက်ဟန်၊ မျက်နှာအမူအယာတို့ ဖြစ်ကြပါတယ်။ မျက်နှာအမူအယာဖြင့် ခံစားချက်ကို ဖော်ပြတာဟာ လူမှုဆက်ဆံရေးမှာ အရေးကြီးဆုံး အဓိကကျတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။မျက်လုံးလေးတစ်ခု၊ အပြုံးလေးတစ်ချက်ကပဲ လူတစ်ယောက်ရဲ့ လတ်တလောဖြစ်နေတဲ့ စိတ်ခံစားချက်ကို ဖော်ပြနိုင်စွမ်းရှိပါတယ်။

လုပ်ငန်းခွင် အစည်းအဝေးများ ၊ စီပွားရေးကိစ္စများ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုများမှာ formal communication, official communication ပုံစံကို အသုံးပြုကြပြီး စည်းကမ်းဥပဒေများ ပါဝင်နေပါတယ်။ တစ်ရံခါမှာ မတွေ့ဆုံးဖူးတဲ့ သူစိမ်း နှစ်ဦး ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံမှုကလည်း formal communication ထဲမှာ အကျုံးဝင်နေ ပြန်ပါတယ်။


မိတ်ဆွေ သူငယ်ချင်းများ၊ မိသားစုဝင်များ နဲ့ပြောဆို ဆက်ဆံခြင်းက informal communication ဖြစ်ပါတယ်။ ဒီလူမှုဆက်ဆံရေးမှာ စည်းမျဉ်း ဥပဒေတွေ မပါဝင်သလို အချိန်ကန့်သတ်ချက်၊ နေရာကန့်သတ်ချက်၊ ပြောဆိုတဲ့ အကြောင်းအရာ ကန့်သတ်ချက်တွေ မပါဝင်ပါဘူး။ ချစ်ခင်သူများနဲ့ စကားပြောဆိုတဲ့အခါမှာ ရင်းနှီးပွင့်လင်းပြီး အကြောင်းအရာမျိုးစုံဖြစ်နိုင်ပြီး ပြောဆိုတဲ့အခါမှာ စိတ်လွတ်လပ်ပေါ့ပါးပါတယ်။

လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစွာ ပြောဆို ဆက်ဆံ တတ်တာဟာလည်း ဘဝမှာ ပိုင်ဆိုင်တဲ့ အရည်အသွေး တစ်ခုပဲဖြစ်ပါတယ်။

(သတင်းစာဆောင်းပါးတို Types of Communication ကိုမှီငြမ်းပါသည်။)

ဟနစံ